Sunday, June 2, 2013

မဟာသန္တိသုခ ဘယ်လဲ၊ဘာလဲ- ၃

မဟာသန္တိသုခ ဘယ်လဲ၊ဘာလဲ အပိုင်း- ၃ ၊ကို မတင်ပြခင် ဦးစွာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်းများကို ရိုသေစွာ ခြေတော်ဦးခိုက်ကန်တော့လိုက်ပါတယ်ဘုရား။  ဆရာတော်ကြီးများဟာ စာရေးသူထက် စာပတ်ပေတတ် ၊အကျော်အမော်များဖြစ်သလို၊ အသက်သိက္ခာ ဂုဏ်အားဖြင့်လည်း ကြီးမြင့်သူများလည်းဖြစ်ပါတယ်။

စာရေးသူဟာ ငယ်ငယ်ကတည်းက ၊ မိဘ၊ဆရာသမားများ သွန်သင်ဆုံးမထားလို့ ကိုယ့်ထက်အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို  မဝေဖန်ရဲပါဘူး၊ ယုတ်စွ သူများတွေ ဝေဖန်တဲ့စာတွေ့ရင်တောင် စိတ်ထဲမှာ မသာမယာဖြစ်မိပါတယ်။

ယခု စာရေးသူ တင်ပြမည့်အကြောင်းအရာများကလည်း ဝေဖန်တာမဟုတ်ပဲ။
 သား၊သမီးက  မိဘကို ၊ တပည့်မှ ၊ဆရာသမားကို ပွင့်ပွင့်လင်းလင်း အမြင်ကို တင်ပြခြင်းဖြစ်ပါတယ်။

အောက်ပါ နိုင်ငံတော်သဃမဟာနာယက ဆရာတော်ကြီးများရဲ့ ဆုံးဖြတ်ချက်ကို ဖတ်ရတော့ စာရေးသူ  တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။ အမှန်တကယ်ပဲ ၊ မဟနဆရာတော်ကြီးများ မဟာသန္တိသုခအကြောင်းကို ဖြစ်ကြောင်းကုန်စင်ကို အကုန် မသိတာလား၊ သို့မှမဟုတ် ခုနိုင်ငံရေးလောကမှာ ခေတ်စားနေတဲ့  နိုင်ငံရေးရှုပ်ထွေးအောင် ဘာသာရေး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတဲ့ နောက်က ဆရာတော်များကို သွေးထိုးလှုပ်ဆော်ပေးနေသူများ ရှိနေသလားဆိုတာလည်း သံသယဖြစ်မိပါတယ်။

မြန်မာနိုင်ငံတော်ကြီး ဒီမိုကရေစီ အပြောင်းအလဲကာလမှာ  ပြဿနာဖြစ်အောင် နောက်က သွေးထိုး လှုပ်ဆော်ပေးနေသူများကလည်း အများသား။ 

ဘာသာရေးပဋိပက္ခနေ နိုင်ငံရေးအသွင်ဖန်တီးနေသူများလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။

နိုင်ငံတော် သံဃမဟာနာယကဆရာတော်များဆုံးဖြတ်ချက်ကို ဖတ်ကြည့်ပါဦး။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာကကအဖွဲ့
မဟာနာယကကျောင်းတော်ကြီး၊ ကမ္ဘာအေးကုန်မြေ၊ ရန်ကုန်မြို့
စာအမှတ် ၀၄၅။ ၄၇-၁၂။၃။ သာ-မ ဟ န
ရက်စွဲ၊ ၁၃၇၅-ခု တန်ခူးလပြည့်ကျော် ၁- ရက်
 ( ၂၀၀၃-ခုနှစ် ဧပြီလ ၁၆ ရက်)


ဆက်ကပ်ပါရန်
ဥက္ကဋ္ဌဆရာတော် တိုင်းသံဃနာယကအဖွဲ့
ကြားတောရလမ်း၊ ဗဟန်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး
အကြောင်းအရာ။    ။
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မဟာသန္တိသုခကျောင်းတော်ကြီးကိစ္စ။

၁။ မဟာသန္တိသုကျောင်းတော်ကြီးအား ပီနန်ဆရာတော်ဦးပညာဝံသမှ ပြန်လည်တောင်းခံလာခြင်းနှင့် စပ်လျဉ်း၍ ( ၁၇-၃-၂၀၀၃) နေ့တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
 ( ၄၇) ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေးက ဖော်ပြလတ္တံ့အတိုင်း ဆုံးဖြတ်ခဲ့ပါသည်ဘုရား -

ဆုံးဖြတ်ချက်

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ထားသော တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ မဟာသန္တိသုခကျောင်းတော်ကြီးအား ပြန်လည်ထိန်းသိမ်း လွှဲအပ်စောင့်ရှောက်ခွင့်ပြုပါရန် လျှောက်ထားခြင်းကိစ္စ တင်ပြခြင်းနှင့် စပ်လျဉ်၍ နိုင်ငံတော် အကြီးအကဲများက နိုင်ငံတော်သံဃနာယကအဖွဲ့ကြီးအား ရေစက်ချလှူဒါန်းပြီးဖြစ် ၍ ပေးခွင့်မရှိကြောင်း ဆုံးဖြတ်ရန်။

၂။ သို့ဖြစ်၍ အထက်အပိုဒ် (၁)ပါဆုံးဖြတ်ချက်ကို သိရှိနားလည်ပါရန်နှင့် လိုအပ်သလို ဆက်လက် ညွှန်ကြားဆောင်ရွက်သွားပါရန်အကြောင်းကြား လျှောက်ထားအပ်ပါသည်ဘုရား။

ဘဒ္ဒန္တဂုဏိကာဘိဝံသ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင်ဆရာတော်

မိတ္တူကို ….

နိုင်ငံတော်အကြီးအကဲများက နိုင်ငံတော်သံဃမဟာနာကအား ရေစက်ချလှူဒါန်းပြီးဖြစ်လို့ ပီနန်းဆရာတော်အား ပြန်လည်လွှဲအပ် မပေးနိုင်ကြောင်းဆုံးဖြတ်လိုက်ပါတယ်။

လှူဒါန်းသူ နိုင်ငံတော်အကြီးအကဲများလည်းသက်တော်ထင်ရှားရှိပါသေးတယ်ဗျာ။  သူတို့ကိုတောင် သက်သေထူပြီး ပြန်တောင်းရမလိုဖြစ်နေတယ်။

ကျောင်းတော်ကြီး ပေါ်ပေါက်လာပုံ အကျဉ်းပြောရရင် .. ပီနန်ဆရာတော်ကြီး ပြည်ပသာနာပြု နှစ်ပေါင်းလေးဆယ်ကျော်ကြာမှာ နိုင်ငံတော်အစိုးရမှ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် လှူဒါန်းလို့ မြန်မာပြည် ပြန်လာခိုက် နိုင်ငံတော်အကြိးအကဲများမှ ဆရာတော် သီတင်းသုံးဖို့ ကျောင်းဆောက်လှူ လိုကြောင်းလျှောက်ထားလာပါတယ်။  ထိုအခါ  ဆရာတော်ကြီးမှ ငါ့အတွက်ထက် သာသနာအတွက် အကျိုးရှိမယ့် ပြည်ပသာသနာပြုသင်တန်းကျောင်း
 ဆောက်လှူရင်ကောင်းမယ်လို့ အမိန့်ရှိတာကြောင့် ဆရာတော်ဆန္ဒအရ ဒီကျောင်းတော်ကြီးဖြစ်လာတာပါ။

 နောက်ပိုင်းမှာ ဘယ်လို နိုင်ငံတော်သံဃနာယကဆရာတော်များအား ရေစက်ချလှူဒါန်းသလဲဆိုတာ မပြောတတ်တော့ပါဘူး။ နိုင်ငံတော်သံဃနာယကဆရာတော်များ
မှာလည်း သူတို့ စိတ်တိုင်းကျ ဆုံးဖြတ်ပိုင်ခွင့်မရှိပဲ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို့ ၊  နောက်ကဖိအားပေးမှုတွေနဲ့ ဆုံးဖြတ်ရတယ်ထင်ပါတယ်။

မြန်မာနိုင်ငံကြီးပြောင်းလဲပြီး ဥပဒေစိုးမိုးပြီဆိုပေမယ့် မျက်နှာကြည့်ဆုံးဖြတ်ရတဲ့ အမှုကိစ္စတွေ ကလည်းတော်တော်များသား။

စာရေးသူဟာ  ဝိနည်းဓိုရ်ဆရာတော်မဟုတ်လို၊ ၊ နိုင်ငံတော်သံဃနာယက လုပ်ထုံးလုပ်နည်းများ
 ကောင်းကောင်း နားမလည်းပါဘူး။ သို့သော်လည်း ဒီနေရာမှာ ငါသာ မဟန ဆရာတော်ဆိုရင်ဆိုတဲ့ အတွေးလေးဝင်လာပါတယ်။

စာရေးသူတို့ ဗုဒ္ဓဟာ နုစဉ်ဘဝကတည်းက ဒါနပါရမီကို အဓိကထားဖြည့်ခဲ့ပါတယ်။ မျက်လုံးတွေ ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ၊အသွေးတွေ၊အသားတွေလည်း ဘဝပေါင်းများစွာလှူးဒါန်းခဲ့ပါတယ်။ သား၊သမီး၊ဇနီးမယာတွေးလည်း ဘဝများစွာ စွန့်လှူခဲ့ဖူးပါတယ်။  မဟနဆရာတော်များနှင့် စာရေးသူတို့ဟာ ဘုရားသားတော်တွေပါ။ ဘုရားလောင်းစိတ်ဓာတ် ၊ဘုရားစိတ်ဓာတ်ကို မွေးမြူရပါမယ်။ ဗုဒ္ဓဟာ တောင်းလာသူရှိရင် ဘယ်တော့မှ  လက်တွန့်လေ့မရှိပါဘူး၊  ပေးကမ်း စွန့်ကြဲလေ့ရှိပါတယ်။

ဒါကြောင့် ငါသာ မဟနဆရာတော်ဆိုရင် မဟာသန္တိသုခကျောင်းတော်ကြီးကို ပြန်တောင်းလာသူ ပီနန်ဆရာတော်ကို ဗုဒ္ဓရဲ့ ဒါနဥပဒေသနဲ့အညီ  ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်မှာပဲ။  ပီနန်းဆရာတော်ကြီးလည်း ဒီကျောင်းကို ရောင်းစားဖို့ ပြန်တောင်းတာမှမဟုတ်ပဲ၊ သူတတ်စွမ်းသမျှ သာသနာပြုဖို့ ၊ပြန်တောင်းတာပဲလို့ပဲယုံကြည်တယ်လေ။

 မဟန ဆရာတော်ကြီးများ ဒီလိုသာဆုံးဖြတ်ခဲ့ရင် မြန်မာနိုင်ငံ သံဃာလောကမှာ သိက္ခာကျနေတဲ့ မဟနအဖွဲ့အစည်းဟာ ၊ သံဃာတော်များရဲ့ အားကိုးရာ၊အားထားရာဖြစ်လာမှာပါ။

ဒီနေရာမှာ တရားရေးရာ သဘေားထားချင်းတူညီလို့ စာရေးသူနေတဲ့  ကနေဒါနိုင်ငံ တရားသူကြီးဆုံးဖြတ်ချက်ကို အကျဉ်းမျှ တင်ပြပါရစေ..။

ကနေဒါကိုရောက်နေတဲ့ မြန်မာမိသားတစ်စုမှ  မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ တူနှစ်ယောက်ကို မွေးစားပြီး ကနေဒါကိုခေါ်ဖို့ ကြိုးစာနေပါတယ်။ ရှေးနေများနဲ့လုပ်တာဆိုတာ့ တော်တော်လည်း ခရီးပေါက်နေပါပြီ။

 သို့သော်လည်း  မွေးစားပုံစည်းကမ်းဥပဒေဟာ အနောက်နိုင်ငံတွေမှာ တော်တော် တင်းကြပ်ပါတယ်။ မြန်မာနိုင်ငံလို့ ပါစပ်နှင့်ပြောကာ မွေးစားလို့မရပါဘူး။ ဒါကြောင့်တရားသူကြီးက ပထမတကြိမ်သူရဲ့ တူနှစ်ယောက် မွေးစားစမွန်စာကို ပယ်ချလိုက်ပါတယ်။

ထို့နောက်  အယူခံဝင်ဖို့ နောက်တစ်ပတ်ရုံးချိန်မှာ သင်မွေးစားပါတယ်ဆိုတာကို  သက်သေခိုင်မာစေဖို့ ၊ မြန်မာကွန်မြုနတီမှ ယုံကြည်လေးစားလောက်တဲ့ သူတစ်ယောက်ကို ခေါ်ခဲ့ပါဆိုလို့ စာရေးသူ တရားသူကြီးရုံးကို လိုက်သွားရပါတယ်။

တရားသူကြီးက တရားခံ၊သက်သေများရဲ့ ထွက်ဆိုချက်အားလုံးကိုနားထောင်ပြီး

 “ ဆင်းရဲတဲ့ မြန်မာနိုင်ငံက ကလေးနှစ်ယောက် အဘယ်ကြောင့် ကနေဒါနိုင်ငံ လာခွင့်မရှိရမှာလဲ” လို့ လူသားချင်း စာနာခြင်းဆိုရာ ဥပဒေဖြင့်  ကလေးနှစ်ယောက် ကနေဒါလာခွင့်ကို ဆုံးဖြတ်လိုက်ပါတယ်။

အမှန်တကယ် ဒီကလေးနှစ်ယောက်ဟာ ကနေဒါဆိုင်ရာ မွေးစားသာ ဥပဒေနဲ့ဆို ဘယ်လိုနည်းနဲ့မှ ကနေဒါကိုလာလို့ မရပါဘူး၊ ဥပဒေနဲ့ မကိုက်ညီဘူးပေါ့။ သို့သော်လည်း တရားသူကြီးက ပညာသားပါပါ ဥပဒေကင်းလွှတ်အောင် ၊ အဘယ်ကြောင့် ဆင်းရဲ့တဲ့နိုင်ငံက ကလေးနှစ်ယောက် ကနေဒါကို လာခွင့်မရှိရမှာလဲလို့ ဆုံးဖြတ်လိုက်ပါတယ်။

စာရေးသူဟာ တရားသူးကြီးရဲ့  ဆုံးဖြတ်ချက် သဘောကျလွန်းလို့ သာဓုခေါ်မိပါတယ်။ တူနှစ်ယောက်ကို စပွန်ဆာလုပ်တဲ့ မိသားစုတော့ ဘယ်လောက်ဝမ်းသာမလဲဆိုတာ တွေးတာကြည့်ပါတော့။

ခုလည်း ပီနန်ဆရာတ်ာကြီး မဟာသန္တိသုခကျောင်းတော်ကြီးပြန်တောင်း ဆိုးတဲ့ကိစ္စမှာလည်း နိုင်ငံတော်အကြီး အကဲများမှ နိုင်ငံတော်သံဃနာယက ဆရာတော်များအား ရေစက်ချလှူဒါန်းသည်ထားဦးတော့ ၊ အဘယ်ကြောင့်သာလျှင် ဗုဒ္ဓ၏ ဒါနဥပဒေသဖြင့် ပီနန်ဆရာတော် ဦးပညာဝံသအား ပြန်လှူဒါန်းခွင့်မရှိသလဲ၊

 ပြန်လည်လှူဒါန်းလိုက်မယ်ဆိုရင် လူသာဓုခေါ် ၊နတ်သာဓုခေါ်မှာ အမှန်ပါပဲ။ ထို့ထက်  ပိုပြီး ဝမ်းသာသွားမှာက သက်တော်ရှစ်ဆယ်ကျော်သက်တော်ရှည် ကမ္ဘာသာသနာပြု စင်္ကာပူ၊ပီနန်ဆရာတော်ဘုရားကြီးပင်မဟုတ်ပါလားဘုရား။

ပီနန်ဆရာတော်ကြီးနှင့်မဟနဆရာတော်ကြီးများ ကျန်းမာချမ်းသာပါစေ..
ခြေတော်ဦးခိုက် ကန်တော့လိုက်ပါတယ်ဘုရား။

No comments:

Followers

My Blog List