
စာရေးသူဘဝကို တွေး၍ တွေး၍ ပျော်မိနေသည်။ တွေး၍တွေး၍ ပျော်လေတိုင်း လူငယ်ဘဝက သူငယ်ချင်းများက အထင်သေးစွာပြောခဲ့သော စကားသံများသည် ခုချိန်တွင် သူတို့အား ပြန်လည် ပြောင်လောင် သလိုဖြစ်နေပြန်သည်။
နှစ်ပေါင်း ၃၀-ကျော်လာသောအခါ…သူငယ်ချင်းများတော်တော်များများ ဘဝတွင် အဆင်ပြေ ချော့မွေ့သူကား ခပ်ရှားရှား ၊ ခက်ခဲစွာ ရုနုးကန်သူများက များလှသည်။ ထိုတဲတွင် လူပေါင်းမှား၍ အသောက်အစားဖက်ကာ မှုးယစ်ဆေးဝါးကျေးကျွန်ဖြစ်သူများ၊ အလောင်းကစား၊ ကျေးကျွန်ဖြစ်သူများ၊ လင်ကွဲ၊မယာကွဲ၊သားကွဲ၊သမီးကွဲနှင့် ဒုက္ခပယ်လယ်ဝေသူများကာ မနည်းလှ။
အဆင်ပြေသူဟုဆိုသော သူငယ်ချင်းများတွင်လည်း ၊ အပေါ်ရံရွှေမှုန်ကျဲ၊ အထဲကဗလာဆိုသလို.. ပစ္စည်းဥစ္စာပြည်စုံသော်လည်း စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ၊ ပျော်ပျော်ရွှင်ရွှင်နေနိုင်သူများက ခပ်ရှားရှား။
ဘဝဆိုတာ… ဆန်းကြယ်ပေစွ..။
စာရေးသူ သတ္တမတန်းလောက်ကဖြစ်သည် ၊ ကျောင်းဆက်မတက်တော့ပဲ ၊ ကိုရင်ဘဝဖြင့် ဘုရားစာများကို သင်တော့မည်ဟု သူငယ်ချင်းကို ပြောတော့ “ မင်းတော့ ရခဲတဲ့ လူဘဝ အညွှန့် တုန်းပါပြီး” ဟုဆိုသည်။ ထိုစဉ်က သူငယ်ချင်းစကားကို ဟုတ်လေမလားလို့ ခံစားမိသည်။
ခုတော့ .. စာရေးသူသည် လူညွှန့်မတုန်ပဲ ၊ လူငယ်တွေအား ၊ တတ်သိလိမ္မာအောင်၊ ဘဝတွင် အေးအေးချမ်းချမ်း နေတတ်အောင်၊ သာသနာစိတ်ဓာတ်မွေးမြူနိုင်အောင် လက်ဆင့်ကမ်းနေသော အညွှန့်များ စိုက်ထူပေးသော ဥယျာဉ်မှူးကြီး ဖြစ်နေပြီးမဟုတ်ပါလား။
ဟော ! ကြည့်
စာရေးသူနှင့်မြန်မာဗုဒ္ဓဘာဘာသင်တို့ ဦးဆောင်၍ ပြည်ပရောက် မြန်မာကလေးငယ်များအား ရှင်၊ပြု ရဟန်းခံ၊ သီလရှင်ဝတ်၊ ယောဂီဝတ်ပေးတာ ဒီနှစ်ဆို လေးနှစ်သို့တိုင်ခဲ့ပြီး။ ဒီနှစ်ဆိုလည်း ရဟန်းခံ၊ ရှင်ပြုလိုသော သူများအား ကိုဘသာ+ မသန်းသန်းဝင်းမိသားစုမှာ အကုန်ကျခံကာ ပရိက္ခများ လှူမည်ဟုလျှောက်ထားလာတော့ ဝမ်းသာကြည်နှုးရပြန်သည်။
မိမိရဲ့ သာသနာပြုလုပ်ငန်း သက်တန်းအားဖြင့် တိုတောင်းလှသော်လည်း သာသနာပြု အသောကမင်းတရားကြီးရဲ့ ဆန္ဒကိုဖြည့်ဆီးခွင့်ရ၍ ဝမ်းသာပီတိဖြစ်ရပြန်သည်။
အသောကမင်းကြီးက သူ၏ မှတ်တိုင် ကျောက်စာတွင်
"ငါ့သားတော် သမီးတော်တို့သည်လည်ကောင်း၊
မြေးတော် မြစ်တော်တို့သည်လည်းကောင်း၊
ကာလများစွာအရှည်ကြာအောင် ရှိနေကြမည့် သားစဉ်မြေးဆက်တို့သည်လည်းကောင်း ၊
ငါ လုပ်ဆောင်အားထုတ်ခဲ့သော မြတ်ဗုဒ္ဓ၏သာသနာပြန့်ပွားရှည်ကြာတည်နေရေးကို
ကြိုးစားအားထုတ်ရစ်ကြပါကုန်လော့..။ " ဟုရေးထိုးခဲ့သည်။
အသောကမင်းကြီးကိုယ်တိုင် သားတော်မဟိန္ဒနှင့်သမီးတော် သင်္ဃမိတ္တာတို့ကို သာသနာ့အမွေခံ သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့သည်။
စာရေးသူသည် လူငယ်ဘဝက သူငယ်ချင်းများကဲ့သို အိမ်ယာမထောင်၍ ယခုလိုသာသနာပြုခွင့် ရရှိလေခြင်းဟု ဝမ်းသာပီတိဖြစ်မိသည်။
စာရေးသူတို့ ဂေါတမမြတ်စွာဘုရားကိုယ်လည်း အလောင်းတော်ဘဝ ပါရမီဖြည့်စဉ်က ရဟန်းဘဝ (၉) ဘဝသာရရှိခဲ့သည်။
အလောင်းတော် ရဟန်းပြုခွင့်ခဲ့သော ဘုရား (၉)ဆူတို့မှာ…
၁။ ကောဏ္ဍညမြတ်စွာဘုရား
၂။ မင်္ဂလမြတ်စွာဘုရား
၃။ သုမေဓာမြတ်စွာဘုရား
၎။ သုဇာတမြတ်စွာဘုရား
၅။ ဖုဿမြတ်စွာဘုရား
၆။ ဝေဿဘူမြတ်စွာဘုရား
၇။ ကကုသန္ဓ(ကကုသန်)မြတ်စွာဘုရား
၈။ ကောဏာဂမန(ကောဏာဂုံ)မြတ်စွာဘုရား
၉။ ကဿပမြတ်စွာဘုရား တို့ ဖြစ်သသည်။
ထို့ကြောင့် ရခဲလှသော လူဘဝတွင် ရခဲ့သော ရဟန်းဘဝကိုရရှိကာ ၊ ရဟန်းသံဃာခြားပါးသော ပြည်ပ၌ ၊ ပြည်ပရောက် ဗုဒ္ဓဘာသာမိသားစုများအား ၊ မြတ်စွာဘုရားအဆုံးအမများကို ဟော၊ပြော ပြသခွင့်၊ အသောကမင်းကြီးကဲ့သို့ သားတော်၊ သမီးတော် ၊ဆွေတော်၊ မျိုးတော်၊ တို့အား သာသနာ့ဘောင် သွတ်သွင်းချီးမြှင်းခွင့်ရသောကြောင့် ၊ လူငယ်ဘဝက သူငယ်ချင်းများကို ပြောလိုက်ချင်ပါသည် ၊ ခုတော့ဖြင့်“ နေရာချင်းတော့ မလဲနိုင်ပါ” ဟူ၍သာ။
No comments:
Post a Comment