`နိဗ္ဗာန်´ဆိုတာ ဗုဒ္ဓဘာသာဝင်များ၏ အဓိက ဘာသာရေး ရည်မှန်းချက် ဖြစ်ပါတယ်။ မဟာယာန နှင့် ထေရ၀ါဒ ဟူ၍ သံဃာ့ဂိုဏ် နှစ်မျိုး ကွဲပြားသွားတာ ကြာလာတာနဲ့ အမျှ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားပါတယ်။
မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်၎င်း၊ သံသရာကိုယ်၌ ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍၎င်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားပါတယ်။
သို့သော် ထေရ၀ါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်ဟာ တည်နေရာဘုံအဖြစ် မယူဆ၊မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် `နိဗ္ဗာန်´ ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပါတယ်။
နိဗ္ဗာန်ကို အဘိဓမ္မာ တွင် အသင်္ခတ ဓမ္မအစစ်ဟု ဖွင့်ဆိုပါတယ်။
ယင်း အစစ်အမှန်တရားကို အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့်လည်း နိဗ္ဗာန် အယူအဆသည် ဗုဒ္ဓဘာသာလောကတွင် သာမက အခြား အတွေး အခေါ်ပညာရှင်များ ၊ ဘာသာဝင်များကြားတွင်ပါ စိတ်ဝင်စားစရာ ထင်ရှားလာရပါတယ်။ သို့သော် ရှိသမျှသော သမိုင်းတလျှောက် အဓိပ္ပါယ် ဖွင့်ဆိုမှုများဟာ နိဗ္ဗာန် ဟူသည် မည်သည့် အရာဖြစ်ကြောင်း တိကျရှင်းလင်းသော အဖြေသို့ မရောက်ခဲ့ကြပါ။ ထိုသို့ ဖြစ်ရခြင်းမှာ ...
1. ကျမ်းပြုသူ အသုံးပြုသော ဘာသာစကားတွင် ကန့်သတ်ချက်ရှိနေခြင်းကြောင့်လည်းကောင်း။
2. ကျမ်းပြုသူ ကိုယ်တိုင် နိဗ္ဗာန်ကို မျက်မှောက်ပြုသည်အထိကိုယ်တွေ့မရှိသေး
သောကြောင့်လည်းကောင်း။
3. ကျင့်ကြံအားထုတ်သော်လည်း နိဗ္ဗာန်နှင့် ထပ်တူထပ်မျှ နှိုင်းယှဉ်ပြစရာ မည်သည့်အရာမှ မရှိသော
ကြောင့်လည်းဖြစ်နိုင်ပါတယ်။
တဏှာကုန်ဆုံးရာနိဗ္ဗာန်နိဗ္ဗာန် ဆိုတာ ပါဠိလို နိဗ္ဗာန ဟူသော ပုဒ်မှ လာ၍ ငြိမ်းသတ်ခြင်းလို့ ဆိုလိုပါတယ် ။ ထို့ကြောင့် လောဘ၊ဒေါသ၊မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းဟာ နိဗ္ဗာန်ဖြစ်ပါတယ် ။ (ရတနသုတ်)
တနည်းအားဖြင့် နိဗ္ဗာန ဆိုတာ ပါဠိဘာသာ နိ နှင့် ၀ါန ကို ပေါင်းထားခြင်းဖြစ်ပါတယ်။
နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။
ဝါန - တဏှာ ။
နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓစာပေလာ ၃၁-ဘုံ၌ ရှိကြသော သတ္တဝါတို့ဟာ သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်ပါတယ်။ နိဗ္ဗာန်တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လယ်ခြင်း မရှိတော့ပါ။
နိဗ္ဗာန်ဆိုတာ ကောင်းဘုံကဲ့သို့ နေရာအဖြစ် မတည်ရှိသော်လည်း ။
ထာဝရ အအေးဓာတ် အငြိမ်းဓာတ်သဘောရှိပါတယ်။
အချုပ်အားဖြင့် နိဗ္ဗာန်ဆိုတာ တက်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ)ဖြစ်ပါတယ်။ ဘ၀တစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ ဖြစ်ပါတယ်။
၁. သဥပါဒသေသ နိဗ္ဗာန်
မသေခင် ဤရုပ်နာမ် ခန္ဓာရှိနေစဉ်တွင် အေးချမ်းသောဓာတ် ငြိမ်းသောဓာတ် သဘောကို သဥပါဒသေသ နိဗ္ဗာန်လို့ခေါ်ပါတယ်။
• ပထမမဂ်ဉာဏ်ရသော သောတာပန်ဟာ သောတာပန်အဆင့် ငြိမ်းအေးဓာတ် သဥပါဒသေသ နိဗ္ဗာန် ကိုရပါတယ်။
• ဒုတိယမဂ်ဉာဏ်ရသော သကဒါဂါမ်ဟာ သကဒါဂါမ်အဆင့် ငြိမ်းအေးဓာတ် သဥပါဒသေသ နိဗ္ဗာန် ကိုရပါတယ်။
• တတိယမဂ်ဉာဏ်ရသော အနာဂါမ်ဟာ အနာဂါမ်အဆင့် သဥပါဒသေသ နိဗ္ဗာန် ကိုရပါတယ်။
အနုပါဒသေသ နိဗ္ဗာန်
သေပြီးနောက် ဘ၀မကူးပဲ ရအပ်သော နိဗ္ဗာန်ကို အနုပါဒသေသ နိဗ္ဗာန်ဟု ခေါ်ပါတယ်။
• စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာပုဂ္ဂိုလ်ဟာ သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ၀င်စား၍ နေနိုင်ပါတယ်။ သေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘ၀တစ်ဖန် ပြန်မဖြစ်တော့သည့် အနုပါဒသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရပါတယ်။
1. မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
2. တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)
3. ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
4. ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
5. တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
6. ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)
7. တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
8. အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
9. အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
10. သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
11. မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
12. သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
13. ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
14. ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
15. သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
16. ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
17. သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
18. ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
19. ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
20. ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
21. သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
22. ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)
23. သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ)
24. သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
25. အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
26. ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
27. အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
28. အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
29. လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)
ဒီဃနိကာယ်၊ သတိပဋ္ဌာနသုတ္တအဋ္ဌကထာ
နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း ၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးတရား ပွားများ အားထုတ်ခြင်းဖြင့်သာ ကိုယ်ဥာဏ် သက်ဝင်ရာ ဂုဏ်ပုဒ်များနှင့် နိဗ္ဗာန်ကို နားလည်း သဘေားပေါက်နိုင်ပါတယ်။
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းခြင်း၊ ဆင်ခြင်အောက်မေ့ခြင်းတို့ဖြင့် စိတ်၏ ကြည်လင်မှုကို ရရှပြီး၊ ဉာဏ်ပွင့်လင်းလာပါမယ်၊ စိတ်အေးချမ်းလာပါမယ် ထို့နောက် ဥပစာရ ဈာန်အဆင့်ကို ရောက်နိုင်ပါတယ်။
မိလိန္ဒမင်းနှင့် အရှင်နာဂသိန် တို့၏ နိဗ္ဗာန် အကြောင်း ဆွေးနွေးခန်း
ထေရ် - မင်းကြီး ၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏ ။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်ပါ။
မင်း - ဒီလိုဆို အရှင်ဘုရား မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြတာပေါ့။
ထေရ် - မင်းကြီး နိဗ္ဗာန်ဆိုတာ ရှိပါတယ် ။ မနောဝိညာဉ်ဖြင့်သာ သိအပ်ပါတယ် ။ စင်ကြယ်မြင့်မြတ်သော ၊အနှောက် အယှက် အပိတ်အပင် ကင်းသော ၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာ ကျင့်သော အရိယာတို့သည်သာ နိဗ္ဗာန် ကို သိနိုင် ၊မြင်နိုင်ပါတယ်။
မင်း - အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် ထင်ရှားအောင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ ။
ထေရ် - မင်းကြီး ၊ လေဆိုသော အရာဟာ ရှိတယ် မဟုတ်လော ။
မင်း - ရှိပါတယ် အရှင်ဘုရား။
ထေရ် - လေဟာ အဆင်း ၊ ပုံသဏ္ဍာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသလဲ။
မင်း - လေကို ညွှန်ပြ ၊ဖော်ပြရန် မဖြစ်နိုင်ပါ အရှင်ဘုရား။
ထေရ် - သို့ဆိုလျှင် လေဆိုတာ ..မရှိသလား ၊ မရှိဘူးလား။
မင်း - လေဆိုတာ ရှိပါတယ်။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ ။
သို့သော် လေရှိသည်ဆိုတာကို နှလုံးသားမှာ သိနေပါတယ်။ နှာသီးဝ၌လည်း တိုးနေပါတယ် ။ထိုတိုးသော လက္ခဏာ အားဖြင့်လည်း သိပါတယ်ဘုရား။
ထေရ် - မင်းကြီး နိဗ္ဗာန်ဟာ လည်း ထိုသို့ပင် ဖြစ်ပါတယ်။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိနိုင်ပါတယ်။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၄င်း ၊ ပုံသဏ္ဍာန် အားဖြင့် ၄င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။
မင်း - လက်ခံပါပြီ ဘုရား ။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန်မှာ တည်ရာအရပ် ရှိပါသလား။
ထေရ် - မင်းကြီး ၊ နိဗ္ဗာန်မှာ တည်ရာအရပ် မရှိပါ။
မင်း -နိဗ္ဗာန်ဟာ တည်ရာအရပ် မရှိဘူးဆိုရင် ၊ နိဗ္ဗာန်ဆိုတာ မရှိနိုင် ၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်ပါသလဲ။
ထေရ် - မင်းကြီး ၊ နိဗ္ဗာန် ဟာ အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန်ဆို ရှိပါတယ်။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ပါတယ်။
ဥပမာ - မီးဟာ ထင်ရှားရှိပါတယ် ။ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်ဟာ မရှိသကဲ့သို့ ဖြစ်ပါတယ်။ ကျောက်ခဲ နှစ်လုံး ခတ်မှ ၊ ၀ါးနှစ်လုံးပွတ်မှ မီးဖြစ်လာ ၊ ရလာသကဲ့သို့ ဖြစ်ပါတယ်။ စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ ၊ မိဘုရားရတနာ ၊ သူကြွယ် ရတနာ ၊ ဆင်ရတနာ ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပါဘူး ။
မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြပါတယ်။ ထို့အတူ သင့်တော်သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါတယ်။
မင်း - တပည့်တော် လက်ခံပါပြီ ဘုရား ။
ဓမ္မရံသီ အီမေး(လ်) မှ ကောက်နုတ်တင်ပြပါသည်။

နိဗ္ဗာန် နှစ်မျိုး

ဗုဒ္ဓစာပေလာ နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ

No comments:
Post a Comment