Tuesday, September 24, 2013

ဗုဒ္ဓယဉ်ကျေးမှု သက်ကြီးပူဇော်ပွဲ


 
ဒကာ။  ။ ဆရာတော်ဘုရား  ရှေ့လအောက်တိုဘာ (၁၃) ရက် တနင်္ဂနွေနေ့မှာ သက်ကြီး၊ဝါကြီး ပူဇော်ပွဲ  ဘုန်းကြီးကျောင်းမှာ ရှိတယ်ဆိုဘုရား။
 
ဆရာ။  ။ ဟုတ်တယ်ဒကာ ၊ မြန်မာဗုဒ္ဓဘာသာအသင်းက ဦးဆောင်ပြီး ဗန်ကူးဘားရောက် မြန်မာဗုဒ္ဓဘာသာ မိသားစုတို့ ဒီပွဲကို  သီတင်းကျွတ်လတိုင်း ကျင်းပလာတာ ဒီနှစ်ဆို ၄-နှစ်တောင်ရှိပြီလေ။
 
ဒကာ။  ။ တပည့်တော် အရင်နှစ်တွေက ကြားတော့ ကြာနေတယ်ဘုရား၊ အလုပ်ကလည်းများ၊ တပည့်တော်တို့လည်း မြန်မာဗုဒ္ဓလာသာ ယဉ်ကျေးမှုနဲ့ အလှမ်းဝေးနေတော့ ဒီအကြောင်းတွေ ကောင်းကောင်း မသိဘူးဘုရား။ တပည့်တော်က ကနေဒါရောက် နှစ်ပေါင်းနှစ်ဆယ်ကျော်နေပြီး တစ်ခါမှလည်း ဒီလိုပွဲမျိုးမကြုံဖူးဘူး၊ မြန်မာပြည်မှာတုန်းကလည်း ကျောင်းမှာတော့ အာစရိယပူဇော်ပွဲတို့ပဲ ကြုံဖူးတာ။
 
ဆရာ။  ။ အိမ်း..ဒါဆို ဒကာ ကြုံဖူးတယ်ရှိအောင် ဒီနှစ် ဗုဒ္ဓရံသီ သက်ကြီးပူဇော်ပွဲကို လာဖြစ်အောင် လာခဲ့နော်။
 
ဒကာ။  ။ အရှင်ဘုရားက လာဖို့တာဖိတ်ခေါ်နေတယ်။ ဒီသက်ကြီး ပူဇော်ပွဲကို ဘာကြောင့်လုပ်ရတယ်။ ဘယ်တုန်းက စခဲ့တယ်။ ဘာအကျိုးတယ်ရတယ်၊ ဘယ်လို ပူဇော်ကန်တော့ရတယ်ဆိုတာကို ကော ရှင်းပြပါဦးဘုရား။
 
ဆရာ။  ။ ဒကာလို မေးသူရှိတော့လည်း ရှင်းပြရတာပေါ့၊ ပြည်ပနိုင်ငံတွေမှာက ကိစ္စ၊ဝိစ္စများလို့ တရားပွဲတွေမှာတော့ အကုန်စုံလင်အောင် မဟောဖြစ်ဘူး၊ ခုလို မေးမြန်းသူရှိလာတော့ လည်းရှင်းပြရတာပေါ့။
 


၁) ပွဲတော် အစဉ်အလာ

 

မြန်မာပြည်မှာဆို သီတင်းဝါလကျွတ်တဲ့အခါ မိဘ၊ဆရာသမား၊ အသက်၊သိက္ခာကြီးတဲ့သူတွေကို အဝတ်အစား စားဖွယ်သောက်ဖွယ်များအတူ လက်အုပ်ချီမိုး ရှိခိုးကန်တော့ကြတယ်လေ။ ရိုးရိုးရှင်းရှင်းလေး ပြောရရင် မြတ်စွာဘုရား မင်္ဂလာတရာတော်အတိုင်း ပူဇာ စ ပူဇနေယျာနံ=  ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာဆိုတဲ့ အတိုင်း ကောင်းမှု မင်္ဂလာဖြစ်ရအောင် ပူဇော်ကန်းတော့တာပေါ့။
 
ဒီအစဉ်အလာတွေကို မြတ်စွာဘုရားသက်တော်ထင်ရှားရှိကတည်းက  မြတ်စွာဘုရားရဲ့ တပည့်သား သံဃာတော်များ ကျင့်သုံးခဲ့တယ်။   အဝေးရောက်ရဟန်းတော်များ သီတင်းဝါလကျွတ်တဲ့အခါ  မြတ်စွာဘုရားရှိရာ  ကျောင်းတော်ကို ရောက်လာကြပြီး တစ်ပါးနှင့်တစ်ပါး အပြစ်မြင်က ပြောဆိုဆုံးမဖို့ ခွင့်ပန်းခြင်းဟုဆိုသော “ ပဝါရဏာပွဲ” ပြုလုပ်ပြီး  မြတ်စွာဘုရားအား ပူဇော်ကန်တော့ ကြတယ်လို့ ကျမ်းဂန် တွေမှာ တွေ့ရတယ် ဒကာတော်။
 
ဒကာ။  ။ မြန်မာယဉ်ကျေးမှုထဲ ဘယ်လိုရောက်လားတာလဲ ဆိုတာ သမိုင်းအထောက်အထားများရှိက ရှင်းပြပါဦးဘုရား။
 
ဆရာ။  ။ လွယ်လွယ်ပြောရရင်တော့ မြန်မာမင်းများ လက်ထက် သာသနာရောက်လာတော့  ဒီယဉ်ကျေးမှုလည်း ပါလာတယ်လို့  ဆိုနိုင်ပါတယ်။
 
ဒီဗုဒ္ဓသာသနာ အစဉ်အလာကို အကြောင်းပြု၍ လောကသမ္မုတိနတ်များဖြစ်ကြတဲ့ မြန်မာဘုရင်နှင့် မိဖုရားတို့လည်း သီတင်းဝါလကျွတ်တဲ့အခါ  နန်းတွင်းမှာ  ပူဇော်ကန်တော့ပွဲများ ကျင်းပလေ့ရှိကြောင်း မြန်မာ့ သမိုင်းမှတ်တမ်းတွေမှာ တွေ့ရတယ်ဒကာ။  အတိအကျပြောရရင်တော့ ဒုတိယ အင်ဝခေတ် စာဆိုတော် ဆည်သည်ရွာစား ဦးအောင်ကြီး၊ ကုန်းဘောင်ခေတ် လူဦးမင်းနှင့် ကိုလိုနီခေတ် စာဆိုတော် ဦးပြုံးချိုတို့ရဲ့ ရာသီဖွဲ့ မှတ်တမ်းတွေမှာ  သီတင်းကျွတ်လည သက်ကြီးပူဇော်ပွဲ အကြောင်းတွေ လေ့လာတွေ့ရှိရတယ်။
 
ဒကာ။  ။ နန်းတွင်းသူ နန်းတွင်းသားတွေ ဒီပွဲကျင်းပပုံ အကျဉ်းလောက် ရှင်းပြပါလားဘုရား။
 
ဆရာ။  ။ အိမ်း..ကောင်းပြီ..  နန်းတွင်းသူ ၊နန်းတွင်သားတို့ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှာ  နန်းတွင်းရှိ မင်းညီမင်းသားများ စုရုံး၍ မင်းကြီးနှင့်မိဖုရားကို ကန်တော့ကြတယ်။  လပြည့်ကျော်  ၂-ရက်နေ့မှာတော့ ဘုရင်မင်းမြတ်က သီကြားမင်းသဏ္ဍန် ဒုရင်မကိုဋ်ကို ဆင်မြန်းလျှက် မဂ်လာဆင်တော်ဖြင့် မြို့တော်ကို လှည့်လယ်ကာ ပြည်သူ/ပြည်သားတွေကို အပူဇော်ခံလေ့ရှိတယ်။ ဘုရင်များ အပူဇော်ခံပုံ အဆင့်ဆင့် နှင့် ပူဇော်ပုံကတော့ ကျမ်းဂန်းမှာ တော်တော်များတယ်ဒကာ။  ဒီနေရာမှာ မင်းများလည်း သီတင်းကျွတ်လမှာ အပူဇော်ခံကြတယ်လို့သာ မှတ်ထားလိုက်ပေါ့ဒကာ။
 
ဒကာ။  ။မှန်ပါ့ဘုရား ။ ဒါနဲ့ တစ်ဆက်တည်း တိုင်းသူပြည်သားမျာ ဝါကျွတ် ကန်တော့ပွဲ အကြောင်းကိုလည်း ပြောပြပါဦးဘုရား။
 
ဆရာ။  ။ ဒီလို ဒေသနာလာနည်းစနစ်တွေ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ သူတွေက သီတင်းကျွတ်လမှာ အပူဇော်ခံတာတွေကို အခြေခံပြီး မြန်မာ့ဗုဒ္ဓဘာသာတိုင်းရင်းသာ ပေါင်းစုံတို့  ရိုးရာယဉ်ကျေးမှု သီတင်းဝါလ ကျွတ်တဲ့အခါ နှစ်ဖက်သော ဘိုးဘွား၊မိဘများအားလည်းကောင်း၊ ဆရာသမားများအားလည်းကောင်း၊ နှစ်ဖက် ဆွေမျိုးထဲက သက်ကြီးဝါကြီးများအားလည်းကောင်း ၊မြို့ရွာ ရပ်ကွက်ရှိ သက်ကြီးရွယ်အို များအားလည်းကောင်း  ပေါင်မုန့် ၊ကိတ်မုန့်စသော မွန်ုမြတ်သော အစားအစာများ၊ ဆေးဝါးများ၊ အသုံးအဆောင် စသည်များနှင့် ပူဇော်ကန်တော့ကြတယ်။
 
ယခုခေတ် မြန်မာနိုင်ငံမှာတော့ မိသားစုလိုက် သွားရောက်၍ သက်ဆိုင်ရာ ဘိုးဘွားတွေကို ပူဇော်ကန်တော့ကြသလို  ရပ်ကွပ်ဓမ္မာရုံမှာ စုပေါင်းပြီး အခမ်းအနားများနဲ့ ရပ်ကွက်ရှိ သက်ကြီး ဝါကြီးတွေကို  ပူဇော်ကန်တော့ကြတယ်။
 
ပူဇော်နည်း  ၂-မျိုး
 
ဒကာ။   အရှင်းဘုရားက မြန်မာ့ရိုးရာ ပူဇော်နည်း အကြောင်းကိုတော့  ရှင်းပြလို့ နားလည်ပါပြီ ကျမ်းဂန်လာ ပူဇော်နည်းများကို လည် ထပ်ရှင်းပြပါဦးဘုရား။
 
ဆရာ။  ။ အဂုင်္တ္တရပါဠိတော်မှာ   “အာမိသပူဇာ၊ ဓမ္မပူဇာ” ရယ်လို့ နှစ်မျိုးတွေ့ရတယ်ဒကာ။
ပူဇာဆိုတာ  ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ မြတ်နိုးခြင်း၊ ရှိခိုးခြင်းလို့ အဓိပ္ပါယ်ရတယ်။  ပန်း၊ဆီမီ၊စသော စားဖွယ်သောက်ဖွယ်များနဲ့ ပူဇော်တာကိုတော့ အာမိသပူဇာလို့ ခေါ်တယ်။
 
ဓမ္မပူဇာ - ဆိုတာကတော့  တရားတော်ဖြင့် ပူဇော်ခြင်းပေါ့၊ ဘယ်လိုပူဇော်မလဲဆိုရင် ဘုန်းဘုန်းတို့  ကျောင်းမှာ နှစ်စဉ်နှစ်တိုင်း  ၂၄-နာရီ ပဋ္ဌာန်းရွတ်ဆိုကာပူဇော်တာမျိုးတို့ ထို့အတူ မြတ်စွာဘုရားဟော ကြားထားတဲ့ ဓမ္မစကြာတရာတော်၊ မဟာသတိပဋ္ဌာနသုတ်တရားတော် စသည်တို့ကိုရွတ်ဆို ပူဇော်ခြင်းပေါ့။
 
ဒါကြောင့် တရားဓမ္မဖြင့်နေထိုင်ခြင်း၊ မိဘဘိုးဘွား၊ ဆရာသမား သက်ကြီ၊ဝါကြီး ဆုံးမစကားကို လိုက်နာခြင်း ၊ လှူဒါန်းစရာ ပစ္စည်းဝတ္ထုမပါသော်လည်း လက်အုပ်ချီမိုး ရှိခိုးခြင်း စသည်တို့လည်း မြတ်စွာဘုရားစကားကို လိုက်ရာကျင့်သုံးခြင်းဖြစ်လို့ ဓမ္မပူဇာလို့ ဆိုရမယ်။
 
ဒီပူဇော်နည်း နှစ်မျိုးထဲမှာကတော့  ဘုရားစကားနာထောင်ပြီး ဓမ္မပူဇာဖြင့် ပူဇော်ခြင်းကတော အကောင်းဆုံး ပူဇော်ခြင်းဖြစ်တယ်။
 
မြတ်စွာဘုရား ကိုယ်တိုင် ပရိနိဗ္ဗာန်စံခါနီး တပည့်ရဟန်း၊ဒကာ၊ဒကာမတွေ ပန်း၊နံသာတို့နဲ့ အရိုသေပြု လာရောက်ပူဇော်ကြကို တွေ့ရသည့်အခါ  အရှင်အာနန္ဒာအား “  အာနန္ဒာ  ငါဘုရားကိုနတ်ဗြဟ္မာတွေက  ဒီလိုပူဇော်နေကြတယ်။  ဒီလိုနည်းဖြင့် ပူဇော်မှသာ ငါ့ဘုရားကို ကောင်းစွာ အလေးအမြတ်ပြုခြင်း ၊ မြတ်နိုးခြင်း၊ ပူဇော်ခြင်း၊ အရိုအသေပြုခြင်း မမည်ဘူး။  တပည့်ရဟန်း ၊ဒကာ၊ဒကာမတွေက လောကုတ္တရာ တရားကိုးပါးရကြောင်း တရားကောင်းကို ကျင့်ခြင်းဖြင့် ပူဇော်မှသာ  အကောင်းဆုံးပူဇော်ခြင်းလို့ မဟာပရိနိဗ္ဗာန သုတ်မှာ ဟောကြားတော်မူခဲ့တယ်။
ဒါကြောင့် ဓမ္မပူဇာနဲ့ ပူဇော်ခြင်းကတော့ အမွန်မြတ်ဆုံးပေါ့။
 
ဒကာ။  ။ အရှင်ဘုရား အမိန့်ရှိတာ ၊ သက်ကြီးပူဇော်ပွဲအကြောင်း ကောင်းကောင်းမှတ်သားရပါတယ်ဘုရား
 နောက်ဆုံးအနေနဲ့  ပူဇော်ပုံနည်းစနစ်နှင့် ပူဇော်ရခြင်း အကျိုးတို့ကိုလည်း ပြောပြပါဦးဘုရား။
 
ဆရာ။    အိမ်း.. ဒကာမေးမယ်ဆိုလည်း မေးလောက်စရာ ယခုခေတ်မှာတော့ “တစ်ကျောင်း တစ်ဂါတာ ၊တစ်ရွာ တစ်ပုဒ်ဆန်း” ဆိုသလို ပူဇော်ပုံတွေကတော့ စုံနေတာပဲ၊  ဘုန်းဘုန်း  ဗုဒ္ဓကျမ်းဂန်လာ အကျိုးရှိသော ပူဇော်နည်းတွေကို စုစည်းပြောပြမယ်နော်။
 
၁) သဟတ္ထာ ဒေတိ၊ သက္ကစ္စံ ဒါနံ ဒေတိဟူဟော ပါဠိတော်အတိုင်း  သပ္ပုရိသဒါန ( သူတော်ကောင်းအလှူ) ဖြစ်အောင်  လှူဒါန်းမည့် ပစ္စည်းကို  အပူဇော်ခံ ပုဂ္ဂိုလ်ထံသို့ ကိုယ်ထိလက်ရောက် လက်နှစ်ဘက်ဖြင့် ရိုရိုသေသေ ပေးရမယ်။
၂)သီလေ ပတိဋ္ဌာယ ဒိန္နဒါနံ မဟပ္ဖလံ ဟောတိ ဟူသော ဇာတကအဋ္ဌကထာနှင့်အညီ  မလှူဒါန်းမီ ငါးပါးသီလကို ဆောက်တည်ရမယ်။
၃) ဓမ္မပူဇာအနေဖြင့် ရှေးဦးစွာ ဘုရားရှင်အား  ဂုဏ်တော်ကို ရည်မှန်းပြီး ဦးသုံးကြိမ်ချရမယ်။
၎)  မိမိက နိမ့်ရာပူနေ၍  အပူဇော်ခံ ပုဂ္ဂိုလ်၏ သီလ၊သမာဓိ ၊ ပညာ၊ အသက်သိက္ခာ ကြီးမားခြင်း ဂုဏ်တို့ကို အာရုံပြု၍  ဦးသုံးကြိမ်ချရမယ်။
 
၅)  ကန်တော့သည်အခါ သြကာသ ကန်တော့ချိုးမှာ  ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါနှင့်တကွ အသက်သိက္ခာ ဂုဏ်ဝါကြီးမား ( အဘိုး၊အဘွား၊မိဘနှစ်ပါး ၊ဆရာ သမား၊ဦးလေး၊ဦးကြီး ဒေါ်ကြီး၊ဒေါ်လေး )တို့အား အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော်  ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ဟုဆို၍  ရှိခိုးကန်တော့ရမယ်။
 
 
ပူဇော်ရကျိုးများ
 
အသက်သိက္ခာ ဂုဏ်ဝါကြီးသူတွေကို ကန့်တော့ရကျိုးကတော့ အများကြီးပဲ လောကီရှုထောင့်က စပြောရရင် .. ပူဇော်ကန်တော့ပြီးပြီးခြင်း ဆုံးမစကားများကို နာကြားရတယ်။ ပညာရှိသူတော်ကောင်းတွေ အချီးမွမ်းခံရ တတ်တယ်။ လူချစ်လူခင်ပေါများတယ် စတဲ့ လောကီကောင်းကျိုးကတော့ အများကြီးပါပဲ။  ဓမ္မရှုထောင့်  ကြည့်မယ်ဆိုရင် စက္ကဝတ္တိသုတ်အရ.. အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ခွန်အားကြီးခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊  ပညာကြီးခြင်းဟုသော အကျိုးငါးပါးကို ယခုမျက်မှောက်ဘဝ မှာပင်ရနိုင်တယ်။  နောင်ဘဝမှာလည်း သုဂတိဘဝကိုရောက်နိုင်တယ်။
 
အပြစ်ပပျောက်စေနိုင်စည် ဓလေ့ကောင်း ၊ ဆက်လက်ထိမ်းကြစို့
 
ဒီလို အသက်အရွယ်ကြီးသူတို့အား ပူဇော်ကန်တော့ခြင်းဟာ အပြစ်ကို ကုစားသော ( သို့) အပြစ်ကို ပပျောက်စေနိုင်သော နည်းတစ်နည်းဖြစ်တယ်။  မင်းတို့၊ငါတို့ဆိုတာ  ပုထုဇဉ်တွေ အလျှောက်  မသိတ်တတ်ခင် အချိန်အခါက ကျေးဇူးရှင် မိဘ၊ဆရားသမား၊ အသက်သိက္ခာကြီးတဲ့သူတွေကို ပြစ်မှား မိတာတွေ ရှိကောင်းရှိနိုင်တယ်။  ဒီအပြစ်တွေကို  ဝန်ချ တောင်းပန် ကန်တော့ခြင်းနှင့် ပျောက်ကင်းနိုင်တယ်လို့ မြတ်စွာဘုရားဟောကြားခဲ့တယ်။
 
ဓမ္မပဒအဋ္ဌကထာမှာလာတဲ့ သောရေယျသူဌေးသားဟာ ရုပ်ရေချောမောလှပတဲ့ အရှင်မဟာကစ္စည်း မထေရ်အား စိတ်ဖြင့် ပြစ်မှားမိခဲ့လို့  တစ်ခဏချင်း ယောကျာ်ဘဝမှ မိန်းမဘဝကို ရောက်သွားခဲ့တယ်။ ထိုနောက် သူငယ်ချင်းအကူအညီးနဲ့ ရှင်မဟာကစ္စည်းမထေရ် ပြန်လည် ကန်တော့ တောင်းပန်လို့ ယောကျာ်းဘဝ ပြန်ရောက်သွားကြောင်း လေ့လာတွေ့ရှိရတယ်။
ဒါကြောင့် လောကီ၊လောကုတ္တရာ နှစ်ဖြာသော အကျိုးကိုဖြစ်တဲ့ ဒီကောင်းတဲ့ အစဉ်အလာ သက်ကြီးပူဇော်ပွဲကို  မြန်မာဗုဒ္ဓဘာသာ လူမျိုးတိုင်း ဘယ်တိုင်းပြည် ၊ ဘယ်နေရာရောက်  ဆက်လက်ထိမ်းသိမ်း ကျင်းပသင့်သော မြန်မာ့ယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်တယ်ဒကာ။
 
ဒကာ။ ။ အရှင်ဘုရား အမိန့်ရှိမှပဲ သက်ကြီးပူဇော်ပွဲအကြောင်း စုံစုံလင်လင် သိရတယ်ဘုရား။ တပည့်တော်လည်း ပြစ်မှားမိတဲ့ အပြစ်တွေ ရှိရင်ပျောက်ကင်းအောင် အရှင်းဘုရားတို့ကျောင်း  သက်ကြီးပူဇော်ပွဲကို လာဖြစ်အောင် လာခဲ့ပါမည်ဘုရား။

No comments:

Followers

My Blog List