Tuesday, April 30, 2013

အပြာရောင်နေ့စွဲများ(၂)

၀၅.၀၈.၂၀၀၅

  • တို့အိမ်မှာ...ဇိမ်ခံစရာ တီဗွီ၊အင်တာနက် မရှိပေမယ့်....၊ 
နံက်ခင်းတိုင်း... ဘုရားစင်ရှေ့က အမေ့တရားသံ၊ အမျှဝေ ကြေးစည်သံလေးက နားဝင်ချိုမြလှပါတယ်။ 
  • တို့အိမ်မှာ... ဇိမ်ခံစရာ ရေခဲသေတ္တာ၊ ရေခဲရိုက် အသား၊ငါးတွေ မရှိပေမယ့်..၊ 
အမေ့ ခြံစည်းရိုးပေါ်က  သဘာဝ ဟင်းသီး၊ ဟင်းရွက်တွေက အရသာ ရှိပါတယ်။
  • တို့အိမ်မှာ... လွယ်ကူစွာ ချက်ပြုတ်စားစရာ ထမင်းပေါင်းအိုး၊ ဟင်းပေါင်းအိုး၊ Microwave  တွေမရှိပေမယ့်.
တောအရပ် တောဓလေ့... ထင်းမီးလေးနဲ့ ချက်ထားတဲ့ ထမင်း၊ဟင်းစားရတာ ပိုအရသာရှိပါတယ်။
  • တို့ရွာမှာ...ဇိမ်ခံစရာ ခရီးသွား ယာဉ်ရထားတွေ မရှိပေမယ့်...၊
ကိုယ်လှည့်၊ကိုယ့်နွား၊ကိုယ်ပိုင် စက်ဘီးလေးနဲ့ ... လိုရာကို သွားလို့ရပါတယ်။
************************************************************

မသဒ္ဒါနဲ့အတူ ချစ်သူငယ်ချင်း မိတ်ဆွေများ  တတိယနိုင်ငံကို သွားကြပြီဆိုတော့လည်း ကျနော်  တစ်ယောက်လွမ်းတသသနဲ့ပဲ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းမှာ အလွမ်းသမားတစ်ယောက် ဖြစ်နေပါတော့ တယ်။
ဒီလိုနဲ့ အားလပ်ချိန်တိုင်းမှာ ဟိုအဝေးကြီးက ချစ်သူ၊ မိတ်ဆွေတွေကို လွမ်းဆွတ်တသနေရင်း ဆရာကြီး ပီမိုးနင်း ရေတဲ့ ဘဝတိုက်ပွဲ စာအုပ်မှ ကိုယ်နှင့်စိတ်ဆိုတဲ့  စာပိုဒ်ကလေးက ကျနော့်ကို သတိပေးလိုက်တယ်။

"ဝမ်းနည်းသောကြောင့် ငိုသလား
ငိုသောကြောင့် ဝမ်းနည်းသလား။

ကြောက်လို့ ပြေခြင်းလား
ပြေလို့ ကြောင်းခြင်းလား"
နောက်စာပိုဒ်တစ်ခုကတော့...
"အလုပ်တစ်မျိုးကို ပြောင်းလဲ၍ လုပ်ခြင်းသည် အကောင်းဆုံးသော ရပ်နားခြင်းဖြစ်လေသည်။ လုံးလုံးကြီး အားလပ်ချင်သော စိတ်ကို အလိုလိုက်လျှင် ဘာကိုမျှ မလုပ်ချင်သော အဖြစ်သို့ရောက်တတ်လေသည်" ဟူသော ဆရာကြီးအဆိုအမိန့်ဖြစ်သည်။
ထို့နောက် ကျနော် သတိဝင်ကာ.. လွမ်းစိတ်၊ သတိရစိတ်၊ သောကစိတ်များကို  ဖြေဖျောက်ကာ အချိန်တိုင်းလိုလို အလုပ်ထဲမှာ နှစ်မြုပ်ထားလိုက်သည်။ နံက်ပိုင်းတွင် ကလေးများစာသင်ပြီး၊ ညနေပိုင်းတွင် မသဒ္ဒါ  ရှိစဉ်က  သူဦးဆောင် သင်တန်းပေးနေသော ၅-နှစ် ၁၀-နှစ်အထိ ကလေးငယ်များကို Basketball သင်တန်းပေး၍ အချိန်ကို ကုန်စေသည်။ စနေ၊တနင်္ဂနွေ ကျောင်ပိတ်ရက်များတွင် တပိုင်တနိုင် သီးနှံစိုက်ခင်းထဲမှာ အချိန်ကို ကုန်လွန်စေခဲ့သည်။

ထိုင်း၊ မြန်မာနယ်စပ်မှာလည်း  ဒုက္ခသည်များ တိုးပွားလားတာနဲ့ ဒုက္ခသည်စခန်းများ တရားဝင်စခန်းကော ၊တရားမဝင် စခန်းတွေပါ  တိုးပွားလာသည်။ တချို့လည်း UNHR က အသိအမှတ်မပြုပေမယ့်  ကိုယ်ပိုင် စာသင်ကျောင်များ မှိုလိုပေါက်လာကြသည်။ အမေရိကန်၊ ယူရုပ်၊ကနေဒါ၊ သြစတေလျတို့မှ ဆရာဟုဆိုသူများ  လာရောက်ကာ ကလေးတွေကို  သူတို့ တတ်နိုင်သလောက် ကူညီပေးကြသည်။ တကယ့် စေတနာ့ ဝန်ထမ်းများကိုတော့  လေးစားပါသည်။ တချို့ကြတော့ ဒီလိုမဟုတ် မျောက်ပြ ဆန်တောင်းဆိုသည့် မြန်မာ စကားပုံလို့  ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်းများသည် NGO အဖွဲ့အစည်းများ၏  အလုပ်ဖန်းတီးရေး ဂွင်ဖြစ်လာသည်။

UNHR မှ ဒုက္ခသည်များကို ထောက်ပံသည်ဟုဆိုသော်လည်း အတိုင်းအတာတစ်ခုသာ ရကြတော့သည်။  ကျနော့် အနေဖြင့်  ထောက်ပံ့ရေးအဖွဲ့ပဲအပြစ်မတင်လို့ တောက်ပံ့ပစ္စည်းများ ထိုင်းနိုင်ငံရုံးမှ  အဆင့်ဆင့် ကျလာကာ နောက်ဆုံးမှ  ဒုက္ခသည်များထံရောက်ရသည်။ ကျနော်တို့ စခန်းမှ ဒုက္ခသည်များလည်း သူတစ်ပါးကို အားကိုးလိုစိတ်များလည်း သိပ်မကောင်းလှ၊ နောက်ဆုံးတော့ တိုင်းရေးပြည်ရေး မကောင်းဟုဆိုကာ
 နိုင်ငံတော်ကိုပဲ အပြစ်ဖို့ကြသည်။

အမှန်အားဖြင့် စခန်းမှာ ရှိသော ကျနော်အပါအဝင် ၊ လူတော်တော်များများသည်  တကယ့်စစ်ဘေး ဒုက္ခသည်များမဟုတ်ကြ၊ အစားချောင်၍ ၊စခန်းမှ စတဲချနေခြင်းသာ။ အလုပ် လုပ်မည်ဆိုလျှင် ထိုင်းဖက်ကို တက်၍သော်လည်း၊ ပြည်တွင်းကို ဝင်၍သော်လည်း  ကိုယ်တတက်စွမ်းသမျှ လုပ်နိုင်သည်။

သူတစ်ပါးကို  အားကိုးလိုသော စခန်းမှ  ကလေးငယ်များ ဗဟုသတနည်းပါး၍ ဂွင်ဖန်သူများ လက်ထဲသို့ အချို့ရောက်သွားကြသည်။ တချို့ တွက်ခြေ ကိုက်သည်ဟုဆိုကာ ပညာမသင်ကြားပဲ .. မဲဆောက်က အမှိုက်ပုံမှာ အမှိုက်ကောက်ဘဝကို ရောက်သွားကြသည်။

NGO အဖွဲ့များ၏ မျက်လှည့်ပြမှုကြောင့် ကလေးငယ်များ ငယ်စဉ်အခါ ပညာရှာဟူသော မြန်မာစကားပုံကို ဆန့်ကျင် ကာ  ငယ်စဉ်ခါ အမှိုက်ပုံမှာ စီးပွားရှာ အဖြစ်သို့ရောက်ရသည်။

တစ်နေ့သော ညနေခင်း  ကျနော် တစ်ယောက်တည်း ပျင်းတာနဲ့ စခန်းမှ လက်ဖက် ရည်ဆိုင်သို့   ရောက်သွားသည်။ လက်ဖက်ရည်ဆိုင်မှ ကောင်လေးက " ဆရာ.. စာလာတယ်" ဟုဆိုကာ စာ နှစ်ဆောင်လာပေးလို့ ကြည့်လိုက်တော့ အမေရိကန်ကိုရောက်နေတဲ့ ကျနော်သူငယ်ချင်းများ၏ စာဖြစ်နေသည်။ ပထမဆုံး ..သဒ္ဒါရဲ့စာကို အရင်ဖောက်ဖတ်လိုက်သည်...။

အစ်ကိုကြီး..
နေကောင်းတယ်နော်...၊ အမေရိကရောက်ကတည်းက အစ်ကိုကြီးကို သတိရပါတယ်။ ရောက်ရောက်ချင်း နေရာ အတိအကျ မရသေးပဲ၊ မိသားစုဂေဟာမှာ နေရလို့ လိပ်စာအတိအကျ မရသေးလို့ စာမရေးဖြစ်တာ ခွင့်လွှတ်နော်.။

 အစ်ကိုကြီးကို အမေရိကန် အတွေ့အကြုံပြော ပြောပြစရာတွေ တစ်ပုံကြီးပဲ..။  ညီမတို့ ချင်းမိုင်မှ ဂျပန်၊ ..ဂျပန်မှ တဆင့် အမေရိကန် လေယာဉ်စီးရတယ်။  လေယာဉ်စီးရတာ အကြာကြီးပဲအစ်ကို၊ ဂျပန်၊ အမေရိကန်တို့မှာ ရှိတဲ့ လေယာဉ်ကွင်းကြီးတွေကလည်း သိပ်ကြီးကျယ်ခမ်းနားတာပဲ။ အမေရိကရောက်တော့လည်း ၊ နေရာချထားရေးအဖွဲ့တွေနဲ့ မြန်မာဘာသာပြန်တွေ လာကြိုကြတယ်သိလား။

ရောက်ရောက်ချင်း မိသားစုတွေ စုပြီး တစ်နေရာတည်းမှာ ခေတ္တယာယီထားတယ်၊ ခုတော့ နေဖို့ အိမ်ရသွားပါပြီ။ 
ညီမတို့ နေတဲ့အိမ်မှာ... တီဗွီကလည်း ၂၄-နာရီလုံးကြည့်လို့ရတယ်၊ တယ်လီဖုန်း  ရေခဲသေတ္တာ၊ Microwave အပြည့်အစုံပဲ ။   ညီမတို့  အရှင်လတ်လတ် နတ်ပြည်ရောက်သလိုပါပဲ။ဆီယာတော်မှာ အရင်ရောက်နေတဲ့
 မြန်မာမိသားစုတွေက ခေါ်သွားလို့ မြန်မာဘုန်းတော်ကြီးကျောင်းကိုလည်း ရောက်တယ်။  နှစ်ခြင်းခရစ်ယာန်းအသင်းတော်ကလည်း ခေါ်လို့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကိုလည်း  ရောက်တယ်အစ်ကို ။ ဒီမှာရှိတဲ့ အရင်က ရောက်နေတဲ့ မြန်မာတွေ အားလုံး ကူညီဆောင်ရွက်လို့ အစစအရာရာ အဆင်ပြေပါတယ်။

ညီမတောင် စဉ်းစာနေသေးတယ် ၊ အစ်ကိုကြီးပါ ။တပါတည်းလိုက်လာရင် ဘယ်လောက်ကောင်းမလဲလို့။
ကဲ..ဒါပဲနော်...၊နောက်မှ စာအရှည်ကြီးရေးတော့မယ်။

မသဒ္ဒါ
ဆီယာတော်၊အမေရိကန်
ညီမရဲ့စာကို ဖတ်အပြီးမှာတော့ လက်ဘက်ရည်ဆိုင်က မိရာဓိုရ်ရဲ့.. အမေ့အိမ်ဆိုတဲ့ တေးသံသာက ကျနော့် နားထဲကို အလိုလို ရိုက်ခက်လာပါတော့တယ်။
အိမ်ခေါင်မိုးကလ မိုးမလုံလည်း ... ငါတို့လုံးဝစိတ်မကုန်းပါ...။
ရေခံခွက်အောက် မိုးစက်ပေါက်ကျသံဟာ.. တွံတေးကြီးတေးသံသာ..။

အမေစံမြန်တဲ့ နန်းဆောင်အို... ကိုရွှေသကြားမင်း ဗိမာန်မို့....။
စင်တင်ဇာတ်ထုပ်ထဲက  အကောင်းစားတိုက်အိမ်တစ်လုံးနဲ့ မလဲပါဗျို...။

မြေအိုးမည်း.. နုတ်ခမ်းရယ်တို...။ဆန်နီးကြမ်းနဲ့ ဝမ်းတွေစို...။
ခုရထားတဲ့လောကစည်းစိမ် နတ်ပြည်နဲ့ မလဲဘူး..။

အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် ၊ နတ်ပေးတဲ့ ဩသဓဆေး..။

အတိတ်၊ အနာဂတ်..၊ ပစ္စုပ္ပန်မှာ ...တို့အိမ်က မခွဲကြေး...။

ပညာမတတ် ဥာဏ်နဲတဲ့ ဆင်းရဲသားတွေလို ကောင်းချီးဩဘာပေး..။

စိတ်မဆင်းရဘူးဟေ့...ဒို့အိမ်...။

တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း..။

မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညမှာ... ။ အမေ့ရဲ့ တရားသံများ..။

လူဟာ ဘယ်လောက်ထိ အသက်ရှင်မလဲ... ဘယ်လောက် အများဆုံးရနိုင်မလဲ..။

ခုရထားတဲ့ လောကစည်းစိမ် ဘယ်လောက်ကြာကြာခံမလဲ..။

လူဟာ လောဘတရားနဲ့ ..ငရဲလမ်းသွားတဲ့ ဒုက္ခကောင်များ..။
အတိတ်.. အနာဂတ်နဲ့ ...ပစ္စုပ္ပန်... တင်းတိမ်ရောင်ရဲကြ ....။

စိတ်မဆင်းရဲဘူးဟေ့ တို့အိမ်
 တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း...။

ဆက်ရန်...၃

No comments:

Followers

My Blog List