ဒီနေ့ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းမှာ ထိုင်ဝမ်ဆရာတော်ကြွလာလို့ လာရောက်ဖူးတွေ့ကြတဲ့ ကျောင်းဒကာတွေနဲ့၊ အသင်းရဲ့တိုးတက်ရာတိုးတက်ကြောင်း၊ အသင်းသားများအကြောင်း ၊ ဗန်ကူးဘားရောက် မြန်မာမိသားစုများအကြောင်း ဟိုအကြောင်း၊ ဒီအကြောင်းပြောဖြစ်တယ်။ စကားပြောပြီး fb က သူငယ်ချင်းတွေရဲ့ စာတွေကို ဖတ်ရင်း ဆရာဇော်ဂျီရဲ့ မေ့နေပြီးဖြစ်တဲ့ "မင်းအိမ်" ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။
မြန်မာဗုဒ္ဓဘာသာအသင်းမိသားစု ငါးနှစ်ခရီးကြမ်းကို .. ဖြတ်သန်းရင်း အနာဂတ် အားမာန်သစ်များအတွက် မင်းအိမ်ဆိုတဲ့ ကဗျာနဲ့ပဲ အသိပညာပေး လိုက်ပါရစေ..။
တကယ်တော့ ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမှာ ရှိတဲ့ မြန်မာမိသားစုဆိုတာ တခြား တရုတ်၊ဂျန်၊ ကိုရိယား ၊ထိုင်းနိုင်ငံသားတို့နဲ့ ယှဉ်လိုက်ရင် လူမျိုးစု စာရင်းတောင် မဝင်ပါဘူး၊ ဒီလိုသေးငယ်တဲ့အသင်းမိသားစုတွေရဲ့ အကောင်း၊အဆိုး၊ အကြောင်း၊အကျိုးဟာ ဆရာဇော်ဂျီရဲ့ ပညာပေးကဗျာအတိုင်း ကောင်းလည်းမင့်အိမ်၊ မကောင်းလည်း မင့်အိမ်လို့သာ သဘောထားလိုက်ပါလို့ပြောပါရစေ..။
အိမ်ဆိုတဲ့နေရာမှာ မိမိရဲ့ကျောင်း၊ မိမိနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်း၊ မိမိရဲ့ရပ်ရွာ၊ မိမိရဲ့မြို့၊မိမိရဲ့နိုင်ငံကို အစားထိုးကြည့်ရင် စဉ်းစားစရာ များစွာရနိုင်ပါတယ်။
ကိုယ့်အိမ်ကိုယ့်ကျောင်းကိုယ့်နိုင်ငံမှာ ယိုနေတဲ့နေရာတွေ့ရင် တတ်စွမ်းတဲ့အားနဲ့ ဖာနိုင်တာကို ဖာဖို့ လိုအပ်တယ်။ ပျက်နေတဲ့နေရာကို ပြင်နိုင်သမျှ ဆက်လက်ပြင်ဆင်နေဖို့ လိုအပ်တယ်။
ခွင်နေတာ နဲ့နေတာ ရွှဲ့နေတာ စောင်းနေတာ မကောင်းတာတွေ ဟောင်းတာတွေက အများကြီးပါပဲ။
တကယ်အသစ်ဖြစ်အောင် အားထုတ်တဲ့နေရာမှာ ဥာဏ်ပညာနဲ့ အစဉ်ချိန်ဆနေဖို့ လိုအပ်တယ်လို့ ဆရာကဆိုတယ်။ ဟုတ်တယ်၊ အချိန်တိုင်း နေရာတိုင်းမှာ ဥာဏ်ပညာဆိုတာ လိုအပ်ပါတယ်။ ခက်နေတာက အတတ်ပညာနိမ့်ကျရတဲ့အထဲ ဥာဏ်ပညာမွဲနေသူ အလွန်ပေါများတဲ့ခေတ်ဖြစ်နေတော့ ဥာဏ်ပညာမရှိရင် ဘယ်လိုပြင်ဆင်ကြမလဲ။
စဉ်းစားမိတာက အလောသုံးဆယ် အရေးပေါ်ပြင်ဆင်သင့်တာကိုပြင်ဆင်နေရင်း ဥာဏ်ပညာပြည့်ဝသူ ပေါများလာအောင် ပညာရေးကဏ္ဍကို အဓိကထားအရေးစိုက်ပြီး ပြုပြင်ဖို့ လိုအပ်တယ်လို့ ထင်တယ်။
“မကောင်း မင်းအိမ်၊
ကောင်း မင်းအိမ်တည့်၊
မင်းအိမ် ရွှဲစို၊
အမိုးယိုသော်၊
မညိုသင့်ပါ၊
မင်းတက်ဖာလော့၊
အကာ အခင်း၊
ပျက်ယိုယွင်းသော်၊
မငြင်း(ပျင်း)စေချင်၊
မင်းဆက်ပြင်ပေါ့၊
အခွင် အနဲ့၊
အရွှဲ့ အစောင်း၊
မကောင်း မပြေ၊
ဟောင်းထွေထွေကို၊
အခြေနှင့်မျှ
ဥာဏ်ဖြင့်ဆ၍၊
လုံ့လသက်သွင်း၊
သစ်စေမင်း။
(မင်းအိမ်..ကို မင့်အိမ်(မင်းရဲ့အိမ်)..ဟူသောအဓိပ္ပာယ်သက်ဝင်၍ ဖတ်စေချင်ပါတယ်)

No comments:
Post a Comment