'ငါ...'တည်းဟူသော အစွဲကိုဖျောက်ခြင်းသည် ဗုဒ္ဓဘာသာအရ အထူးအရေးကြီး၏။ အရေးကြီးသလောက်လည်း ခက်ခဲ၏။ အကြောင်းမူကား တကယ်ရှိသော ငါကြီးကို စကားဖြင့် သာ ဖျောက်၍ ရနိုင်၏။ တကယ်ဖျောက်ဖို့ရန် လွယ်ကူသော အရာမဟုတ်ပေ။
မှတ်ချက် ။ ။ လောကီပုထုဇဉ်လူသားများကို ဆိုလိုပါသည်။
လောကီကြီးပွားရန် ငါ...သည် များစွား အရေးကြီး၏။ ငါ...တည်ဟူသော မာနအရေးကြီးသလောက် ငါ..သည်လည်း အရေးကြီးလေသည်။
လောက၌ ထင်ပေါ်ကျော်ကြား ပရိတ်သတ် ဗိုလ်ပုံအလယ်၌ ထင်ရှား၍ နေသူဟူသမျှသည် ငါ..တည်းဟူသော မာနတစ်လုံးကို လက်ကိုင်ထားသူသာ ဖြစ်လေရာ လောကကြီးပွားတိုးတက်ရေး ၌ တရားတော်နှင့်ရောထွေးကာ သောတာပန် အလုပ်ကို ကြံချေက အဘယ်ကိုမှ မပေါက်ရောက် နိုင်ပဲ
နေတတ်လေသည်။
ဝိသာခါကဲ့သို့ အနည်းငယ်မျှသော ပုဂ္ဂိုလ်တို့မှာ သောတာပန် အနာဂါမ်ဖြစ်လျှက် လောကမှာလည်း မိမိတို့ ခေတ်ကာလ မှာသာ မဟုတ်၊သာသနာတော်၏ ကျေးဇူးကြောင့် ယခုလာလနှင့် နောင်ကာလများသို့ တိုင်အောင် ကျော်ကြားနိုင်သော်လည်း လောက၌ ကျော်ကြားကြီးပွားသူတိုင်း ၄င်းတို့ကဲ့သို့ မဖြစ်နိုင်ကြပေ။ သို့မြ့ဖစ်နိုင်သူတို့မှာ ငါ...တည်းဟူသော အစွဲကို လက်ကိုင်တောင်ဝှေးလုပ်ကာ အောင်မြင်ခြင်းလှေကာထိပ်သို့ တက်ကြလေသည်။
ငါ..တည်းဟူသော မာနသည် ကြီးပွားလမ်းတက်လမ်း၌ အားကြီးတစ်ခုဖြစ်၏။ လောက၌ မာနမရှိလျှင် မည်သည့်အကြီးအကျယ်ကိုမျှ ဖြစ်မြောက်မည် မဟုတ်ပေ။
လူတို့မှာ အသက်မွေး နေထိုင်းခြင်းအတွက် အရေးကြီးသော အရာတွေရှိ၏။ ထိုအရေးကြီးသော အရာများကို မည်သူမဆို ရဖို့လွယ်၏။ မရလျှင် လောကမှာ အသက်ရှင်၍ မနေုနိုင်ပေ။ ကြီးပွား အောင်မြင်ခြင်းဆိုသည်မှာ မိမိအသက်မွေးဖို့အတွက် အရေးကြီးသော အရာများ အပြင် အရေးကြီးသော အဖိုးတန်သည့် အရာများကို ရအောင်လုပ်နိုင်သော ငါ..တည်းဟူသော မာနရှိမှ ကြီးပွားအောင်မြင်သူဟူသော နာမည်နှင့်ထိုက်တန်သည်။
ဥပမာ... ကွယ်သူလွန်သူ မစ္စတာချင်းချောင်သည် ရန်ကုန်မြိုထဲ၌ ပေအစိတ် ၊ ပေငါဆယ် အခန်း တစ်ခန်းနှင့် တင့်တယ်စွာ နေနိုင်၏။ ထိုသို့နေနိုင်ခြင်းသည် ၎င်း၏ အခြေအနေနှင့် လျှော်ညီစွာ အသက်မွေးခြင်းဖြစ်လေသည်။ ထိုအခြေအနေသည် ၎င်းအတွက် အရေးကြီး။ သို့သော် တကယ် ကြိးပွားအောင်မြင်သူ အဖြစ်သို့ ရောက်စေသောအရာကား ၎င်းအတွက် အရေးမကြီး။ မလိုလည်း မလိုအပ်ငော ကုတ်ကိုင်းနန်းတော်ကြီးဖြစ်လေသည်။
အသက်မွေးနေနိုင်ရုံမျှအတွက် မည်သူမဆို တတ်စွမ်းနိုင်၏ လောကကြီ၌ရှိသော အကောင်းဟူသမျှ ကို ထိုထက်ပိုမို၍ ရအောင်ကြံတတ်မှ ကြီးပွားအောင်မြင်သူဟူသော နာမည်နှင့် ထိုက်တန်လေသည်။
အပိုရဖို့ကို လူဟူသမျှ မရှာကြံနိုင်သော်လည်း အသက်မွေးလောက်ရုံအတွက် မည်သူမဆို ရှာကြံ နိုင်သော အစွမ်းသည် အလွန်ညံဖျင်းသော သူတောင်းစားများမှ တစ်ပါး
မည်သူ မဆိုရှိလေသည်။
အသက်မွေး နေထိုင်လောက်ရုံရှာကြံ၍ ရနိုင်လျှင် အဘယ်အတွက် ပိုမို၍ ရအောင် မတတ်နိုင်ပါသနည်း။ တစ်လလျှင် ၃၀- ရသူသည် အဘယ်အတွက် တစ်လလျှင် ၆၀- မရနိုင်ပါသနည်း။ တစ်လလျှင် ၆၀-ရသူသည် အဘယ်အတွက် ၁၂၀- နှစ်ရာ့  လေးဆယ် ငါးဆယ် မရနိုင်ပါသနည်းဟု မေးလျှင် အဘယ်ပုံဖြေမည်နည်း မည်သူက ပိတ်ပင်ထားဆီး၍ ထားပါသနည်း။
တစ်လမှာ တစ်ပြားမှ မရသောသူသည် တစ်လလျှင် ၃၀-ရသော အခြေအနေသို့ ရောက်သော အခါ၌ ထို ၃၀ အစွမ်းဖြင့် ပိုမိုရဖို့ရန် သာ၍ လွယ်ကူဖို့ မသင့်ပါလား။ " ပျက်စရာရှလျှင် ပျက်ချက်ချင်၊ ဖြစ်စရာ ရှိလျှင် ဖြစ်ချင်ချင်" ဟူသော စကားရှိ၏။ တစ်လလုံးနေမှ ဝင်ငွေလမ်း တစ်ကျပ်မှ မရှိသူမှာ ငွေ ၃၀ ဝင်လမ်းကို တွေ့သောအခါ၌ ၆၀ -ဝင်ဖို့ရန်နည်းမှာ ပထမ ၃၀-ရဖို့ထက် ဧကန်လွယ်ကူရမည်။ သို့ပါလျှက် မလွယ်ကူသကဲ့သို့ ထိုသုံးလေငါးဆယ်နှင့် အလျင်မီရုံ နေထိုင်ကြသည်မှာအခြားကြောင့်မဟုတ်။ ကျေနပ်ခြင်းကြောင့်ဖြစ်လေသည်။
ငါ တစ်လ တစ်ရာရသည်။ ငတ်လို့မသေဟူသော အသိဖြင့် စိတ်ချလျှက် အေးချမ်းခြင်း အဖြစ်သို့ ရောက်တတ်ကြသော ကြောင့်သာ ပိုမိုမရဘဲ နေကြရသည်။
ပီမိုးနင်း( ထွက်သက်၊ ဝင်သက်မှ)
No comments:
Post a Comment