Wednesday, May 29, 2013

သာဓုလေးတော့ ခေါ်ပါနော်



ခေတ်မီ တက်ကနော်လော်ဂျီတွေ ပြောင်းလဲလာတာနဲ့အမျှ သာနာသပြုလုပ်ငန်းတွေ၊ တရားဟော တရားပြလုပ်ငန်းတွေလည်း ခေတ်ရေးစီကြောင်းထဲကို မျှောပါလိုက်သွားတယ်။  အနောက်တိုင်းတွေမှာဆို အွန်လှိုင်းကနေ ဂိုက်လုပ်ပြီး တရားပြတဲ့ Web တွေတောင်ရှိလာတယ်။ တရားစီဒီ၊ဓမ္မစာအုပ်တွေကလည်း  Dhamma Web တွေမှာ အများကြီးပါပဲ။ ဓမ္မဒါနလုပ်သူများကိုလည်း ကျေးဇူးတင်လည်းတင်တယ်။
ဝမ်းမြောက်နုမော်သာဓုလည်းခေါ်ပါတယ်။

စာရေးသူ ပြောချင်းတာက.. facebook ကိုပဲဖြစ်စေ၊ blog ကိုပဲဖြစ်စေ အလည်ရောက်လို့ တရားဓမ္မတွေ နာကြားရတယ်။ အလှူဒါနပွဲတွေကို မြင်တွေ့ရတယ်ဆိုရင်လည်း  မိမိဆွေမျိုးမိဘများ အလှူဒါနလုပ်သကဲ့သို့ ၊ ဝမ်းမြောက်နုမော် သာဓုခေါ်လိုက်ပါ။  ကိုယ်တိုင်ကိုယ်ကျ လက်တွေ့မလုပ်ရသော်လည်း သူတစ်ပါးအလှူကို သာဓုခေါ်ခြင်းဟာလည်း ကောင်းကျိုးပေးတတ်တဲ့ ကုသိုလ်တစ်မျိုးဖြစ်ပါတယ်။

တစ်ခါတုန်းက ဘုရားလောင်းဟာ မောဠိမြို့မှာ သင်္ခမည်သော ပုဏ္ဏားတစ်ဦးဖြစ်ခဲ့တယ်။ ပုဏ္ဏာမျိုးမြောက်များစွာရှိရာမှာ ဘုရားလောင်းက သူဌေးပုဏ္ဏာမျိုးဖြစ်တယ်။  အိမ်ခြေ၊ တိုက်တာ၊လယ်ယာ၊ ကျွဲ၊နွား၊စပါး ဆန်ရေ အပြည့်အစုံ၊ ရတနာမျိုးစုံတို့ဖြင့် ကုံလုံကြွ.ယ်ဝသော သူဌေးပုဏ္ဏားမျိုးမှာဖြစ်လာတယ်။

မိဘများ ကွယ်လွန်သွားသောအခါ သင်္ခသတိုသား  ပစ္စည်းဥစ္စားများ အစုလိုက်အပြုံလိုက် သိမ်းပိုက်ရလို့ သင်္ခပုဏ္ဏားသူဌေးလို့ အမည်ကျော်စောလာတယ်။ ညီတော်အာနန္ဒာကတော့ သူရဲ့ လက်စွဲလုလင်ဖြစ်လာခဲ့တယ်။


တစ်နေ့သောအခါ သင်္ခပုဏ္ဏားက အမွေရထားသော ပစ္စည်းဥစ္စာများကို ကြည့်ပြီး .."ဒီပစ္စည်းတွေဟာ ငါအလကား ရထားတာ မဟုတ်းဘူး၊ ရှေးကုသိုလ်ကံများကြောင့်ရတာဖြစ်တယ်။  ရှေးကုသိုလ်ကံကို ဒီဘဝကုသိုလ်ကံနှင့် ဆက်ပေးမှဖြစ်မယ်" လို့ အတွေးဝင်လာတယ်။ 

ထို့နောက်သင်္ခသူဌေး မောဠိမြို့ တံခါးလေးဝမှာ အလှူမဏ္ဍပ်လေးခုရယ်၊ မြို့လယ်မှာ တစ်ခုရယ်၊ သူ့နေအိမ်မှာ တစ်ခုရယ် အလှူမဏ္ဍပ် ခြောက်ခုကို တည်ဆောက်စေတယ်။  အလှူမဏ္ဍပ်တစ်ခုကို တစ်သိန်းစီ အကုန်ကျခံကာ ၊မဏ္ဍပ်ခြောက်ခု တစ်နေ့ ငွေခြောက်သိန်းကုန် အလှူဒါနပေးလှူစေတယ်။

သူဌေးလေး  လှူနေရင်းက အတွေးတစ်ခုဝင်လာတယ်။  ငါမှာပစ္စည်းတွေ ဘယ်လောက်များနေနေ  နေ့တိုင်း ဒီလိုလှူနေမယ်ဆိုရင် တစ်နေ့တော့ ကုန်သွားမှာပဲ၊ မကုန်ခင် တိုးပွားအောင်တစ်ခုခု လုပ်မှာပဲဟု အကြံရကာ ရွှေ၊ငွေဥစ္စာ ရတနာများပေါလှတဲ့ သုဝဏ္ဏဘူမိကို ကုန်သွယ်ဖို့ထွက်ခဲ့တယ်။

ဤသို့ အစစအရာရာ စီစဉ်ပြီး သဘော်လုပ်သားများနှင့်အတူ လက်စွဲလုလင်နှင့်တကွ ပင်လယ်သမုဒ္ဒရာမှာ ရက်ရှည်ခရီးထွက်ခဲ့ကြတယ်။ ၇-ရက်မြောက်သောနေ့မှာတော့ သင်္ဘောဝမ်းပိုက် ပေါက်၍တယ်။ သင်္ဘောသားများ ပြန်လည် ဖာထေးရန် မစွမ်းနိုင်တော့လို့ ဝင်လာသော ရေးများကို  ခပ်ထုတ်နေရတယ်။  ခပ်ရင်းခပ်ရင်းဖြင့် ရေတွေက ဒလဟော ဝင်လာလို့ သင်္ဘောနစ်မယ့်အနေအထားကိုရောက်လာတယ်။

သဘော်သား တော်တော်များများကတော့ သေဘေးမှ ကင်းဝေးအောင် သူတို့ ယုံကြည်ရာ နတ်များကို တမ်းတ၍ ကယ်ပါယူပါ တစ်စာစာ အော်နေကြတယ်။ တချို့ကတော့ လုပ်မိလုပ်ရာကို ပရမ်းပတာလုပ်နေကြတယ်။

အလောင်းတော်သင်္ခပုဏ္ဏားကတော့ လက်စွဲတော်လုလင်နဲ့အတူ ပါလာသော စားသောက်စရာများကို ဝမ်းပိုက်ပြည်အောင် စားကြတယ်။  နှစ်ယောက်စလုံးကိုယ်မှာ ဆီတွေ သုတ်လိမ်းကြတယ်။  အားလုံးအဆင်သင့်ဖြစ်သောအခါ သဘော် လင်ယဉ်တိုင်ထိပ်သို့တက်ခါ မိမိတို့မြို့ရှိရာအရပ်ကို အားကုန် ခုန်ချကလိုက်တယ်။

ကျန်တဲ့ သဘော်သားများကတော့ သဘော်ကြီးနစ်မြုပ်သွားတာနဲ့ ငါး၊ငါးမန်း၊ မိကျောင်းတို့ရဲ့ အစာဖြစ်သွားတယ်။

သင်္ခပုဏ္ဏားနှင့်လုလင်တို့   ပင်လယ်သမုဒ္ဒရာကို ကူးရင်းခတ်ရင်း လုလင်ငယ် စိတ်ငယ်တဲ့အချိန် ဘုရားလောင်းက အားပေးစကားပြေတယ်။ ကူးရင်းခတ်ရင်း ဥပုသ်သီလတွေ ဆောက်တည်ကာ  ပင်လယ်ကို ကျော်ဖြတ်ကြတယ်။

နှစ်ယောက်သား ကူခတ်ရင်းက ၇-ရက်မြောက်သောနေ့မှာ သင်္ခပုဏ္ဏား တစ်ယောက်တည်း စကားပြောသံ ကြားလိုက်ရတယ်..။
" ဟေ့.. မင်းထမင်းပွဲကို အသာဖယ်ထားလိုက်စမ်းပါ။ ဒါက မွန်လွှဲချိန်ဆိုတာ မသိဘူးလား၊ ငါက ဥပုသ်စောင့်ထားတဲ့ ဥပုသ်သည်ပါ"

ဒီတော့ နောက်လိုက်လုလင်က သူဌေးကြီး ၇-ရက်ပတ်လုံး ပင်လယ်ကို ကူးခတ်ရလို့ ပင်ပန်းပြီး ကယောင်ကတမ်း ပြောနေသလားလို့ တွေးမိကာ..
" အို..သူဌေးပုဏ္ဏား... သင်ဟာ ဗဟုသုတ ပြည့်ဝသူဖြစ်တယ်။  ပစ္စေကဗုဒ္ဓါထံကို ဖူးတွေ့ရပြီး  တရားနာထားရသူ
 ဖြစ်တယ်။ ဒီလိုဘက်ပေါင်းစုံပြည့်စုံနေပါလျှက် စကားပြောဖို့ရာ အခါအခွင့်မသင့်တဲ့နေရာမျိုးမှာ ဘာစကားတွေ လျှောက်ပြောနေတာလဲ၊ ဒီသမုဒ္ဒရာရေပြင်မှာ ကျနော်မှတစ်ပါး အခြားစကား ပြောမည့်သူများ အရှင့်မှာ ရှိနေပါသလားလို့" မေးလိုက်တယ်။

ဒီတော့ သူဌေးက.. ဟုတ်တာပေါ့ အမောင်မှ တစ်ပါး ငါ့မှာ စကားပြောမယ့်သူတွေ့နေရလို့၊ ငါတစ်ယောက်တည်းပဲ တွေ့နေရတယ်။ မင်းကတော့ မြင်ရမယ်လို့ မထင်ဘူး။ ငါနဲ့စကားပြောနေတဲ့သူကတော့
ချောချောလှလှ ကိုယ်လုံးကိုယ်ပေါက် အင်မတန်မှ ကြည့်ကောင်းတဲ့ အမျိုးသမီလေးပဲ။ သူက တန်ခိုးရှိတယ်ထင် တယ်။ တစ်ကိုယ်လုံးရွှေငွေရတနာတွေနဲ့ စည်ခြယ်ထားတယ်။ လည်တိုင်မှာလည်း ပတ္တမြားလည်ဆွဲကို ဆွဲထားတယ်။ သူက ရွှေခွက်ကို ကိုင်ပြီး အစားအစာတွေကို စားပါလို့ ငါကို လာကျွေးတယ်လေ။ ငါက ဥပုသ်စောင့်ထားသောကြောင့် သူ့ထမင်းခွက်ကို ဖယ်ထားစမ်းပါလို့ ပြောရတာပေါ့။

"ဒါဆို သိပ်ကောင်းတာပေါ့၊ ဒီကလေးမကို တန်းခိုးရှင်လာ ၊ လူလား၊ နတ်လား ကွဲကွဲပြားပြား ဖြစ်အောင် မေ့သင့်တာပေါ့ သူဌေး"

"အိမ်း..ကောင်းပြီး အမောင်သိချင်တာတွေကို  ဒီကလေးမအား မေးလိုက်မယ်နော်"

"တန်ခိုးရှင် အမျိုးသမီးလေးမေးပါရစေ...  သင်ဟာ ငါ့ကို  အရသာတွေနဲ့ ပြည့်စုံတဲ့ စားသောက်ဖွယ်ရာတွေကို ကမ်းလှမ်းတယ်။ မင်းဟာ အထက်နတ်ပြည်ခြောက်ထပ်က နတ်သမီးလား၊ သို့မဟုတ် လူပြည်က တန်ခိုးရှင် တစ်ယောက်လား ကွဲကွဲပြားပြာ ပြောပါဦးလား"လို့ ကောင်းကင်မော့ကာ  မေးလိုက်တော့ ကောင်းကင်ထပ်မှာ လုပ်နေတဲ့အမျိုးသမီးက

" ကျမက မေခလာနတ်သမီးဖြစ်တယ်။ လောကပါလနတ်မင်းကြီးများက ဒီသမုဒ္ဒရာကို စောင့်နေဖို့ ကျမကိုတာဝန်ပေးထားတယ်။  ရတနာသုံးပါး  ကိုးကွယ်ဆည်းကပ်တဲ့သူ၊ ကိုယ်ကျင့်သီလနဲ့ပြည့်စုံတဲ့သူ၊ မိဘကိုပြုစုလုပ်ကျွေးတဲ့သူ၊ အဲဒီလူမျိုးတွေမတော်မဆ ပင်လယ်ထဲမှာ အတိဒုက္ခရောက်မယ်ဆိုရင် ကျမက ကယ်တင်ရမှာဖြစ်တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၇-ရက်အတွင်းမှာတော့ စည်းစိမ်းတွေနဲ့ ပျော်ပါးနေလို့ ကျမ သင်တို့ကို ကယ်တင်ဖို့ မေ့နေခဲ့တယ် ၊ခွင့်လွှတ်ပါနော်။ ကဲ.. ခုတော့ အရှင်ပုဏ္ဏာတို့ ရှေ့မှောက်ကို ကျမရောက်လာပြီ စားသောက်စရာ စားစရာတွေ ရှိတယ်၊ တည်းခိုစရာ နေရာတွေ ရှိတယ်။ သွားချင်ရာကို သွားလို့ရတဲ့ ယာဉ်အမျိုးမျိုးတွေရှိတယ်။ ဒါတွေကိုကျမ ပေးနိုင်တယ်။ သင်တို့ စိတ်ထဲမှာ ရှိတာကိုပဲ တမ်းတလိုက်ပါတော့"

ဒီတော ဘုရာလောင်းသင်္ခပုဏ္ဏားက ဘာကိုမှ လိုလိုလားလား မပြသေးပဲ။ သူမှာ သိချင်တာတစ်ခုရှိနေတယ်.. ဒါကိုနတ်သမီးလေးအား ထပ်ပြီးမေးလိုက်ပြန်တယ်။

အို..နတ်သမီး.. ဒီလိုဖိတ်ကြားတာကို ဝမ်းမြောက်ပါတယ်။  ခုလို စည်းစိမ်တွေနဲ့ ဖိတ်ကြားခံရတာ ရှေးကပြုခဲ့ဖူးတဲ့ ကုသိုလ်ထူးလို့ ကျနော်ယုံကြည်တယ်။ ဒါပေမယ့် ကျနော်လုပ်ခဲ့တဲ့ ကုသိုလ်တွေက သိပ်များလှတယ်။
 လောလောဆယ် ကုသိုလ်ကို ပြောရရင် ကျနော် တစ်နေ့ ၆-သိန်းအကုန်ခံပြီး မောဠီရွာမှာ ကုသိုလ်လုပ်နေတယ် ။ ဒီကုသိုလ်ရဲ့ အကျိုးကျေးဇူးများလား နတ်သမီး။

"ဩော်..အသင်ပုဏ္ဏာ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကိုမေ့နေတာကို ၊ ခုအကျိုးဟာ ခြောက်သိန်းကုန် လှူတန်းတဲ့ ကုသိုလ်ရဲ့ အကျိုးမဟုတ်ဘူး။ ထီးတစ်လက်နဲ့ ဖိနပ်တစ်ရံလှူဒါန်းခဲ့တဲ့ အကျိုးသာဖြစ်တယ်"

အို..သိပ်ထူးဆန်းပါလား.. မှတ်မိပြီ..မှတ်မိပြီ..။ သိန်းသန်းကုဋေ အကုန်ကျခံကာ လှူဒါန်းတာကို ကျော်လွန်ကာ ဒီအသေးအဖွဲ ပစ္စည်းလေးနှစ်ခု လှူဒါန်းခဲ့တာက ရှေးတန်းရောက်လာတာပေါ့နော်။  အဲဒီတုန်းက.. ဒီသမုဒ္ဒရာ ခရီးအတွက် သဘော်ဆိပ်ရှိရာကို ခြွေရံသင်းပင်းတွေနဲ့ လျှောက်လာခဲ့တယ်။ နေပူဒဏ်ကို ကာကွယ်ဖို့ ထီးလေး ဆောင်လာပြီး၊ မြေကြီးအပူဒဏ်ကို ကာကွယ်ဖို့ ဖီနပ်ကလေးစီးလာခဲ့တယ်။ လမ်းခုလတ်ရောက်တော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို ဖူးတွေ့ရတယ်။  အရှင်မြတ်ဟာ နေပူထဲက လာလို့ တော်တော်ကြီး ပင်ပန်းနေတယ်။  သဲမြေပူပူမှာ ဖိနပ်မပါဘဲ လမ်းလျှောက်ခဲ့ရလို့ အင်မတန်အခံရခက်နေတယ်။ ဒါကို ကျနော်က သိရှိခံစားရလို့ စီးလာတဲ့ ဖိနပ်တစ်ရံကိုချွတ်ပြီး အရှင်မြတ်ကို လှူခဲ့တယ်။ ဖိနပ်တစ်ရံက သိပ်တန်ဖိုးမရှိပါဘူး။

" အို.. ပုဏ္ဏား ၊ သင့်ဖိနပ်တစ်ရံအလှူဟာ တန်ဖိုးမကြီးပေမယ့် အလှူခံပုဂ္ဂိလ်က အလွန့်အလွန်မြင့်မြတ်နေတယ်။ အာသဝေါကုန်ခန်းတဲ့ သူတော်စင်ကြီးဖြစ်နေတယ်။ နိရောဓသမာပတ်ဝင်စားရာမှ ထလားတဲ့  အရှင်မြတ်ကို
 ပေးလှူရခြင်းဟာ ယခုလက်ငင်းချက်ခြင်းအကျိုးကို ဖြစ်စေတယ်။  အရှင်မြတ်ကြီးက ဈာန်အဘိညာဉ် တန်ခိုးစွမ်း အားနဲ့  အသင်ပုဏ္ဏားဒီခရီးစဉ်မှာ အတိဒုက္ခရောက်မှာကို ကြိုသိမြင်နေလို့ အချိန်မိကယ်တင်ဖို့
 ကြွလာတယ် ဖြစ်မှာပေါ့"

ဩော်..သဘောပေါက်ပြီး နတ်သမီး၊ လောလောဆယ် အတိဒုက္ခရောက်တာက ရေပြင်မှာဆိုတော့ ဆင်၊မြင်း ယာဉ်ရထားတွေ မလိုပါဘူး။ ဒီသမုဒ္ဒရာကို ဖြတ်ကူးဖို့အတွက် သဘော်ပျဉ်ချပ်တွေစေ့စေ့စပ်စပ် ရေတစ်ပေါက်မျှ မစိမ့်ဝင်နိုင်တဲ့ သဘော်းတစ်စင်းကို ဖန်းဆင်းပေးပါတော့ နတ်သမီး။

အလောင်းတော် သင်္ခပုဏ္ဏား စကားအဆုံးမှာတော့ မဏိမေခလာ နတ်သမီးက ဟောဒီမှာ ကြည့်ပါတော့ဟု လက်ညှိုညွှန်ပြလိုက်ရာ ။ သမုဒ္ဒရာရေပြင်မှာ  ဘွားခနဲ့ သဘော်တစ်စင်းပေါ်လာတယ်။ သဘော်မှာ ရတနာ ၇-ပါးနဲ့စည်ချယ်ထားပြီး ၊ သဘော်ပေါ်မှာလည်း ကျောက်သန်ပတ္တမြားစသော လူသုံးကုန် ပစ္စည်းများနဲ့ ပြည့်နှက်နေတယ်။

မဏီမေခလာနတ်သမီးလေးက ဖိနပ်တစ်ရံကောင်းမှုရှင် သင်္ခပုဏ္ဏားကို ယုယကြင်နာစွာ လည်ပင်းကဖက်၍ ပွေ့ပိုက်ခေါ်ယူကာ သဘော်ပေါ်တင်ပေးလိုက်တယ်။

သင်္ခပုဏ္ဏားမိမိအလှည့်ပြီးသောအခါ လက်စွဲလုလင်အလှည့်ကျတော့မည်ဟု မျှော်လင့်၍ အကဲခတ်ကြည့်ရာ နတ်သမီးက လက်စွဲလုလင်ကို မကယ်တင်သေးပဲ ဒီအတို်င်းကြည့်နေသည့်အတွက် စိတ်မကောင်းဖြစ်ကာ တစ်ခုခုတော့ လိုအပ်နေပြီးလို့ တွေးထင်မိတယ်။ အတန်ကြာမှ သတိရလာ၍ ထိုနေ့က မိမိလှူခဲ့ရသည့်  ဖိနပ် တစ်ရံ အလှူကုသိုလ်ကို အမျှပေးဝေလိုက်တယ်။ လက်စွဲလုလင်ကလည်း ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်လိုက်တယ်။ ဤတွင်မှ မဏိမေခလာ နတ်သမီးက လက်စွဲလုလင်ကိုလည်း ပွေ့ပိုက်၍ သဘော်ပေါ်ကိုတင်ပေးလိုက်တယ်။

မဏိမေခလာနတ်သမီးကွယ်ပျောက်သွား၍ မကြာမမီမှာပင် ရတနာ ၇-ပါးသဘော်ကြီးဟာ သူတို့ထွက်လာတဲ့ ဆိပ်ကမ်းကို ဆိုက်ရောက်လာပါတယ်။

ကဲ.. စာဖတ်သူတို့လည်း သင်္ခပုဏ္ဏားလို  အရိယာသူတော်စဉ် ပစ္စေကဗုဒ္ဓါကို လှူဒါန်းခွင့် မရပေမယ့် ၊ ပစ္စေကဗုဒ္ဓါကို လှူဒါန်းခွင့်ရခဲ့တဲ့ ရှေးရှေးက ကုသိုလ်ရှင်ကြီးတွေရဲ့ ကုသိုလ်ကို ရည်မှန်းကာ သာဓုခေါ်နိုင်ပါတယ်။ ခုချက်ခြင်းလက်ငင်း၊ သင်္ခပုဏ္ဏားကြီးရဲ့ ဖိနပ်တစ်ရံ အလှူကိုလည်း  လှမ်းမျှော်ကြည့်ရှုကာ သာဓုခေါ်နိုင်ပါတယ်။

အဲ...နောက်တစ်ထပ်မှာချင်တာက..facebook မှာဖြစ်စေ၊ ကြားလို့ဖြစ်စေ၊မြင်လို့ဖြစ်စေ ၊သူတော်ကောင်းတွေ ပြုလုပ်ကြတဲ့ဒါန၊သီလ၊ဘာဝနာကုသိုလ်တွေကို စုပေါင်းကာ သာဓု..သာဓု..သာဓုလို့ ခေါ်လိုက် ကြပါစို့လားဗျာ။

ဝဏ္ဏသီရီ (တစ်သက်တာ အရှင်အာနန္ဒာမှတ်တမ်းကို မှီငြမ်းပါသည်)






No comments:

Followers

My Blog List