Saturday, October 20, 2012

ထေရဝါဒနှင့်မဟာယာန

စာဖတ်ဓမ္မမိတ်ဆွေများမှ ထေရဝါဒ၊ မဟာမယာန ထူးခြားချက်ကို မေးလာ၍ ဓမ္မရံသီအဖွဲ့မှ တင်ပြထားသော  ဓမ္မမှတ်စုကို အကျဉ်းတင်ပြလိုက်ပါတယ်။

ထေရ၀ါဒမည်ပုံ
ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ်ကဆုန်လပြည့်နေ့မှနောက် ၃-လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ်  ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကိုတလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်းအလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ
တင်တော်မူခဲ့ကြသည်။

အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိတလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သားသာဝက အစဉ်အဆက်လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝကမထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။ဒုတိယ သင်္ဂါယနာမြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း  (၁၀၀)ကြာပြီးနောက်ဝဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ် တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။

ဥပမာ နေလက်တစ်သစ်လွဲသည့် အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ်ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက်
ကိုင်တွယ်အသုံးပြုနိုင်တယ် စသဖြင့် တောင်းဆိုခဲ့ပြီး  ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေး
လုပ်လာသဖြင့်ထိုရန်သူတို့အားကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌
သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊
ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာတစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည်ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့်
မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။

ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်းသေးငယ် သောဂိုဏ်း  ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။

ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့မြောက်ပိုင်းမှာ
 နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလိုမပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာနဟု သုံးစွဲခဲ့ကြလေသည်။

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့်တောင်ပိုင်းဗုဒ္ဓဘာသာ (ထေရ၀ါဒ) ဟုလည်းအလွယ်တကူ   မှတ်နိုင်ပေသည်။ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများကအသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။

မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေပြန့်ပွားခဲ့သောကြောင့် 
 မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟုမှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း  မဟာယာန ၀ါဒစတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊  မဟာယာနတို့၏ Saddharma Pundarika Sutraသဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjunaနာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ရာစုလောက်တွင်တော့ Asanga   အသင်္ဂ နှင့်  Vasubandhu  ၀သုဗန္ဓု တို့
လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင်
ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။

( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )


ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ကိုးရီးယား ဂျပန် စသော တောင် အာရှနိုင်ငံများအထိ  နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်။

ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန်ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင်အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်းစသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပတူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာနောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များအိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊
တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်။

တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန်  တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့
မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့
ယူဆရမှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲဘုရားရှင်လက်ထက်တော် အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု 
ငါးပါးထဲမှာရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ် ပညတ်တော်မူပါဘုရား - ဆိုပြီးတောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။


လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီးတူညီသော အမျိုးအစားများ တွေ့ရသည်။


ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့်ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။

ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့မကိုးကွယ်သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။
ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟောတရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကိုရောက်နေပါပြီ။
 စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာတိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --

ကိုးကား --
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
_____________________

No comments:

Followers

My Blog List