သမီးနဲ့မေမေတို့မိသားစုကို တစ်စိတ်တစ်ကွဲစီ လုပ်လိုက်တဲ့ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကြီးကို မုန်းနေပြီးလား ( သို့) ကြောက်လန့်တုန်လှုပ်ပြီးလား။ ၈၈- အရေးအခင်းမှာ လူတွေရဲ့ အသက်ကို စတေးရ၊ အနာဂတ်မဲ့သော ရာသက်ပန် ထောင်နန်းစံဘဝကို ရောက်ကြရနဲ့ အသိဥာဏ်အရှိဆုံးလို့ သတ်မှတ်ခံရတဲ့လူဆိုတာ တိရိစ္ဆာန်တွေ လောက်တောင် လွတ်လပ်ခွင့်မရှိပါလားလို့ တွေးမိတယ်။
တိရစ္ဆာန်တွေမှာ တစ်ကောင်နဲ့ တစ်ကောင် နိုင်ထက်စီနင်း လုပ်ချင် လုပ်မယ်။ သို့သော် တစ်ကောင်နဲ့ တစ်ကောင်း ထောင်ချ ၊ ညှဉ်းပန်း နှိပ်စက်တာတော့ မရှိဘူးပေါ့။ သမီးဖေဖေလည်း သူ့ယုံကြည်ချက်နဲ့
ထောင်နန်းစံဘဝကို ရောက်သွားတယ်သမီး။
အာဏာပိုင်တွေက ဘယ်လောက်ပင် ချုပ်ရှယ်သော်လည်း ယုံကြည်ချက် ရှိတဲ့သူတွေက သူတို့ရဲ့ ယုံကြည်ချက်ကို နောက်မဆုတ်ပဲ ဒီမိုကရေစီ ရရှိရေးနဲ့ တိုင်ရင်းသား စည်းလုံးညီညွတ်ရေးကို တစိုက်မက်မက် တောင်းဆိုလာကြတယ်။
ဗုဒ္ဓဘာသာတိုင်းပြည်ဆိုပေမယ့် သူတို့ရဲ့လုပ်ရပ်တွေဟာ အာဏာရှင် ဆန်လွန်းပါတယ်။ ဗုဒ္ဓဘာသာ အမြင်အရ အစိုးရမင်းဆိုတာ တရားမျှမျှတတ ရှိရမယ်၊ အာဏာကို အလွဲသုံးစား လုပ်ပိုင်ခွင့် မရှိပါဘူး။ မြတ်စွာဘုရား ကိုယ်တိုင်လည်း “သံဃာ့အား ဘုရားအလွန်ဆန်သာ” ဆိုသကဲ့သို့ အကြောင်းကိစ္စ ပေါ်မှသာ သံဃာ့ ဥပဒေလို့ခေါ်တဲ့ ဝိနည်း သိက္ခာပုဒ်တွေ ပညတ်တယ်သမီး။
၁၅-ရက်တကြိမ် ပါတိမောက်ပြနေ့မှာ သံဃာ့ဆန္ဒခံယူပြီး ပြစ်ဒဏ်ရှိသော ရဟန်းများကို အပြစ်ကြီးရင် ကြီးသလို ၊ အပြစ်သေးရင် သေးသလို သံဃာ့ဆန္ဒဖြင့်ပဲ ဆောင်ရွက်လေ့ရှိတယ်။
ကမ္ဘာဦးကတည်းက တိုင်းပြည် အုပ်ချုပ်တဲ့ မင်းဆိုတာ ခုခေတ် မြန်မာပြည်မှာလို တစ်ဗိုလ်ဆင်း၊ တစ်ဗိုလ်တက် စနစ်မဟုတ်ဘူး။ ပြည်သူ ပြည်သားတွေကပဲ သင့်တင့်တဲ့လူကို ရွေးချယ် တင်မြောက်ရတာသမီး။ တကယ်လို့ တိုင်ပြည် အုပ်ချုပ်တဲ့မင်းဟာ လူမှုရေး၊ စီးပွားရေး ၊ ကိုယ်ကျင့်တရား ပျက်ပြားလာရင် တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်ဖို့အတွက် ပြန်လည်
ရွေးချယ်တင် မြှောက်ရတယ်သမီး။
မြတ်စွာဘုရား ဒေသနာတော်တွေမှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများ လိုက်နာကျင့်သုံးဖို့ မင်းကျင့်တရား (၁၀) ပါး၊ ဆုတ်ယုတ်မှုကို ဟန့်တားဖို့ အပရိဟာနိယတရား ၇-ပါး၊ သင်္ဂဟတရား ၄-ပါး၊ နာယကဂုဏ် ၆-ပါး စသည့်တို့ လမ်းညွှန်ချက်များလည်း လေ့လာတွေ့ရှိရတယ်။ သမီးလေး ဗဟုသုတ အလိုငှာ ဒီစာထဲမှာ မင်းကျင့်တရား (၁၀) ပါးကို ပြောပြမယ်နော်..။
မြတ်ဗုဒ္ဓရဲ့ မင်းများအတွက် ဒီလက်ညွှန်ချက်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ပေမယ့် ယခုခေတ်အထိ အုပ်ချုပ်သူများရဲ့ စံထားရတဲ့ စည်းကမ်း ဥပဒေကြီးပဲ။
မင်းကျင့်တရား ၁၀ ပါးကတော့
၁။ အလှူပေးခြင်း၊ (ဒါန)
၂။ ငါးပါးသီလ ဆောက်တည်ခြင်း၊ (သီလ)
၃။ ပေးကမ်း စွန့်ကြဲခြင်း၊ (ပရိစာဂ)
၎။ ဖြောင့်မတ်မှန်စွာကျင့်ခြင်း၊ ( အဇ္ဖဝ၊ သမ္မာပဋိပန္န )
၅။ ကိုယ်နှုတ် နူးညံ သိမ်မွေ့ ခြင်း၊ ( မဒ္ဒဝ၊ မုဒုက)
၆။ တပ- ခြိုခြံခြင်း ၊တချို့ကျမ်းများမှာ…အခါအားလျှော်စွာ ရှစ်ပါးသီလစောင့်ခြင်း၊ (၊ဥပေါသထ)
၇။ အမျက်မထွက်ခြင်း၊ (အက္ကောဓ)
၈။ ရဟန်းရှင်လူပြည်သူတို့ကို မညှင်းဆဲခြင်း၊ (အ၀ိဟိံသန)
၉။ သည်းခံခြင်း၊ (ခန္တီ)
၁၀။ ရဟန်းရှင်လူ ပြည်သူတို့နှင့် မဆန့် ကျင်ခြင်း။ (၀ိရောဓ) ဖြစ်တယ်သမီး။
အသေးစိတ်ထပ်ရှင်းပြဦးမယ်နော်။
၁) ဒါန- တိုင်းပြည်အုပ်ချုပ်တဲ့သူဟာ ပြည်သူပြည်သားများရဲ့ မိခင်ပဲလေ ၊ ဒါကြောင့် ပြည်သူများ လိုအပ်တာကို ပေးကမ်းနိုင်ရမယ်၊ ကူညီနိုင်ရမယ်။ ခုခေတ်စကားနှင့် ပြောရရင်တော့ တိုင်းပြည် စီးပွားရေး ကောင်းမွန်အောင် လုပ်ရမယ်ပေါ့။
၂) သီလ= ဗုဒ္ဓက လူသားများအတွက် လူ့စည်ကမ်းအဖြစ် အခြေခံ ငါးပါးသီးကို လူ့စည်ကမ်း အဖြစ် သတ်မှတ်ခဲ့တယ်လေ၊ သမီးလေး ငါးပါးသီလ သိတယ်နော်။ အုပ်ချုပ်သူများကလည်း ဒီငါးပါကိုပဲ လိုက်နာရမယ်။ အကယ်၍ အုပ်ချုပ်သူများက ကိုယ်ကျင့်သီလ ဖောက်ပြန်ရင် ၊ ဝန်ထမ်းများလည်း ဖောက်ပြန်ပြီပေါ့ ၊ ဒီတော့ တိုင်ပြည်ဟာ ကံကြမ္မာဆိုနဲ့ ရင်ဆိုင်ရတာပေါ့။
၃) ပရိစ္စာဂ- ကတော့ ဒါနဆိုတဲ့ ပထမ စည်းကမ်းနဲ့ ယေဘယျတူတယ်၊ အဓိပ္ပါယ်ကတာ့ ကိုယ့်အကျိုးနဲ့ ကိုယ်အသက်ကို မငဲ့ကွက်ပဲ အကြောင်းတိုက်ဆိုင်လာလျှင် ကိုယ်ကျိုးစွန့်ပေးကမ်းခြင်း မျိုးဖြစ်တယ်။ ဇာတ်တော်တွေမှာ ထင်းရှားတာကတော့ ၊ ဘုရားအလောင်း မျောက်မင်းရဲ့ လမ်းမှားနေတဲ့ မုဆိုးကို အသက်ပေး၍ ကယ်တင်ခြင်းမျိုးနဲ့၊ သုမေဓာ ရှင်ရသေ့ရဲ့ အသက်နဲ့ခန္ဓာကိုယ် စတေး၍ သတ္တဝါများအတွက် ပေးဆပ်ခြင်းဟာ ပရိစ္စာဂပါပဲသမီး။
၎) စိတ်ထားဖြောင့်မတ်ခြင်းဆိုတာ .. အုပ်ချုပ်သူများဟာ ပြည့်သူတာဝန် ထမ်းဆောင်ရာတွင် ဖောက်ပြန်မှု၊ အလွဲသုံးစားလုပ်မှုတွေ ကင်းရမယ်၊ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရာမှာလည်း ဖြောင့်မတ်ရိုးသား ရမယ်။ ဒါကြောင့် မြန်မာစကားပုံမှာ “ လူမှာကတိ မင်းမှာသစ္စာ” လိုဆိုထားတယ်။ မင်းမှာ ကတိသစ္စာ တည်းဖို့လိုတယ်။ ပြည်သူတွေအပေါ် လိမ်လည်မှု၊ ကတိတရား ပျက်ကွက်မှု၊ အလုပ်တာဝန်ပျက်ကွက်မှုတွေဟာ ဖောက်ပြန်ခြင်းတွေပဲ၊ ဒါတွေ ကင်းရင် စိတ်ထားဖြောင့်မတ်တဲ့ မင်းတပါး ဖြစ်သွားပြီးသမီး။
၅) ကိုယ်နုတ် နှုးညံ သိမ်မွေ့ရမယ်ဆိုတာ.. ပြည်သူလူထု အကျိုးအတွက် အမြဲတမ်းလိုလို စိုးရိပ်ကြောင့်ကြ စိတ်ရှိနေရမယ်။ မိမိကိုယ်ကျိုးကို တောင်းဆိုမှု အလွန်နည်းပါးပြီး ပြည့်သူများလိုအပ်ချက်ကို တာဝန်ယူလိုစိတ်ရှိရမယ်။ လွယ်လွယ်ပြောရင်တော့ အားနည်းသူကို အားပေးတတ်တဲ့ မင်းတပါး ဖြစ်ရမယ်ပေါ့။
၆) ခြိုးခြံချွေတာခြင်းဆိုတာ..။ အုပ်ချုပ်သူဆိုတာ စိတ်ကို အလိုလိုက်ပြီး စိတ်ထင်တိုင်းကျဲတဲ့ လူမဖြစ်ရဘူး၊ မိမိကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းကျင့်တတ်ရမယ်သမီး။
၇) ဒေါသနည်းပါးခြင်း ၈) အကြမ်းမဖက်ခြင်း ၉) သည်းခံခြင်းတရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်သမီး။ အုပ်ချုပ်သူ .အင်အားကြီးသူတို့ရဲ့ ဒေါသကြောင့် ပြည်သူများ စိတ်မချမ်းသာစရာများ ဖြစ်ပေါ်လာနိုင်တယ်။ ဒါကြောင့် အုပ်ချုပ်သူဆိုတာ မိမိတို့ရဲ ပုဂ္ဂိုလ်ရေး ဆိုင်ရာဒေါသကို မပေါက်ကွဲအောင် ထိမ်းသိမ်ရမယ်။ ချွတ်ယွင်းချက်များနဲ့ ရန်စမှုများကို ကြောင်း/ ကျိုးဆင်ခြကာ စစ်မှန်သော သည်းခံမှု မျိုးရှိရမယ်။ အကြမ်းဖက်မှုဟာ ဗုဒ္ဓတရားတော်နှင့် ဆန်ကျင့်ဘက်ပဲ၊ ရာဇောဝါဒ ဇာတ်တော်အရဆိုရင်
ဒေါသကြီးသူကို မေတ္တာနဲ့ အနိုင်ယူလို့ ဗုဒ္ဓကိုယ်တော်တိုင်း လမ်ညွှန်ထားတယ်။
၁၀) ပြည်သူတို့ရဲ့ဆန္ဒကို မဆန့်ကျင်ရဆိုတာ.. ခုခေတ် ပြည်သူများ
တောင်ဆိုနေကြတဲ့ စစ်မှန်သော တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရမယ်ဆိုတာကို မီးမောင်းထိုးပြထာပဲ။ ဒါကြောင့် ခုခေတ်တိုင်းပြည်များမှာ တောင်းဆိုနေတဲ့ ဒီမိုကရေစီ စနစ်ဆိုတာ ဗုဒ္ဓလက်ထက်ကတည်းက ကျင့်သုံးနေတာပဲ သမီး။ နောက်ပိုင်းမှာ အာဏာရှင်များ မင်းဖြစ်လာလို့ ဒီတရားတွေ ပျောက်ကုန်တာပေါ့။ ဗုဒ္ဓရဲ့ ဇာတ်တော်တွေမှာလည်း ပြည်သူ့ဆန္ဒနဲ့ မကိုက်ညီတဲ့ မင်းတွေ တိုင်းပြည်မှ ထွက်ခွါပေးရတဲ့ ဇာတ်ဝတ္ထုတွေ အများကြီးပါပဲ။
လူသားစားတဲ့ ပေါရိသာဒမင်းလည်း ဇာတ်တူသားစာသော အကျင့်ကို စွန့်လွှတ်ရန် ပြည်သူတွေက တောင်းဆိုသဖြင့် တိုင်ပြည်မှာ ထွက်ခွါပေးရပါတယ်။
ပေးကမ်း စွန့်ကြဲခြင်းမှာ ရက်ရောတဲ့ ဘုရားလောင်း ဝေဿန္တရာမင်းကြီးလည်း ပြည်သူလူထုရဲ့ ဆန္ဒမပါပဲ နိုင်ငံတော်ပိုင် ဆင်ဖြူတော်ကို လှူဒါန်းလိုက်လို့ ပြည်နှင်ဒဏ် ပေးခြင်းခံရပါတယ်။
ဒါတွေကတော့ အုပ်ချုပ်သူ လူတန်းစားများ သိထိုက်တဲ့ မင်းကျင့်တရား ( ၁၀) ပါးပဲ။ တိုင်းပြည်အုပ်ချုပ်တဲ့သူ ကောင်း/မကောင်းကို သူပြော ငါပြော မယုံပဲ သမီးကိုယ်တိုင် ဒီမင်းကျင့်တရား
( ၁၀)ပါးနဲ့ပဲတိုင်းတာ ကြည့်ပေတော့
(ဆက်ရန် ၁၄)

No comments:
Post a Comment