Tuesday, June 18, 2013

ကုန်းတိုက်စကား မယုံငြားနဲ့


ဟို ရှေးရှေးတုန်းက  ရွာတစ်ရွာမှာ အလွန် ချစ်ကြည်နှုးကြတဲ့ ဇနီးမောင်နှံရှိခဲ့ကြတယ်။ သူတို့ရဲ့ မိသားစုလေးဟာ  တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးကြလို့ မိသားစုဘဝလေး သာသာယာယာရှိခဲ့ကြတယ်။  ဒီလိုသာသာယာယာတဲ့ မိသားစုဘဝလေးကို ပတ်ဝန်ကျင်၊ အိမ်းနီနားချင်းတချို့က ၊ မနာလိုကြဘူးတဲ့။

တစ်နေ့သောအခါ.. အိမ်နီးနားချင်းမိတ်ဆွေတစ်ယောက်က သူတို့ရဲ့ချစ်ခြင်းကို ခွဲချင်တော့  ဇနီးဖြစ်သူအား ကုန်းတိုက်စကား ဆိုလိုက်တယ်။

“ဟဲ.. ကောင်မ .. နင့်ယောက်ျားက ၊ မျောက်မျိုးဆိုတာ သိရဲ့လား၊  မယုံရင် ညအိပ်ချိန် သန်းခေါင်ကျော်မှာ သူ့နောက်ကို စမ်းကြည့်လိုက် အမြီးတွေ့လိုက်မယ်” လို့  ကုန်းတိုက်စကား ဆိုလိုက်တယ်။

ထို့အထူပဲ.. ယောက်ျားဖြစ်သူအား  “ ဟဲ.. မောင်မင်း… မင်းမိန်းမ စုန်းမျိုးဆိုတာ သိရဲ့လား၊ မယုံရင် ညအိပ်ချိန် သန်းခေါင်းကျော်မှာ မအိပ်ဘဲ စောင့်ကြည့်ပေါ့။ မင်းဗိုက်ဖောက်ဖို့ လာစမ်းလိုက်မယ်” လို့ ကုန်းတိုက်စကားဆိုလိုက်တယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ  ဘယ်လိုပင် ကုန်းတိုက်စကားဆိုသော်လည်း  အစပထမတော့ မယုံကြဘူးတဲ့။ နောက်တော့ တစ်ကြိမ်းမှ နှစ်ကြိမ် ၊ နှစ်ကြိမ်မှ သုံးကြိမ်ရှိလာတော့ တစ်ယောက်ကို တစ်ယောက် သံသတွေဖြစ်လာတယ်၊ စဉ်းစားလာတယ်။

ဇနီးဖြစ်သူက .. အိမ်နီးနားခြင်းပြော ဟုတ်လေမလားလို့ သံသယဝင်လာတယ်။ အဲဒီနေ့ ညမှာ သူ့ယောက်ျားဟာ  မျောက်မျိုးဟုတ်/မဟုတ်ကို သိဖို့ သူအိပ်ချိန်မှာ နောက်ကိုစမ်းကြည့်ဖို့  ညဥ့်နက် သန်းခေါင် အိပ်ချင်ယောက်ဆောင်နေလိုက်တယ်။

ယောက်ျားဖြစ်သူလည်း  အိမ်းနီးနားချင်းက သုံးကြိမ်တိုင်အောင် နားဝင်အောင်ပြောထားတော့ ၊ သူ့မိန်းမ စုန်းမျိုး ဟုတ်/မဟုတ်ဆိုတာ သိဖို့  ညသန်းခေါင်အထိ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။

ညသန်းခေါင်လည်းရောက်ကော အိပ်ချင်ယောင်ဆောင်နေတဲ့ ယောက်ျားနောက်ကို မိန်းမဖြစ်သူ သွားစမ်းလိုက်တယ်။ ဒီအချိန်မှာတော့ အိပ်ချင်ယောက်ဆောင်နေတဲ့ ယောက်ျားက သူမိန်းမဟာ စုန်းမျိုးမို့ သူကိုဗိုက်ဖောက်စားဖို့ လားစမ်းတာဆိုပြီး ညတွင်းချင်း ထွက်ပြေးပါသတဲ့။
မိန်းမဖြစ်သူကလည်း .. သူယောက်ျားဟာ  မျောက်မျိုးဖြစ်လို့  သူအတွေ့အထိကိုမခံနိုင်တော့ပဲ ထွတ်ပြေးတယ်လို့ ယုံကြည်လိုက်ပါသတဲ့။

ဒီလိုနဲ့ အလွန်အင်မတန် သင့်မြတ်တဲ့  ဇနီးမောင်းနှံဟာ ပတ်ဝန်းကျင်ရဲ့ ကုန်းတိုက်စကားကြောင်း  လင်မယား နှစ်ယောက်ကွဲသွားသည့်အထိဖြစ်ခဲ့ရတယ်။
ထို့အတူပါပဲ..လူမှုအဖွဲ့အစည်းမှာ … တစ်ယောက်အကြောင်းကို တစ်ယောက်ကောင်းကောင်း မလေ့လာပဲ ၊ ဘေးကုန်းတိုက်စကားကြောင့် အသင်းသားနှင့်အသင်းခေါင်းဆောင်၊ ဆရာတော်နှင့် အသင်းသား ၊အသင်းခေါင်းဆောင်များလည်း ၊ မညီမညွတ်ဖြစ်ကြရတယ်။ အမှန်အားဖြင့် ကုန်းတိုက် စကားကို မယုံပဲ၊ အသင်းမှာ မိမိတာဝန်က ဘာလဲ၊ ကိုယ်ဘာကြောင့် အသင်းကိုဦးဆောင်လုပ်နေရသလဲ ဆိုတာကို ဦးတည်ထားပြီး ၊ ကုသိုလ်ပွားများရေးကို ဦးတည်လုပ်သင့်ပါတယ်။
*****************************
ကုန်းတိုက်စကားဆိုတာ
ချစ်သူနှစ်ယောက်တို့ ညီညွတ်နေရာ တစ်ယောက်အပြစ်ကို တစ်ယောက်ထံ ပြောကြားခြင်း၊ တစ်ယောက်မကောင်းကြောင်း တစ်ယောက်ထံပြောခြင်း၊ မဟုတ်မမှန်လီဆယ်ပြီးပြောခြင်းဖြင့် တစ်ယောက်နှင့်တစ်ယောက် အချစ်ပြယ်၍ ညီညွတ်မူ ကွဲပြားသွားတတ်ပါတယ်။ ကုန်းတိုက်စကား ပြောဆိုခြင်းကို ပိသုဏ၀ါစာ လို့ခေါ်ပါတယ်။

ပိသုဏ၀ါစာ ဖြစ်ရန် အင်္ဂါ(၅)ပါး
(၁) ညီညွတ်သူ ချစ်သူနှစ်ရှိခြင်း၊
(၂) ကွဲပြားစေလိုသော စိတ်ရှိခြင်း (သို့မဟုတ်) မိမိကိုချစ်လာစေလိုသော စိတ်ရှိခြင်း၊ မိမိကိုဂရုစိုက်လာစေလိုခြင်း၊ မိမိကိုပိုအရေးပေးစေလိုခြင်း။
(၃) ကွဲပြားအောင် လုံ့လပြု အားထုတ်ခြင်း၊
(၄) ထိုသို့ ပြောသည်ကို အပြောခံရသူက နားလည်ခြင်း၊(သူ့စကားရဲ့ အဓိပ္ပါယ်ကို နားလည်ခြင်းကို ဆိုလိုပါတယ်)
(၅) ကွဲပြားကြခြင်း - ဆိုတဲ့ အင်္ဂါ ၅ ပါးနှင့်ပြည့်စုံတယ်ဆိုရင် ကုန်းတိုက်စကားပြောဆိုရာရောက်ပါတယ်။ ဆိုလိုတာက ကံမြောက်ပါတယ်။ အဲဒီလို ပြောဆိုပြီဆိုရင် ခံစားရမည့်အကျိုးဆက်တွေကတော့- -

(၁) အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို့နှင့် စိတ်ဝမ်းကွဲပြားရခြင်း၊
(၂) သူတပါးလုံ့လကြောင့် သေကျေပျက်စီးရခြင်း၊
(၃) တပည့်မိတ်တွေ၊ သားသမီး၊ ဆွေမျိုး မရှိဘဲ အခြွေအရံမဲ့ရခြင်း၊
(၄) သူတော်ကောင်းတရား၌ သက်ဝင်ယုံကြည်မူ သဒ္ဓါတရားမရှိခြင်း၊
(၅) မိတ်ဆွေအပေါင်းအသင်း ဘယ်တော့မှ မတည်မြဲခြင်း၊
(၆) လူအများ အမုန်းခံရခြင်း၊ ထိုသူအား အလိုလိုမုန်းတီးနေကြခြင်း၊
(၇) စိတ်ဓာတ် ညစ်ညမ်းခြင်း၊ စိတ်ဓါတ်ကြည်လင်မှု မရရှိခြင်း၊
(၈)ကိုယ်ချစ်သောသူနှင့်ဘယ်တော့မှ ဆုံးဆည်းခွင့်မရခြင်း၊ ချစ်သောသူနှင့် အတူမနေရခြင်း၊ အချစ်ကံခေခြင်း၊ အချစ်ကံဆိုးခြင်း၊
(၉)စိတ်ချမ်းသာရတယ်လို့မရှိပဲ အမြဲစိတ်ဆင်းရဲနေရခြင်း၊
(၁၀) အပြစ်အားကြီးလွန်းရင်အပါယ်လေးပါးလားရောက်ရပါတယ်။ ။

ဂုံးတိုက်တာဟာ မုသာဝါဒကံ ဖြစ်တဲ့အတွက်..
၁။ အပါယ်ဘုံသို့ရောက်ရခြင်း။
၂။ မျက်စိနားစသော ဣနြေ္ဒများ မကြည်လင်ခြင်း။
၃။ စကားပီပီသသ မပြောတတ်ခြင်း၊ ပလုံးမထွေးပြောဆိုတတ်ခြင်း။
၎။ သွားများ မညီမညွတ်ရှိခြင်း။ သွားခေါခြင်း၊ ကျဲခြင်း၊ ထပ်ခြင်း၊ သွားမလှခြင်း။
၅။ ပါးစပ်အနံ့ပုပ်ခြင်း။
၆။ အသားအရေ မစိုပြေဘဲ မွဲခြောက်ခြင်း။
၇။ ကိုယ်ခန္ဓာအချိုးမကျခြင်း။
၈။ ကိုယ်ပြောလျှင် သူတစ်ပါးအပေါ် သြဇာအာဏာမညောင်းခြင်း။
၉။ နှုတ်ကြမ်းကြမ်းဖြင့် ပြောဆိုတတ်ခြင်း။
၁၀။ စိတ်ကြည်လင်မှုမရှိခြင်း၊ စိတ်မတည်ဘဲ လျှပ်ပေါ်လော်လီတတ်ခြင်း။ စသော ဆိုးကျိုးများကို ခံစားရပါသည်။


အချက်ငါးချက်လုံးထဲမှာ တစ်ခုခုမပြည့်စုံလို့ ကံမမြောက်ရင် အကုသိုလ်ဝဋ္ဋ်ကြွေးအနေနဲ့ ပြန်လည်ပေးဆပ်ရမှာဖြစ်ပါတယ်။ ကိုယ်လုပ်လိုက်တဲ့အပြုအမူကို ခံရတဲ့သူက ကောင်းရင်ကောင်းနေသလောက်၊ ကိုယ့် အချစ်ရေးကံမှာ ကံဆိုးပါလိမ့်မယ်။ ဝဋ္ဋ်ကြွေးကြီးပါလိမ့်မယ်။ ကောင်းရုံတင်မကပဲ သီလရှိတဲ့သူ တစ်နည်း ကိုယ့်ထက် သီလ၊သမာဓိ၊ပညာ သာသူဖြစ်နေရင် ဝဋ်ကြွေးတွေ ပေးဆပ်ပေတော့..။

ဒါကြောင့် ကိုယ်ချင်းစာတရားတွေဖြင့် သူတစ်ပါးချစ်ခြင်း မခွဲမိအောင် စောင့်ထိန်းသင့်ပါတယ်။ ကိုယ်လုပ်လိုက် ပြောလိုက်တာ ဘာမှ မဟုတ်ပေမယ့် သူတစ်ပါးအတွက်ကြတော့ ဘဝနဲ့ဆိုင်နေတယ်။ ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် ကိုယ်လည်း အကုသိုလ်မဖြစ် ဝဋ်ကြွေးမဖြစ်တော့ဘူးပေါ့။

အချုပ်အားဖြင့်.. ကိုယ်တိုင်းကလည်း ကုန်းတိုက်စကား မပြောဆိုသင့်သလို.. သူတစ်ပါးလာပြောတဲ့ ကုန်းတိုက်စကားကိုလည်း   ကာယကံရှင်အား မမေးမြန်ပဲ မယုံကြည့်သင့်ပါဘူး။ ကုန်းတိုက်စကားဟာ ပြောသူကော အကုသိုလ်ဖြစ်စေသကဲသို့၊ အပြောခံရသူပါ အကျိုးယုတ်စေသောကြောင့်   ကုန်းတိုက်စကားကို မပြောဆိုသင့်ကြောင့်၊ မယုံသင့်ကြောင်းတိုက်တွန်းလိုက်ရပါတယ်။

No comments:

Followers

My Blog List