Saturday, April 20, 2013

တစ်ကောင်ကြွက်

၁)

ဒီနေ့   ကနေဒါရောက် မြန်မာများရဲ့ စုပေါင်း အတာသင်္ကြန်ပွဲမှာ  ထူးထူးခြားခြား ရာသီတုကလည်း သာသာယာယာ၊ မြန်မာပြည်လို့ ပိတောက်ပန်းများ မပွင့်ဖူးပေမယ့် ၊ ပိတောက်ကိုယ်စား ချယ်ရီပန်းများ လမ်းတဖက် တစ်ချက်မှာ အပြိုင်အဆိုင်ပွင့်နေသည်။

 ပြည်ပရောက် မြန်မာများ တက်တက်ကြွကြွပျော်ပျော် ရွှင်ရွှင် ၊ အပြုံးပန်းများဖြင့် လောကကြီးကို အလှဆင်ထားကြသည်။

ကျနော် တစ်ယောက်မှာတော့  အတွေးသံသရာဖြင့် သင်္ကြန်ပွဲရောက်တိုင်း သူ့ကို သတိရ၊ တမ်းတမိသည်..။

'သူ့ကို' ဟု ဆိုခြင်းထက် ... 'ချစ်သူကို' ဟု ဆိုခြင်းက ပို၍တိကျပေလိမ့်မည်။

ခုတော့... သူ..နှစ်စဉ်ကျင်းပမြဲဖြစ်သော ကနေဒါ အတာသင်္ကြန်ပွဲကို သူတစ်ယောက် မဆင်နွှဲနိုင်တော့။

၂)

၈၈- အရေးအခင်းဖြစ်ပြီးနောက် .. မရည်ရွယ်ဘဲ၊ ပြည်ပကိုရောက်လာသည်။ ကျနော်တစ်ယောက်  ပညာရေးက တစ်ပိုင်းတစ်စ၊ ဘာဘွဲ့မှလည်း မရခဲ့၊ စီးပွားရေးဆိုတာလဲ မယ်မယ်ရရ မလုပ်တက် ၊ ဟိုမရောက်ဒီမရောက်  ယောင်တောင်တောင်ဖြင့်  ပြည်ပကိုရောက် လာခြင်းဖြစ်သည်။

ရောက်စကတော့ .အစိုးရထောက်ပံ့စရိတ်နဲ့  ကျောင်းတက်ဖြစ်သေးသည်။ အင်္ဂလိပ်စကား ပြောတက်ရုံ လုပ်ကိုင် စားသောက်ဖြစ်ရုံသာ။

"ဆယ်ရေးတစ်ရေး ဝမ်းရေးခက်၏" ဆိုသလို အစိုးရထောက်ပံ့ စရိတ်ပြတ်တာနဲ့ အလုပ်စတင် ဝင်ရတော့သည်။

မြန်မာပြည်တုန်းက ဘာဘွဲ့မှမရခဲ့၊ဒီရောက်တော့လဲ ဘာလက်မှတ်မှ မရှိတော့  ရရာအလုပ် ကြုံရာ ကြာပန်း စားသောက်ဆိုင်မှာ ပန်းကန်းဆေးအလုပ်ကို စလုပ်ဖြစ်သည်။ ဒီနောက်မှာတော့ အလုပ်ကအစုံပဲ၊ စက်ရုံအလုပ်ရုံမှာ လုပ်ဖူးသည်၊  Ware House  လုပ်ဖူးသည်၊ ဆေးသုပ်၊ ဆောက်လုပ်ရေးလုပ်ငန်း အစုံလုပ်ဖူးသည်။ ကနေဒါအခေါ်တော့ General Labour  နေရာတိုင်း သုံးလို့ရတဲ့ အလုပ်သမားပေါ့။

  ရောက်စကတော့  ကနေဒါမှာ လူမများသည့်အတွက်  လိုရာ သုံး အလုပ်သမားများ  အလုပ်မရှား၊ အလုပ်တစ်ခု ပြုတ်သွားလည်း ၊ နောက်တစ်ခု ရဖို့လွယ်သည်။  ခုတော့သည်လို့ မဟုတ်တော့ အလုပ် တစ်ခု ၊ မပြုတ်အောင် ကောင်းကောင်း ဂရုစိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လခတိုးမပေးချင်သော ကုမ္ပဏီများ၊  ကျန်းမာရေးစသည့် အကျိုးခံစားခွင့် မပေးလိုသော ကုမ္ပဏီများက contract  စာချုပ်ဖြင့် ပြည်ပမှ အလုပ်းသမားများ ကို ခေါ်သုံးလာသည်။ သို့အတွက် Immigrant များအတွက် အလုပ်ရှားလာသည်။

 နောက်တစ်ခု ဆိုးတာက၊   အလုပ်သမားနှင့် အလုပ်ရှင် ဆက်သွယ်ပေးသော၊Job agency များ အမြောက်အများ
 ပေါ်ထွက်သည်။ကုမ္မဏီက တာဝန်ကင်းသော job agency မှ ယာယီအလုပ်သမားများကို  ခေါ်ယူခန့်လေ့ရှိသည်။ ယာယီအလုပ်သမားခန့်ခြင်းအားဖြင့်၊ အလုပ်သမားအတွက်တာဝန်ကင်းသည်၊  job agency အတွက် ပေးရငွေးကိုလည်း အလုပ်သမားလစဉ်ပေးငွေမှ ဖြစ်၍ ပေးသည်။ ထို့ကြောင့် agency မှ အလုပ်ရသော အလုပ်သမားများ လုပအားခလည်း အပြည့်အဝမရ၊

ပြည်ပတိုင်းပြည်မှာ ခေတ်မှီတိုးတက်တာနှင့်အမျှ  နေထိုင်မှု စရိုတ်လည်းမြင့်မားသည်။ အိမ်ငှားစရိတ်၊ တယ်လီဖုန်း၊ အင်တာနက်၊ ကားစသည့် စသည် စရိတ်များကလည်း မသေးလှ။

မြန်မာပြည်က မိဘများကလည်းကိုလည်း  ထောက်ပံ့ရသည်၊ သားတစ်ယောက်တည်း ရှိသည်မဟုတ်လား။ များများ စားစား မဟုတ်ပါ၊  နှစ်လခြား၊သုံးလခြား  မိဘများ သုံးဖို့လောက် သာပို့နိုင်သည်။

၃)

မှတ်မှတ်ရရ လွန်ခဲ့တဲ့ သုံးနှစ်လောက်က  ကနေဒါရောက် မြန်မာများ စုပေါင်းအတာသင်္ကြန်းပွဲမှာဖြစ်သည်။  တစ်နှစ်မှာ တစ်ခါဆိုတော့ ကျနော်လည်း ပါဝင်သီးချင်းဆိုဖို့ စာရင်ပေးထားလိုက်သည်။ သီချင်းဆိုမယ့် လူတွေကအများသား၊ အမျိုးသား/ အမျိုးသမီးသီးချင်း၊သက်ြန်သီချင်း၊ ကာရာကိုကေ၊ စုံလုံ့ပါပဲ။ ကျနော်ကတော့ အားလုံးပြီးမှ အခမ်းအနားသိမ်း ဇော်ဝင်းထွဋ်ရဲ့ "စည်းလုံးခြင်းအတွက် သီချင်းလေး တစ်ပုဒ်  ရှိနေတယ်" ဆိုဖို့ စာရင်းပေးထားလိုက်သည်။

ကနေဒါရောက်မြန်မာများ တက်တက်ကြွကြွ အတာသကြန်းပွဲကို ရောက်လာကြသည်။

  အခမ်းအနားစီစဉ်သူက နောက်ဆုံးဆိုမယ့် "စည်းလုံးခြင်းအတွက် သီချင်းလေးးတစ်ပုဒ်ရှိနေမယ်" ဆို့တဲ နောက်ဆုံး ပိတ်အစီအစဉ်မှာ ၊ ပြည်ပရောက်တိုင်းရင်းသားမျာ ညီညွတ်ခြင်းကို ပြသည့်အနေနှင့် တိုင်းရင်းသားပေါင်းစုံ အမျိုးသမီး လေးများ စင်ပေါ်တက်ရန် ဖိတ်ခေါ်လိုက်သည်။

ကနေဒါမှာက ကရင်၊ ချင်း၊ ရခိုင်၊ မွန်၊ မြန်မာ၊ ရှမ်း စသည့် တိုင်းရင်းသာ တော်တော်စုံစုံလင်လင်ရှိသည်။ ကချင်ကတော့ ရှိတော့ ရှိသည် ၊ ပွဲတိုင်းလာလေ့မရှိ၊ ကျနော်ဆိုမယ့် သီးချင်းအတွက် ကချင်မလေးတစ်ယောက် လိုလာသည်။ ဒါကြောင့်အခမ်းနား စီစဉ်သူက ကချင် ကိုယ်စား ပွဲကြည့်ပရိတ်သတ်ထဲမှ ကလေးမတစ်ယောက် စင်ပေါ်တက်ရန် ဖိတ်ခေါ်လိုက်သည်။

ကောင်းမလေး ချောချော တစ်ယောက် စစ်ပေါ်တက်လာသည်။ 
  ကောင်းမလေးရဲ့  ဆံပင်တွေ မြန်မာဆန်ဆန် ဘယ်တစ်ဖက် ၊ ညာတစ်ဖက် ကျစ်ဆံမြီးကျစ်ထားသည်။  အတာသင်္ကြန်ဆိုတော့
 မြန်မာနိုင်ငံလို ပိတောက်ပန်း အစစ်မရပေမယ့်  အစစ်နဲ့ထပ်တူတဲ့ ပိတောက်ပန်းခက်လေးတွေ ကျစ်ဆံမြီးရဲ့ အပေါ် တစ်ဖက်ဆီမှာ  ထိုးထားသည်။ လက်ထဲမှာလည်း ပိတောက်ပန်းလေးတွေ ကိုင်ထားသေးသည်။ ဖိနပ်ကလည်း မြန်မာ ဆန်ဆန် အနက်ရောင် ခြေညှပ်ဖိနပ်လေးစိးထားသည်။

စောစောက အစီအစဉ်ထဲမှာ သူမပါတော့ ဘာမှ အဝတ်စားတွေ မပြင်ဆင်ခဲ့ ပွဲကြည့်ရုံသက်သက်သာ လာခဲ့ဟန်တူသည်။ သူ့ကိုလည်း  အရင်က မမြင်းဘူး ၊ မတွေ့ဘူး၊ ဘာကြောင့်မသိ၊သူ စင်ပေါ် ရောက်လာတော့  ကျနော်စိတ်တွေ လှုပ်ရှားလာသည်။

 သူ့ကိုတွေ့ရလို့ ရင်တွေခုန်းနေတာလား ပရိတ်သတ်ကြောင့်လား  ဝေခွဲလို့မရ။

 အခမ်းအနား စီစဉ်သူက သူ့အား  ကချင်းဝတ်စုံလေးပေး လိုက်သည်။  ကချင်ဝတ်စုံလေးဝတ်ပြီး ထွက်လာတော့ သဘောကျလို့ ကျနော် သူ့ကို ကြည့်မိလိုက်ချိန် အကြည့်ချင်း၊ မျက်လုံးချင်းဆုံလို့ ကျနော်ကပဲ မနည်း လွှဲပစ်လိုက်ရသည်။

ထို့နောက် အိုးစည်းသံ မောင်းသံ၊  ပလွေသံ၊  ဗုံသံ၊ ဖားစီးသံများ ခမ်းမထဲ ပျံလွန့်လာသည်။ တိုင်းရင်သူလေးများလည်း ညီညာသော အကများဖြင့်းမြူကြွလာသည်။

"မေခနဲ့မလိခ ဆုံးစီဆင်းရာ.... ဂျိမ်ဖော့တို့ ရှိတဲ့ ဌာနေ.....
တစ်နယ်ဆီ ခြားနေလဲ.... ရင်မှာ အမြဲတည်ဆဲ ....စည်လုံးခြင်းအတွက် သီချင်းလေးတစ်ပုဒ်ရှိနေမယ်"

 ကျနော် သီချင်းသံနဲ့အတူ  ကချင်ဝတ်စုံ ဝတ်ထားသော သူတစ်ယောက်  ကချင်ကဖြင့် တစ်ယောက်တည်း ရှေ့သို့ ထွက်ကသည်။

ကချင်ဝတ်စုံဝတ်ထားတော့  သူ တစ်ယောက် တကယ့် ကချင်မလေးတစ်ယောက်လို လှပ ကျော့ရှင်းသည်၊ သူ့ အကြည့်တွေက  ရွင်းလဲ့သည်၊ သူ့ အပြုံးတွေက ဖြူစင်သည်၊ ဇာတ်တိုက်မထားသော်လည်း  သူတစ်ယောက် ကချင်အကကို ကောင်းကောင်း ပိုင်ပိုင်နိုင်နိုင် ကပြသွာသည်။ ကျနော်အံသြလို့မဆုံး။ ဒီကစလို့ ကျနော်ရဲ့ အကြည့်များ၊ အသိများ၊ သူဆီစုပြုံကျသွားသည်။

သင်္ကြန်ပြီးတော့လည်း သူနှင့်ရင်းနှီးခွင့်ရပါသည်။ ရင်းနှီးခြင်းမှ တဆင့်  ချစ်သူတွေဖြစ်သွားသည်ဆိုပါတော့။ သူက ကနေဒါကို ကျောင်းလာတက်ခြင်းဖြစ်သည်။ ရန်ကုန်မှ မိဘများက သူကို လိုလေးသေးမရှိ ကူညီထောက်ပံ့လို့ နေရေးထိုင်းရေး သိပ်မပူပန်းရ၊ သူကျောင်းပိတ်ရက်တွေမှာ  ကနေဒါမှ အထင်ကရနေရာများ သူနဲ့အတူသွားဖြစ်သည်။ ပျော်ပွဲရွှင်ပွဲတွေ အတူဆုံဖြစ်သည်။ သူပညာသင် သုံးနှစ်တွင် ကျနော်က သူရဲ့ ကိုယ်ရံတော်လေး ဖြစ်သွားခဲ့သည်။

၎)

တစ်နေ့တွင် သူတစ်ယောက်တည်း
  ကျောင်းပြီးလို့ မြန်မာပြည်  ပြန်တော့မည်ဆိုတဲ့အကြောင်း လာနုတ်ဆက်သည်။ ကျနော်က ဘာဆို ဘာမှ မပြောတက်တော့ ၊ အတန်ငယ်မျှ ၊ နှစ်ယောက်သား ငြိမ်သက် တိတ်ဆိတ်သွားသည်။ ခဏကြာတော့ ကျနော်က " မင်း.. ငါ့ကို အဖြေမပေးတော့ဘူးလား" လို့ တစ်ခွန်းလောက်သာ ပြန်မေးမိသည်။

သူကတော့ အေးအေးဆေးဆေး မြန်မာပြည်ရောက်မှ မိဘတွေနဲ့ ပြောကြည့်လေတဲ့။

သူပြန်သွားပါပြီ..၊ တစ်နေ့မှ မေ့လို့မရပါ။ တစ်လလောက်ရှိတော့ သူပေးခဲ့တဲ့ ဖုန်းနံပါတ်ကို ဆက်ကြည့်သည်။ သူ့မိဘများကိုယ်တိုင် ဖုန်းကိုင်ပါသည်။ ကျနော် ပထမဆုံး မိတ်ဆက်စကား
 ပြောလိုက်သည်။  ကနေဒါကဖြစ်ကြောင့် ၊ အန်တီသမီးရဲ့ သူငယ်ချင်းဖြစ်ကြောင်း ပြောပြလိုက်သည်။

သူ ..ကျနော့်အကြောင်းစုံကို မိဘများအား ပြောထာသည်ထင်သည် ။ ကနေဒါကဆိုတာနဲ့  ကျနော်ကို  တရားခံတစ်ယောက် စစ်သလို စစ်ဆေးတော့သည် ။

'သားက ကနေဒါမှာ ဘာလုပ်လဲ'

'ဘာရယ်လို့ မယ်မယ်ရရ မဟုတ်ပါဘူး...ကြုံရာကြာပန်းပေါ့ အန်တီ'

'သား မှာကော ဘာပိုင်ဆိုင်မှုတွေ ရှိလဲ'

'ဒီမှာတော့ ဘာရယ်လို့ မယ်မယ်ရရ မရှိပါဘူး  ၊ ကျနော် အန်တီသမီးကို ချစ်တာတစ်ခုပဲ ရှိတယ်'

'သားရယ်.. အချစ်က ဘာမှ သုံးစားလို့ မရဘူးဆိုတာ မသိဘူးလား'

'ဒါနဲ့ သားမိဘတွေကကော'

'မိဘတွေက အညာမှာပါ ၊ ကျနော်တစ်ယောက်တည်း မွေးထားလို့၊ ကျနော်ကပဲ လုပ်ကြွေးနေရတယ်"

"ဩော်... ဒါဆို သားက တစ်ကောင်ကြွက်ပေါ့"

"ဟုတ်.. ဟုတ်ကဲ့ အန်တီ.. ဆိုပါတော့..."

ဖုန်းချသွားသည် .. ဘာသံမှ မကြားရတော့။

အန်တီနဲ့ ဖုန်းပြောပြီး မကြာပါ...၊  သူရဲ့Facebook Timeline မှာ ဖိတ်စာတစ်ဆောင်တွေ့ရသည်။  သူရဲ့ မင်္ဂလာဆောင်ဖိတ်စာဖြစ်သည်။ သတို့သားလောင်းက ကုမ္ပဏိပိုင်ရှင်သား၊ ဘွဲ့တွေများစွာနဲ့၊ ညီအကို မောင်နှစ်မ တစ်ယောက်မှ မရှိ "တစ်ဦးတည်းသော သား"တဲ့။

မင်္ဂလာဆောင် ဖိတ်စာကို ကြည့်ပြီး ကျနော် သက်ပြင်းချမိသည်....။

 အင်း!  ဘာမှ ပိုင်ဆိုင်မှုမရှိတဲ့ ကျနော်ကိုတော့ "တစ်ကောင်ကြွက်" ၊ ပိုင်ဆိုင်မှုတွေ အများကြီးရှိတဲ့ ကုမ္ပဏီပိုင်ရှင်သားကိုတော့" တစ်ဦးတည်းသော သား" တဲ့။

ဘာများ ထူးပါလိမ့်....တစ်ကောင်ကြွက်နဲ့ တစ်ဦးတည်းသောသား ဟုသာ။

ကြိုးစားပါဦးမည်..။

No comments:

Followers

My Blog List