Friday, September 14, 2012

သမီးလေးအတွက် ဒိုင်ယာရီ.. (၁၀)


သမီး.. ပြီးခဲ့တဲ့ စာတုန်းက သတင်းကျွတ်လ မီးထွန်းပွဲတော် ၊ သက်ကြီးပူဇော်ပွဲ ၊ ဒီနှစ်တော့ အပိုဆောင်းလို့ ခင်ပွန်းကြီးဆယ်ပါး ပူဇော်ပွဲ ရွာမှာ လုပ်ကြမယ်လို့ ပြောခဲ့တယ်နော်။

မီးထွန်းပွဲကြီးလည်း စည်းစည်းကားကားပြီးသွားတယ်သမီး။ ရွာဦးကျောင်း စေတီရင်ပြင်မှာ ဆီမီး တစ်ထောင် အပြည့်ထွန်း၍ တစ်ရွားလုံးလည်း ထိန်ထိန်လင်းပါပဲ။ သမီးရဲ့ ဒေါ်လေး အေးကြိုင်တို့က ညလုံးပေါက် မီးစက်ထွန်းပြီး အလင်းရောင်လှူဒါန်းသတဲ့လေ။

ဆရာတော်ဘုရားက သက်ကြီးရွယ်အို မိဘတွေကို ကန်တော့ရခြင်း ရည်ရွယ်ချက်ကို ဟောတဲ့အခါမှာ ပုထုဇဉ်အရ ပြစ်မှားမိတဲ့ အတိတ်ကဖြစ်ရပ်တွေကို  တောင်းပန် ၊ ကန်တော့ကြဖို့နဲ့၊  ကန်တော့ခံ မိဘ၊ ဘိုးဘွားများကလည်း မိမိတို့ရဲ့ သမီးတွေအပေါ် သည်းခံ၊ ခွင့်လွတ်ကြဖို့၊ ဒါမှသာ အနာဂတ်ခရီးလမ်းဟာ  သာသာယာယာ ကောင်းမွန်နိုင်မယ်လို့ ဟောတယ်သမီး။

တစ်ယောက်သော သူကို ခွင့်လွတ်ဖို့ အတိတ်က အကြောင်းတွေကို  ပြန်ကြည့်တယ်အခါ  မေမေရဲ့ အသိစိတ်ထဲမှာ ပေါ်လာတာက သမီးရယ်၊ သမီးရဲ့ဖေဖရယ်ပဲ မေမေရဲ့ အဖြစ်အပျက်တွေရယ်ပေါ့ကွယ်။

အရင်တုန်းကတော့ အတိတ်က အကြောင်းတွေ မစဉ်စားခင်ကတော့  ဘာမှ မဖြစ်သလိုနဲ့၊ အအေးခန်းထဲ ထည့်ထားတဲ့ စာစရာ တစ်ခုလိုပါပဲလား။  အအေးခန်းထဲကို ကြာကြာထည့်ထားတဲ့ စားစရာ တစ်ခုကို ထုတ်လိုက်ရင် ဘယ်လိုဖြစ်နေတယ် ဆိုတာ သမီးသိပါတယ်။

ဒီစားစရာဟာ အုဋ္ဌ်ခဲတစ်လုံးလို မာနေမယ်။ အနံ့မရှိ၊ အရသာမရှိ အပေါ်ရံ ရေခဲလွှာပါးပါးလေးက အုပ်နေမယ်။ ဒါပေမယ့် အဲဒီ ရေခဲတုန်း အပူးပေးလိုက်တာနဲ့ သူရဲ့နဂိုပုံစံ အရောင်ပြန်ပေါ်လာမယ်။ သူ့ရဲ့ ရနံ့က စားဖိုဆောင်တစ်ခုလုံးကို လွှမ်းသွားမယ်။

ဒီလိုပဲပေါ့ကွယ် စိတ်ဆင်းရဲ စရာကောင်းတဲ့ အမှတ်တရဖြစ်ရပ်တွေဟာ တစ်ဦးတစ်ယောက်ရဲ့ စိတ်ထဲကို မရေမတွေက်နိုင်အောင် နှစ်ပေါင်းများစွာ ၊ ဆယ်စုနှစ်ပေါင်းများစွာ၊ ဘဝတစ်လျှောက်လုံး ကိန်းအောင်းနေ တတ်တယ်သမီး။
 တစ်ချိန်သောအခါမှာ အမှတ်တရဖြစ်ရပ်တွေ ပြန်သတိရလာရော၊ ဒီဖြစ်ရပ်တွေနဲ့ တွဲနေတဲ့ ဝေဒနာဟောင်းတွေ ပြန်ကြွလာရော၊ ဒီဝေဒနာ ဘယ်လောက် ပြင်းထန်သလဲဆိုရင် အဲဒီ ဖြစ်ရပ်ဖြစ်စဉ်က အတိုင်း အလူးအလဲခံစားတယ်လေ။

အဲဒီဝေဒနာတွေက မေမေရဲ့အကြောင်း မေမေကြီးရဲ့ ကံကြမ္မာလှည့်ကွက်ဆန်း ဇာတ်လမ်း ပြန်ခင်းပြသလိုပါပဲကွယ်။

 ဇာတ်လမ်းဆိုတာ အစနေ ပြောတာကောင်းတယ်။

ဇာတ်လမ်းအစကတော့ မေမေကြီးရဲ့ ငယ်ဘဝပေါ့။ ပြီးတော့ မေမေရဲ့  ထူးခြားတဲ့ သီးခြားကမ္ဘာကျဉ်းလေးပေါ့။

မေမေတို့ခေတ်က   အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စဉ်စားကြတဲ့အခါ ဥာဏ်ရည် ထက်မြက်တဲ့ မိန်းကလေးကို မစဉ်းစားကြဘူး။ ဥာဏ်ရည်ထက်မြတ်ခြင်းဟာ မိန်းကလေးအတွက် အနုတ်လက္ခဏာပဲ၊ ဇနီးမယားဆိုတာ သားမွေးဖို့၊ သစ္စာစောင့်သိဖို့၊ လင်ယောက်ျားကို ချစ်မြတ်နိုးတတ်ဖို့ပဲလိုတယ်။  ဒီထက် အရည်အချင်း ပိုမလိုဖူးလို့ အစဉ်အလာ ( သို့) ဓလေ့လိုဖြစ်နေတယ်။ 

ထက်ထက်မြက်မြက်ရှိတယ်။ စူးစမ်းလေ့လာတတ်တယ်၊ လှုပ်လှုပ်ရှားရှား နေတတ်တယ်ဆိုတဲ့ မိန်မတစ်ယောက်ကို ဘယ်ယောက်ျားလေးမှ မကြိုက်ကြဘူး၊ မေမေငယ်စဉ်က သီးခြား တစ်ကိုယ်တည်း ဖြစ်နေသလဲဆိုတာ အဲဒီ ရှေးရိုးအစဉ်အလာတွေက မီးမောင်းထိုးပြနေတယ်သမီး။

အမှန်အတိုင်း ပြောရရင် မေမေက ရုပ်သိပ်မဆိုးပါဘူး။ မိဘက အသင့်အတင့် ချမ်းသာကြွယ်ဝတယ်၊ ဒီတော့ မေမေ့ အသက် ဆယ့်ရှစ်နှစ်နဲ့ နှစ်ဆယ်အတွင်းမှာ  ချစ်သူဝိုင်းဝိုင်းလည်နေတာပေါ့၊ ဒါပေမဲ့ စကား စမြည်ပြောကြတဲ့အခါ  မေမေက ကိုယ့်ယုံကြည်ချက်နဲ့ နေတတ်တယ်၊ စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်တယ် ၊ ဟန်မဆောင်တတ်ဘူးဆိုတာ  သိသွားတော့ ကိုယ်တော်ချော များလည်   နောက်တစ်ခါ ပေါ်မလာတော့။   မေမေပဲ.. အချစ်ကံ မကောင်းဘူးလို့ပဲ ပြောရမလား ၊ သို့မဟုတ် ကံကောင်းပြီး အကြောင်းမလှချင်လို့ပဲ ပြောရမလား..။ ဒီလို ပတ်ဝန်ကျင်မှာ ကြီးပြင်းလာရတဲ့ မေမေဟာ  စိတ်ရင်းသန့်သန့်ပဲ ဘဝကိုရှင်သန်နေ့ခဲတယ်။ မေမေရဲ့ အဲဒီပင်ကိုယ်စိတ်ရင်းက မိန်းမမာယာလို့ လူပြောများတဲ့ လိမ်လယ် လှည့်ဖြားခြင်းကို လက်မခံနိုင်ဘူးသမီး။

သိတဲ့အတိုင်းပဲ ၊အထက်တန်းကျောင်းပြီးသွားချိန်မှာ မေမေရဲ့ ပညာရေးက ရပ်သွားတယ်။ ဖေဖေက ကျောင်းဆက်တက်ခွင့် မပေးတော့ဘူးလေ၊ ဖေဖေရဲ့ ဆုံးဖြတ်ချက်ကို မေမေလုံးဝ မကျေးနပ်ခဲ့ဘူး၊ သို့သော်လည်း မိန်ကလေးဆိုတော့ ဘာမှ လျှောက်လဲခွင့်မရှိဘူးလေ။ ဒါကြောင့် မေမေကြီး ပညာကို ငန်းငန်းတက်လိုချင်ခဲ့တယ်။ 

ကျောင်းမှာ တခြားမိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ မေမေက သီးခြားကမ္ဘာက ဂြိုဟ်သား တစ်ယောက်လို ဖြစ်နေတတ်တယ်။ 

သူတို့နဲ့ မေမေ ကွားခြားတာကတော့ မိန်းမမယာလို့ခေါ်တဲ့ ပရိယာယ်ပေါ့၊ သူတို့မှာ မာယာပရိယယ်တွေ ပြည့်စုံတယ်။  မေမေမှာ ဘာမှမရှိဘူး၊ သူတို့က ယောက်ျားတွေဟာ ‘မ’ နဲ့ပတ်သတ် လာရင် အရမ်း ပျောညံ့ကြတယ်၊ သူတို့လှည့်စား သလိုခံကြရတဲ့ သတ္တဝါတွေလို့ ခံယူထားကြတယ်။  ဘယ်လို ယောက်ျားမျိုးကို ဘယ်လို မက်လုံးပေးပြီး ဘယ်လို ချုပ်ကိုင်ရမယ်ဆိုတာ သူတို့ ကောင်းကောင်း သိကြတယ်။

 မေမေကတော့ ဒါတွေ အတော်နှောင်းမှ သိနားလည်လာတယ်။ တချို့မိန်းကလေးတွေဆို ဒါတွေကို ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်သမီး အရွယ်ကတည်းက နာလည်နေကြပြီသမီး။ သူတို့က
 ကောင်လေးတွေကို ငြင်းပယ်တယ်၊ လက်ခံတယ်။ လေသံလေးကို တိုးတိုးကလေး တစ်ဖုံ၊ ကျယ်ကျယ်လေး တစ်မျိုး၊ လိုချင်သလို လုပ်ပြီး ပြောတတ်တယ်။ ကောင်လေးတွေနဲ့ ချိန်းတယ်၊ ပြီးတော့ မသွားပဲ
 နေချင်နေတယ်၊ ဒါမှ မဟုတ် အချိန်ကြာကြီးမှ သွားချင်သွားတယ် စတာတွေပေါ့၊ မေမေကတော့ ကိုယ့်ပတ်ဝန်ကျင်မှာ ဘာဖြစ်နေ မှန်းတောင် မသိပါဘူး။

သမီးလေးစိတ်ထဲမှာ ထူးဆန်းလိုက်တာလို့ ထင်မယ်နော်..။ ဒါပေမယ့် မေမေမှာ သစ္စာစောင့်သိစိတ် ရှိပါသေးတယ်။   ဆိုလိုတာက ယောက်ျားတွေကို ကစားစရာ အရုပ်လို သဘောမထားချင်ဘူး။

 တစ်နေ့မှာတော့ မေမေနဲ့ ညဥ့်နက် သန်းခေါင်အထိ မမောနိုင် ၊ မပန်းနိုင် စကားထိုင်ပြောနေလို့ ရမယ့် ယောက်ျားလေး တစ်ယောက်တော့ တွေ့မှာပဲလို့ မေမေကြီး ယုံကြည်ထားတယ်။ တို့နှစ်ယောက်အတူ စကားပြောကြရင်းနဲ့ အမြင်တွေ၊ အယူအဆတွေ ဖလှယ်နိုင်မယ်။ ပြီးတော့ တစ်ယောက်နှင့်တစ်ယောက် ခံစားခံချက်တွေ တူညီပါလားလို့ သဘောပေါက်လာမယ်။
 အဲဒီအခါကျမှ ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာမယ်။ဒါမှ ခင်မင်းရင်းနှီးမှု
 အပေါ် အခြေခံတဲ့ ချစ်ခြင်းမေတ္တာ၊ အပြန်အလှန် လေးစားမှု အပေါ် အခြေခံတဲ့ ချစ်ခြင်း မေတ္တာ၊ လိမ်လည်လှည့်စားမှုမရှိ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာလို့ မေမေယုံကြည်တယ် သမီး။

 များသေားအားဖြင့် မေမေကို ချဉ်းကပ်တဲ့ ယောက်ျားတွေ က ဒီလိုခံယူချက်မျိုး မရှိ။ သူတို့က အချစ် ဈေးဝယ်သလို တန်ရာတန်ကျေး ပေးဝယ်ချင်ကြတယ်၊ ပျော်ရွှင်ခြင်းရဲ့ မြူးတူးရာလို့လည်း ထင်တက်ကြတယ်။ ကုန်ကုန် ပြောရရင် သူတို့ရဲ့ အချစ် နားနည်းမှုမှာ  နှစ်ဦးသားပေါင်းဆုံးခြင်းလို့သာ ခံယူထားကြတော့  နောက်ဆုံး ငှက်ပျောက် ကြက်ပျောက် ပျောက်ကုန် ကြတယ်။ မေမေးလည်း ကြာလာတော့“ ရှေးရိုးကြီး” ဆိုတဲ့ နာမည်တလုံး ထပ်ရလာတယ်သမီး။

 မေမေမှာ မိန်းကလေး အပေါင်းအသင်းတွေရှိပါတယ်။ ဒါပေမဲ့ သူတို့နဲ့ မေမေရဲ့ ဆက်ဆံရေးက တစ်ဖက်သက် ဆက်ဆံရေး ဖြစ်နေတယ်။ သူတို့က ချစ်ရေးချစ်ရာတွေကို ရင်ဖွင့်ဖိုသက်သက် ‘ နုတ်လုံသူ’ အဖြစ်သက်သက်သာ မေမေကို အပေါင်းအသင်းလုပ်တာ။ သူတို့တတွေ တစ်ယောက်ပြီး တစ်ယောက် အိမ်ထောင်ပြုသွားကြတယ်။  မေမေလည်း သီတင်းကျွတ်တိုင်း သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်ပဲ သွားနေရတယ်လေ။  နောက်တော့ တစ်ယောက်ပြီး တစ်ယောက် ကလေးတွေမွေးကြတယ်။ ဒီတော့ မေမေကတော့ ဒေါ်ဒေါ် ၊ အပျိုကြီးပေါ့။

အစောပိုင်းကတော့ တစ်ကိုယ်တော် အပျိုးကြီး ဘဝကို မေမေ သိပ် သဘောကျ နှစ်သက်ခဲ့တယ်၊ ဘာလို့လဲသိလား? တခြား အိမ်ထောင် သည် မိန်းမတွေနဲ့စာရင် အချိန်တွေပိုရတယ်။ လွတ်လွတ်လပ်လပ် ရှိတယ်လို့ ခံစားရတယ်။  အလယ်တန်းပြ ဆရာမလစားနဲ့
 အေးအေးဆေးဆေး ကိုယ့်ဘာသာ ကြိုက်သလို သုံးခွင့် ရှိတယ်လို့ ထင်ခဲ့မိတယ်။  ကြာတော့လည်း ဒီလွတ်လပ်မှုနဲ့ ပျော်ရွှင်မှုဟာ တဖြည်ဖြည်နဲ့ အတုအယောင်တွေလို ဖြစ်လာတယ်။ အတင်းအကျပ် ဖန်တီတဲ့ သဘော သက်ရောက်လာတယ်။ ဒါကြောင့် အပျိုကြီး တစ်ကိုယ်တည်းဘဝဟာ အခွင့်ထူးတစ်ရပ်လို့ ထင်ရပေမဲ့ ကြာလာတော့ ငြီးငွေ့စရာကြီးပဲ သမီး။

မိဘနှစ်ပါးကလည်း အသက်တွေကြီးပြီ ။ ဖေဖေကဆို လေဖြတ်ထားလို့ မသန်းမစွမ်းဘဝနဲ့  မိဘတွေကတော့ မေမေကို အိမ်ထောင်ပြုခိုင်းချင်ပြီ၊  သူတို့ သဘောတူထားတဲ့ သူနဲ့ မိတ်ဆက်ပေးတယ်။

မေမေလည်း စဉ်စားပါတယ်။ ငါတစ်ယောက်တည်း ဒီလို့နေသွားမလား မိဘတွေ ဆုံးပါးသွားတဲ့ အခါ  ငါ့တယောက်ထဲ ဘယ်လိုလုပ်မလဲ၊ ငါသေရင်တောင် ဘယ်သူ မီးသဂြိုလ်မလဲ  စသဖြင့်တွေးရင်း  တစ်ကိုယ်တည်း ဘဝဟာ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရတယ်။

ဒီလိုနဲ့ မိဘတွေနဲ့လုပ်ငန်းတူတဲ့ ကျောင်ပန်းတောင်းမြို့မှ ကုန်သည်တစ်ယောက်နဲ့ သားနဲ့  မိဘတွေက မိတ်ဆက်ပေးတယ်။ သူနာမည်က ကိုချိုတဲ့။ တစ်နေ့  မေမေက ညစာ စားပွဲဖိတ်လို့ မေမေ့ရဲ့ သတို့သားလောင်း ကိုချို တစ်ယောက် ညစာနေစာလာစားတယ်။

 မေမေ ကိုချိုကို မြင်မြင်ချင်း မချစ်မိတဲ့အပြင် ကြည့်လို့တောင်မရဘူးသမီး။ ချစ်ခြင်းမေတ္တာ သိပ်အံသြစရာ ကောင်းတာနော် ကိုယ့်ဘဝထဲကို မကြာခင် ဝင်ရောက်လာမယ့် သတို့သားလောင်းကိုတောင် ကြည့်လို့မရဘူး  ဆိုတဲ့ အဖြစ်မျိုး ကြုံဖူးကြမယ်ထင်ပါတယ်။  ဖေဖကတော့ ခဏတဖြုတ် အနားယူဖို့  အိပ်ခန်းထဲကိုဝင်သွားတယ်။ မေမေတို့နှစ်ဦး ဧည့်ခန်းထဲ အတူရှိနေတဲ့ အချိန်မှာ  တစ်ယောက်နှင့် တစ်ယောက်စကား မပြောကြဘူး။  ဘာကြောင့်ရယ်မသိ လူတိုင်းကို ခင်ခင်မင်မင်းစကား ပြောတတ်တဲ့ မေမေတစ်ယောက် ၊ ကိုချိုနဲ့တွေမှ ခပ်ရိုင်းရိုင်းဖြစ်သွားတယ်။   မေးတစ်ခွန်း ဖြေတစ်ခွန်းပဲ သမီး။ အထူးသဖြင့် ‘အင်း’ နဲ့    ‘ဟင့်အင်း’ ဆိုတဲ့ စကားလုံးတွေပဲပေါ့။ သူစကား မစလိုတော့ မေမေကြီး တစ်ခွန်းမှ မဟခဲ့ဘူး။

နောက်တစ်နေ့ ညနေစာ ထမင်းစားဝိုင်းမှာတော့ မိဘတွေက ကိုချိုးဟာ တော်ကြောင်း၊သိက္ခာရှိကြောင်း ၊ စီးပွားရေးလာဒ်မြင်ကြောင်း  ချီးမွမ်းခန်း ဖွင့်တော့တာပဲ၊ အဲဒီနေ့က ဒီလိုနဲ့ သတို့သားလောင်း
 တွေ့ဆုံးပွဲလေးပြီးသွားခဲ့တယ်သမီး။  နောက်ပိုင် တစ်လလောက်  မေမေတို့နှစ်ယောက် တစ်ယောက် သဘောထား တစ်ယောက် ပြောကြည့်တဲ့အခါ ၊ သဘောထား မတူဘူ၊ ဝါသနာအတူကြဘူး၊ ခံယူချက်ခြင်းလည်း မတူကြတာ ကို နှစ်ဦးသားလေ့လာ တွေ့ရှိရတယ်။ နောက် တစ်လမှာတော့ သတို့သားလောင် ပေါ်မလာပဲ စာတစ်ဆောင် မေမေ့ဆီရောက်လားတယ်။

“  မျဉ်ပြိုင်လို ဖြစ်နေတဲ့ ချစ်သူနှစ်ယောက် အတွက် ဆုံးစည်းဖို့ ခက်ပါတယ်။ ဒါကို အတင်းအဓမ္မ
 ပေါင်းစည်းဖို့ ဆက်မကြိုးစားချင်တောပါ့ဘူးတဲ့၊  တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဒုက္ခပေးစရာမလို၊ နာကျင်စရာ မလိုသော လမ်းကိုသာ ရွေးချယ်ကြအောင်ပါဆို” တဲ့ နှုတ်ဆက်စာလေး ပဲရောက်လာပြီး ပျောက်သွားတယ် သမီး။     ( ဆက်ရန် ၁၁)

No comments:

Followers

My Blog List