Friday, October 19, 2012

ရန်ကုန်အပြန် ရင်ခုံသံ....။

ခုတစ်လော ပြည်ပရောက် ရွှေမြန်မာများရဲ့ ရင်ခုံသံမှာ ပြည်တော်ပြန်ရန်  အိမ်မက်များရဲ့ တုန်ခါသံများပင်ဖြစ်ပါတယ်။

 မြန်မာနိုင်ငံကြီး ပြုပြင် ပြောင်းလဲလာတာနဲ့ မွေးဌာနေ အမိတိုင်းပြည်ရဲ့ အရိပ်အယောင်တွေဟာ အတိတ်က အရိပ်ပမာ  ပြန်လည်မြင်ယောင် လာကြပါတယ်။

မြန်မာနိုင်ငံ အစိုးမှတ်တမ်းအရ ပြည်ပရောက် မြန်မာများ သုံးသန်းကျော် ရှိတယ်လို့ဆိုပါတယ်။ ဒါအပြင်  အခြေအနေအရပ်ရပ်ကြောင့် ၈၈-အရေးအခင်းနောက်ပိုင်း  မြန်မာများ ပြည်ပမှာ  ဆယ်စုနှစ်အတွင်   တဟုန်တိုး တိုးပွားများပြားလာပါတယ်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှလည်း  ပြည်ပရောက် မြန်မာများကို လှိုက်လှဲစွာ ကြိုဆိုကြောင်းနဲ့ အရင်က ပိတ်ပင်ထားသော နိုင်ငံရေးသမား များကိုပင် ကြိုးဆိုကြောင်း ကမ်းလှမ်းလာတော့ ၈၈- နောက်ပိုင်း ရောက်လာသော ကျောင်းသားများမှာ  ပြည်တော်ပြန်ချင်သောစိတ် ပိုမိုးထက် သန်လာကြပါတယ်။

မြန်မာပြည်မှာမွေး ၊ မြန်မာဆံစားပြီး ကြီးပြင်းခဲ့တဲ့ မြန်မာမှန်သမျှ  မျိုးချစ်စိတ်ရှိကြပါတယ်။ သူတို့ရဲ့ အတွေးတွေထဲမှာ မြန်မာပြည်  ကောင်းစားရေး၊ မြန်မာပြည်တိုးတက်ရေး ကိုဦးတည်နေကြပါတယ်။

စားရေးသူလည်း ရွှေမြန်မာများအတူ ရန်ကုန်ပြန်ခါနီးမိုး ရင်ခုံသံများက ပိုမို တုန်ခါလာပါတယ်။  စာရေးသူ တစ်ယောက် ပြည်တော် ပြန်မရောက်တာ   ၁၀-နှစ်တင်းတင်းပြည့်ခဲ့ပြီပေါ့။

ရန်ကုန်ပြန်ခါနီး နီးစပ်ရာ တပည့်တွေ၊ မိတ်ဆွေတွေကို ဖုန်းဆက်ကြည့်တော့ အချို့အိမ်ထောင်ကျကုန်ပြီ၊ တချို့နိုင်ငံခြားရောက်လို့ ၊ တချို့လည်း ဒီအတိုင်း ဘာမှ မပြောင်းလဲသေးဘူးတဲ့။ ဒီလို့ သတင်းစကားတွေ ကြားရတော့  ပြီးခဲ့တဲ့ ဆယ်နှစ်ပိုင်းက အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလို အတွေးထဲမှာ
 ပြန်ဝင်လာတယ်။

စာရေးသူတို့ ၂၀၀၀- ၂၀၀၂-ခုနှစ် မဟာသန္တိသုခ၊ ပြည်ပသာသနာပြု သင်တန်းဆင်းပြီး တချို့သူငယ်ချင်းများ အမေရီကန် နယူးဇီလန်၊ စင်္ကာပူတို့မှာ သာသနာပြုကြွရပါတယ်။ စာရေးသူတို့မှာတော့ အရံသံဃာအဖြစ် စာဆက်သင်ရန်ဆိုကာ ထိုင်ဝမ်သို့ပိုရန် စီစဉ်ကြပါတယ်။  တရုတ်စာသင်ဖို့ ၅- ပါးရွေးချယ်ကာ ဦးဆောင်ဆရာတော်များရဲ့ ဆန္ဒအရ   ပြည်ပသွားမည့်ရဟန်းများအားလုံး “ ဘာကြောင့် ပြည်ပ ကြွချင်ရတာလဲ?၊ ဘာကြောင့်   ကျောင်းတက်ချင်ရတာလဲ? ” ဆိုတဲ့ အကြောင်းအရာကို စာမျက်နှာ နှစ်မျက်နှာခန့်ရေးရပါတယ်။ ဒီစာက လျှိုဝှက်တင်ပြရတဲ့စာပါ။  ကိုယ့်စိတ်ကူးရှိရာရေုးလို့ ရပါတယ်။ အခြားသော မိတ်ဆွေရဟန်းတွေတော့ ဘာရည်မှန်း ချက်တွေ ရေးသလဲဆိုတာ မသိရပါ။

ဒါပေမယ့်  စာရေးသူ ဘာတွေ၊ဘာရည်မှန်းချက်တွေ  ရေးခဲ့တယ်ဆိုတာကို ပြောပါရစေ..။

၁) မြန်စွာဘုရား ဟောကြားထားသော တရားတော်များကို တစ်ခြားဘာသာ များဖြင့် ပြန်လည်
 ဟောကြား နိုင်ရန်။

၂) ပြည်ပမှာ ရောက်ရှိနေသော မြန်မာမိသားစုများရဲ့သား၊သမီးများကို မြန်မာယဉ်ကျေးမှုမပျောက်ပျက်အောင် 
 ကူညီဆောင်ရွက်ပေးနိုင်ရန်။

၃) ပြည်ပတွင်  မြန်မာဘုန်းတော်ကြီးကျောင်းများ တည်ထောင်နိုင်ရန်ဖြစ်ပါတယ်။

ယခုတော့  စာရေးသူရဲ့ ပြည်ပသာသနာပြုခရီးကာ ၁၀-နှစ်တင်းတင်းပြည့် ခဲ့လေပြီ။ စားရေးသူရဲ့ ရည်မှန်ချက်တွေကော ပြည့်ရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပါတယ်။ စာရေးသူဟာ တရုတ်စာကို ထိုင်ဝမ်မှာ တစ်နှစ်ခွဲလောက်သာ သင်ခဲ့လို့ ပြောတတ်ဆိုတတ်တော့ရှိပါတယ်။
 ကျောင်းပြီးအောင် မတက်ခဲ့ရလို့ ဘွဲ့မရခဲ့ပါ။


၂၀၀၄-ခုနှစ်မှာ ကနေဒါနိုင်ငံ ၊ တိုရန်ုတိုမြို့၊မဟာဓမ္မိကကျောင်းမှာ၊ မြန်မာဗုဒ္ဓဘာသာ 
ကလေးငယ်များကို၊ မြန်မာစာ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ၊ ၅-နှစ်တိုင်တိုင် သင်ကြားပေးခဲ့ပါတယ်။

၂၀၀၉-ခုနှစ်မှ စလို့ ယခုအချိန်အထိ  ကနေဒါနိုငံ၊  ဗန်ကူးဘားမြို၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း မှာ ကျောင်းထိုင်ဆရာတော်အဖြစ်ဦးဆောင်ပြီး အဘိဓမ္မာသင်တန်းပို့ချခြင်း၊ ဗုဒ္ဓဟူးနေ့တိုင်း စုပေါင်းတရားထိုင်ခြင်း၊ ကလေးငယ်များအတွက် မြန်မာစာနှင့် ယဉ်ကျေးမှု သင်တန်းတို့ကို ဦးဆောင်သင်ကြားခြင်း စသည့်တို့ကို ဆောင်ရွက်နေပါတယ်။

၁၀-နှစ်တာအတွင်း ကိုယ်လုပ်ဆောင်ခဲ့တာကို တွေးတောမိရင်း ဆရာတော်များထံ ရေးပေးခဲ့သော မိမိရဲ့ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ပါ့လားဆိုပြီး ဝမ်သားပီတိဖြစ်မိပါတယ်။ သို့သော်လည်း ဒီဝမ်းသာပီတိကလေးဟာ လောကီတရားဖြစ်လို့ မမြဲသောသင်္ခါရသဘောတရား၊ရဟန်းတော်များရဲ့ အဓိကပန်းတိုင်းကား  အရိယာသူတော်စဉ်ဖြစ်ရေး မဟုတ်ပါလားလို့ တွေးမိလိုက်သောအခါ...

  မြတ်စွာဘုရားလက်ထက်က သူငယ်ချင်း ရဟန်းနှစ်ပါး အကြောင်းကို  အတွေးထဲမှာ  မြင်ယောင်လာ
 ပါတယ်။ ဒီသူငယ်ချင်း ရဟန်း နှစ်ပါးဟာ တစ်ခုသော ဝါတွင်းမှာ မြတ်စွာဘုရားထံ ကမ္မဋ္ဌာန်းယူပြီး  တောကျောင်းမှာ တရားသွားအားထုတ်ကြပါတယ်။

 တစ်ပါးကတော့ တရားအားမထုတ်ပဲ ကိုရင်ငယ်များနဲ့ ရယ်ရယ်မောမော  မေ့မေ့လျှော့လျှော့နေပါသတဲ့။ ကျန်တစ်ပါးကတော့ မမေ့မလျော့ ကမ္မဋ္ဌာန်းတရားအားထုတ်လို့ ဝါတွင်းသုံးလအတွင်းမှာ ရဟန္တာဖြစ်သွား ပါသတဲ့။

သူတို့ သူငယ်ချင်း နှစ်ပါးသီတင်းဝါလကျွတ်လို့ မြတ်စွာဘုရားထံ ပြန်ရောက်တော့ မြတ်စွားဘုရားက
 တရားအား မထုတ်ပဲ မေ့မေ့လျော့လျော့နေတဲ့ ရဟန်းကို ကဲ့ရဲ့လိုသဖြင့်..

လျင်မြန်သော မြင်းသည် ခွန်အားနည်သော မြင်းကို ချန်ထားကာ သွားသကဲ့သို့ ၊ မမေ့ မလျော့သော ပညာရှိသည် မေ့လျော့သူကိုလည်းကောင်း၊ သတိပွားများ နိုးကြားသူသည် သတိလွတ်ကင်း နိုးကြားခြင်း မရှိသူကိုလည်းကောင်း ချန်ထားကာသွား၏” လို့ဟောတော်မူပါတယ်။

ထိုအတူပါပဲ... စာရေးသူလည်း ပြည်တော်ပြန် ခရီး ဆရာသမားတွေ၊ မိဘတွေ၊ ဆွေမျိုးမောင်နှမတွေ  
အတွက်  ပြည်ပမှ သယ်ဆောင်လာမှာကတော့ မြတ်စွားဘုရားရဲ့ မမေ့မလျော့မပေါ့မဆတဲ့ သတိတရားသည်သာ.. ရန်ကုန် အပြန် ရင်ခုံသံဟုသာ ဆိုရပါစေတော့။

No comments:

Followers

My Blog List