Thursday, May 16, 2013

ဆယ်ပြားစေ့နှင့်ရတနားသုံးပါကျေးဇူး


ဓမ္မာစရိယဦးဌေးလှိုင်ရေးသော ရတနာသုံးပါကျေးဇူးကို ဖတ်နေရင်းက၊ စားရေးသူ ကိုယ်တွေ့ ရတနာသုံးပါးကျေးဇူး အကြောင်းကို ပြောပြချင်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာသည်။ စာရေးသူအတွက် ရတနာသုံးပါနှင့် ပတ်သတ်သော ကျေးဇူးတရားများကာ များပြာလှပေစွ၊ သို့သော် ထူးခြားသော အကြောင်းအရာများကိုပင်ပြောပါမည်။

စာရေးသူ ယခု အသက်လေးဆယ်တွင် သာသနာပြုလုပ်ငန်း၊ ပရဟိတအကျိုးပြုလုပ်ငန်းများအတွက်  မြန်မာငွေ သိန်းခြောက်ရာကျော် ၊အမေရိကန်ဒေါ်လာ ၆-သောင်းကျော် လှူဒါန်းပြီဖြစ်ပါသည်။ စဉ်းစားမိတိုင်းလည်း ဝမ်းသာ ပီတိဖြစ်မိပါသည်။

များသောအားဖြင့် လူတော်တော်များများသည်.. " လူသည် တန်ုခိုးရှင်ကြီးဖြစ်၏၊ ဘာမဆိုလုပ်တိုင်းဖြစ်သည်။ အကန့်အသတ်မရှိ၊ လိုသလောက်ရနိုင်သည်" ဟူသော လူ့စွမ်းအင်ကို မေ့လျှော့နေခြင်းဖြစ်၏။ ဗုဒ္ဓကိုယ်တော်တိုင်လည်း 'ဆန္ဒဝတာ ကိံ နာမ ကမ္မံ န သဇ္ဈတိ' ဟောခဲ့သည်မဟုတ်ပါလား။

စာရေးသူ၏ နိုင်ငံခြားရောက်မှ အတွေ့အကြုံများကို စ၍ ပြောပြပါမည်။ ၂၀၀၄-ခုနှစ်လောက်က  ကနေဒါနိုင်ငံ တိုရန်တို မဟာဓမ္မိကကျောင်းကို အခန်းနေ လက်ထောက် ဘုန်းကြီး အဖြစ်ဖြင့်ရောက်လာပါသည်။
 နိုင်ငံခြားတိုင်းပြည်မှာ လူဖြစ်ဖြစ်၊ ဘုန်းကြီးဖြစ်ဖြစ် ငွေမရှိလျှင် ရပ်တည်၍မရ။ အဓိကငွေဖြင့်ဘုန်းကြီး ကျောင်း လစဉ် ကုန်ကျ စရိတ်များကို ပေးဆပ်ရသည်။  တိုရန်တိုကျောင်းသည် အသစ်ဆောက်ထားသော
  ကျောင်းဖြစ်သည့်အတွက် တစ်လျှင် ဒေါ်လာ လေးထောင်မှ ငါးထောင်ကြား ကုန်စရိတ်ရှိသည်။

တစ်နေ့တွင် ကျောင်းအမှုဆောင်များမှ အသင်းဘဏ်တွင် ငွေရှစ်ထောင်သာရှိတော့ကြောင်း အလှူငွေများ လိုအပ်ကြောင်း လျှောက်ထားလာသည်။ ဤတွင်စာရေးသူမှ  ကျောင်းတော်ကြီး၏ လိုအပ်ချက်များကို တတ်နိုင်
သမျှ ဖြည့်ဆီးမည်ဟု ရတနာသုံးပါကို အာရုံပြုကာ ငါ ကျောင်းတော်ကြီးအတွက်  ဒေါ်လာတစ်သောင်း
  ရအောင် အလှူခံပေးမည်ဟု စိတ်ထဲမှ ဆန္ဒပြုမိသည်။ တချို့ဒကာ၊ဒကာမတွေကဆို "ဘုန်းဘုန်း တစ်သောင်း ဘယ်ကရမှာလည်း" ဟုပင် မေးလျှောက်ခြင်းခံရပါသည်။

 ထို့နောက် စာရေးသူမှ ရေပဒေသာပင် တစ်ပင်ကို ၇၅ဒေါ်လာဟု သတ်မှတ်၍ အလှူခံရာ  နှစ်လအတွင်း တွင် ဒေါ်လာ တစ်သောင်းနှစ်ထောင်ကျော်ကို အလှူခံရရှိပါသည်။ စုပေါင်း ရေပဒေသာပင် ရေစက်ချပွဲတွင်
 ရေအလှူရှင်များနှင့်၊ စာရေးသူပါ ဝမ်းသာပီတိဖြစ်မိပါသည်။ ယခုထက်တိုင်လည်း တွေးမိတိုင်း ဝမ်းသာကြည်နှုးမိပါသည်။

နောက်တစ်ခု လူသိနည်းသော နိယာမတစ်ခု ပြောချင်ပါသေးသည် "လူတို့သည် စေတနာ ဆန္ဒဖြင့် ပြုလုပ်သည်ရှိသော် ကိုယ်လုပ်သာထက်ပိုရ၏" ဟူသော ဓမ္မနိယာမပင်ဖြစ်သည်။

စာရေးသူသည် ပြည်ပရောက်ကတည်းက ကိုယ်ပိုင်ကျောင်းဖြင့် လွတ်လွတ်လပ်လပ်သာသနာပြုလိုသော ဆန္ဒ ပြင်းပြခဲ့ပါသည်။ ပြင်းပြသည့်အတိုင်း မလေးရှားမှ ကျေးဇူးရှင် ပီနန်ဆရာတော်ကြီးထံ ကနေဒါတွင် သာသနာပြု ကျောင်းတည်ထောင်လိုကြောင်း ပွင့်ပွင့်လင်းလင်း စာရေးဖူးပါသည်။ ဤသို့ရေးလျှောက်ထားခြင်းမှာ စာရေးသူ ငွေလက်ထဲမှာ မြောက်များစွာရှိ၍မဟုတ်ပါ၊
 ပြင်းပြသောဆန္ဒတစ်ခုပင်ရှိပါသည်။  ပီနန်ဆရာတော် ကြီးသည် ဘာမှ အကြောင်းမပြန်ပါ။ စားရေးသူသည် ဤဆန္ဒဖြစ်ပေါ်ကတည်းက ၊ ဘုရားဝတ်ပြုပြီးတိုင်း  ဆယ်ပြားစေ့တစ်စေ့ အလှူခံပုံထဲကိုထည့်၍ "ဤကောင်းမှုကြောင့် ကနေဒါမှာ ကိုယ်ပိုင်ကျောင်းဖြင့် သာသနာပြု ရပါလို၏" ဟုအမြဲဆုတောင်း၏ ဆန္ဒပြု၏။ တနေ့ နှစ်ကြိမ်ဘုရားရှိခိုးတာဆိုတော့ နှစ်ကြိမ်ဆုတောင်းဖြစ်ပြီး တစ်နေ့ဆယ်ပြားစေ့   နှစ်စေ့ကိုလှူဒါန်းဖြစ်ပါသည်။

စာဖတ်သူအနေဖြင့်.. ဤဆယ်ပြားစေ့နှစ်စေနှင့် အဘယ်မှာလျှင် ပြည်ပမှာ ကျောင်းဝယ်နိုင်စွမ်းရှိပါ့မလဲဟု
 တွေးထင်စရာ၊ တနည်းအားဖြင့်ပြောရလျှင် ရှုတ်ချစရာ အကြောင်းရှိပါသည်။ ဒါပေမယ့် ခုတော့ ဤဆယ်ပြားစေ့ဆန္ဒနှင့် ရတနာသုံးပါး ကျေးဇူးကြောင့် သုံးနှစ်အတွင်းမှာပင် ကိုယ်ပိုင်ကျောင်းဖြင့် ပြည်ပတွင် စာရေးသူ သာသနာပြု လျှက်ရှိပါသည်။

ယခု စာရေးသူ သီတင်းသုံးနေသော ကျောင်းဝယ်မည် လုပ်ခါစတွင် ဆရာတော်များ၊ ဒကာ၊ဒကာမများမှ ဖြစ်မှ ဖြစ်ပါလား၊ လစဉ်ပေးငွေတွေကိုကော လစဉ်ပုံမှန်ပေးနိုင်ပါမလားဟု ၊ စေတနာဖြင့် စာရေးသူကို တိုက်ရိုက်ပြောကြားသူများရှိသလို ၊ ကဲ့ရဲ့သလို၊ ရှုတ်ချသလိုဖြင့် ကွယ်ရာမှာ " ကြည့်သေးတာပေါ့၊ ဘယ်လောက်ကြာကြာခံမလဲဆိုတာ" ဟူသော စကားသံများကို ကျောင်းမဝယ်ခင်ကကော ၊ကျောင်း ဝယ်ပြီးသော အချိန်အထိ ပြောသံများ ကြားနေခဲ့ပါသည်။ ထိုစကားသံများကို ကြားတိုင်း စာရေးသူ ဖြေလေ့ရှိသော စကားတစ်ခွန်းရှိပါသည်။  "ဘုန်းဘုန်း သာသနာပြုနေတာ ဘုန်းဘုန်းမှာ ငွေရှိလို့ သာသနာပြုနေတာ မဟုတ်ဘူး ၊ ဘုရားရှိလို့ သာသနာပြုနေတာ၊ ခင်ဗျားတို့ကြီး အားကိုးမှာ မဟုတ်ပါဘူး၊
သာသနာ့ဒါယကာ၊ဒါယကာမအားလုံးကို အားကိုးပြီးသာသနာပြုမှာဟု ဖြေကြားလေ့ရှိပါသည်။

ဟုတ်ပါသည်။
 ယခုစာရေးသူ သာသနာပြုနေသော ကျောင်း၏ တစ်လကုန်ကျစရိတ်မှာ ဒေါ်လာသုံးထောင်ကျော် ရှိပါသည်။ စာရေးသူ ဘာမှ ပူပန်စိတ်မရှိပါ။  အခက်အခဲများကို ရတနာသုံးပါက ကူညီမည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါသည်။

စာရေးသူ ဘုရားရှိခိုးပြီုးတိုင်း ဆယ်ပြားစေ့တစ်စေ့လှူ၍ ဆန္ဒပြုခဲ့သော စာရေးသူဆန္ဒကား အောင်မြင်ခဲ့ပါပြီ၊ ပြည်ပမှာ ဒီထက်အောင်မြင်သော သာသနာပြု ဘုန်းကြီးဖြစ်ရန်လည်း ကြိုးစားနေပါသည်။

ကဲ..စာဖတ်သူ.. ၊
စာဖတ်သူဘဝမှာ ဘာများ တစ်ခုခုဖြစ်ချင်ပါသလဲ၊ မိမိဖြစ်ချင်တာကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား ပုံဖော်လိုက်ပါ၊ လောလောဆယ်လက်ထဲမှာ မိမိဖြစ်ချင်တာအတွက် ငွေအများကြီး မလိုသေးပါဘူး ဆယ်ပြားစေ့ တစ်စေ့လောက်ဆိုရပါပြီ။ မိမိဖြစ်ချင်တာရှင်းလင်း ပြတ်သားပုံပေါ်လာပြီဆိုရင်တော့
 ဘုရားရှိခိုးပြီး ဆယ်ပြားစေ့ တစ်စေ့ ဘုရားလှူ၍ ဆန္ဒပြုလျှက်ပါ..။

 လူတို့မှာ .." လုပ်မှ စားရသည်"ဟု ယုံကြည်ထားသော သာမန်ရုပ်ဝါဒီတို့ထက် သာလွန်သော မမြင်နိုင်သော စွမ်းအားများနှင့် ရတနာသုံးပါး ကျေးဇူးများလည်း ရှိပါသေးကြောင်း တင်ပြလိုက်ရပါသည်။

No comments:

Followers

My Blog List