Monday, June 25, 2012

မလွမ်းပို...



မြတ်စွာဘုရား…   တပည့်တော်မ…

ဤကဲ့သို့ ပန်း၊ရေချမ်း လှူဒါန်းရသော အကျိုးအားကြောင့် ဖြစ်လေရာဘဝတိုင်းမှာ ချစ်သောသူနှင့် အမြဲထာရ ပေါင်းသင်းရပါလို့၏ဘုရား။ ဤဘဝမှာပင် တပည့်တော်မ ချစ်သူနှင့်   ပြန်လည် ပေါင်းသင်းတွေ့ဆုံရပါလို၏ အရှင်ဘုရား။ ဒီလင်..၊ ဒီသား၊ ဒီသမီးနှင့် အိုးမပျက်၊ အိမ်မပျက် ပြန်လည်ပေါင်းသင်းရပါလို၏ အရှင်ဘုရား။
ဤဘဝမှာ ကံမကောင်း အကြောင်းမလှလို့.. ပြန်လည် မပေါင်းသင်းရ သည်ရှိသော်…။
 ဖြစ်လေရာဘဝတိုင်းမှာ.. တပည့်တော်မ လင်ယောက်ျားနဲ့ ငှက်ဖြစ်တော့လည် တစ်ကိုင်းတည်း၊ ဆင်ဖြစ်တော့လည်း တစ်ကျွန်းတည်း ဖြစ်ရပါစေသား အရှင်းဘုရား..။

“ဟဲ..ဟဲ.. ဒကာမ ပေါက်ရ ခြောက်ဆယ် ၊ မြတ်စွာဘုရားရှေ့မှာ ဘာတွေ စိတ်ကူးပေါက်ရာ ဆုတောင်းနေတာလဲ..။ လူရွှင်တော်တွေ ပျက်လုံး ထုတ်တဲ့  
 “ ငရုပ်သီးဖြစ်သော် တဆုံတည်းမှာထည့် အထောင်းခံရပါစေသားလို့တော့ ဆု မတောင်းလိုက်နဲ့နော်” ဟု စာရေးသူက သတိပေးလိုက်မှ…။

“ ဘုန်းဘုန်း .. ကိုယ်ချစ်သူနဲ့ ပြန်တွေ့ဖို့ရာ ဆုမတောင်းကောင်းဘူးလား ဘုရား?”
ဒကာမရယ် ပေါက်ပေါက်ရှာရှာ .. ချစ်သူတွေနဲ့ပြန်တွေ့ရေးများ ဘုရားရှေ့မှာ လူသိရှင်ကြား တောင်း စရာမလိုပါဘူး ။ နိဗ္ဗာန်ရပါစေလို့ ဆုတောင်းရင် အားလုံးပါပြီးပေါ့ ဒကာမရဲ့။

အထက်ပါဆုတောင်းသူမှာ... ဘုန်းကြီးကျောင်းတွင် တခါတလေမှ ဘုရားပန်းကပ် ၊ သစ်သီးလာ လှူလေ့ရှိသော တကိုယ်တည်းသမား ကနေဒါအခေါ် .. Single mother မလွမ်းပိုပင်ဖြစ်ပါတယ်။

မလွမ်းပိုဟူသော အမည်မှာ သူမရဲ့ နာမည်ရင်းမဟုတ်ပါ။ သူများထက် ..လင်ယောက်ျားကို အလွမ်းပိုလွန်းလွန့်လို့ စာရေးသူ နာမည်ပေးထားချင်ဖြစ်ပါတယ်။
စာသုံးပေသုံးပြောရရင်တော့ သောကသူဋ္ဌေးမ ဟုလည်း ခေါ်ရမည်ထင်ပါတယ်။ အချို့ကတော့ မလွမ်းပိုကို လင်ယောက်ျားကထားသွားလို့  “ ပေါက်” နေပြီဟု ကင်းပွန်းတတ်ကြပါတယ်။ မြန်မာပြည်လို ပြောရရင်တော့  “ရင်ရင်ကလေးနဲ့ ရူးနေတာ” ပေါ့လေ။
 အလုပ်တော့ ပုံမှန်သွားပါတယ်။ တခါတရံသာ ..စကားဖောက်တတ်တာမျိုး၊ သူယောက်ျား အကြောင်းကို ထပ်ကာတလဲလဲ ပြောတာမျိုး တခါတရံ  ဘုန်းဘုန်းထံမှာ.. "တပည့်တော် ယောက်ျားပြန်လားအောင် လုပ်ပေးပါဘုရား" လို့ လျှောက်ထားလေ့ရှိပါတယ်။

မလွမ်းပို ပြောပြချက်အရ….
လင်တော်မောင်နှင့်  အိမ်ထောင်ကျပြီး ကလေး   နှစ်ယောက် ထွန်းကားပါတယ်။ ခုတော့ အရွယ်တွေ ရောက်ကုန်ပါပြီ ။ ကနေဒါ ရောက်ခါစက ကလေးတွေ လေး၊ငါးနှစ်အရွယ်ပါ၊
အရင်ရောက်တဲ့ မိတ်ဆွေတွေက.." ကနေဒါရောက်ပြီ   ယောက်ျားတွေကို ကြောက်စရာ မလိုဘူးဆိုတဲ့ အကြောင်း ၊ ယောက်ျား ရိုက်ရင် မခံနဲ့ ပြန်ချ ဆိုတဲ့အကြောင်း၊ ကနေဒါမှာ အမျိုးသမီးအခွင့်အရေး အပြည့်အဝရှိတယ်ဆိုတဲ့အကြောင်း ၊ လင်ယောက်ျားနဲ့ စိတ်ကုန်လို့ မပေါင်းသင်းချင်လဲ single mother နဲ့နေရင် အစိုးရက ထောက်ပံ့တယ်ဆိုတဲ့အကြောင်း"  စတဲစတဲ့ ဗဟုသုတတွေ ကြားရတာကလဲ စုံလို့ပါပဲတဲ့။

မှန်ပါတယ်။
ကနေဒါနိုင်ငံမှာလည်း စစ်တမ်းတွေအရ လွန်ခဲ့သော နှစ်သုံးလေဆယ်လောက်က လင်နှင့်မယား အိမ်ထောင်ရေး ကွာရှင်းပြတ်စဲတာဟာ  တော်တော်လေးရှားပါးပေမယ့်  ယခုခေတ်မှာ ရာနှုန်း တဝက်ကျော်ကျော် လောက်က အိမ်ထောက်ကျပြီးရင်  အကွဲအပြဲဇာတ်လမ်းဟာ အလေ့အထ တစ်ခုလို ဖြစ်နေပါတယ်။

Divorce Lawyer ( လင်၊မယား ကွာရှင်းပေးရေး ရှေ့နေ) တွေကလည်း လမ်းဘေး ကြော်ငြာတွေမှာ တစ်မျိုး၊ အွန်လှိုင်တွေမှာ တစ်ဖုံ ၊ စာစောင်တွေမှက တဖွဲဖွဲဖြင့်   နှစ်ပတ်အတွင်း ကွာရှင်းပေးရေး ကိစ္စပြီးအောင် ဆောင်ရွက်ပေးမည်ဟု ကြော်ငြာကြပါတယ်။
 ဒီတော့ အိမ်ထောင်သည်ဘဝ စိတ်ပျက်လို့ ထွက်ရာပေါက်ရှာသူများ အဖို့ ဘာမှ ခက်ခက်ခဲခဲမရှိလှ။

လင်ယောက်ျားအတွက် သောကရောက်နေတဲ့ မလွမ်းပို့တစ်ယောက် ကျောင်းရောက်လာရင်  တရား တွေဟောရ ပြောရတာကတော့ စာရေးသူရဲ့ အလုပ်တခုပင်။

စားရေသူက ..ဒကာမရေ..
အချစ်တစ်ခုရှိရင် ဒုက္ခတစ်ခုရှိမယ်။
အချစ်နှစ်ခုရှိရင် ဒုက္ခနှစ်ခုရှိမယ်။
အချစ်တွေအများကြီးရှိရင် ဒုက္ခတွေ အများကြီးရှိမယ် သိလား။

 နောက်ပြီး မြတ်စွားဘုရားက တရားဦးဒေသနာမှာ..
ချစ်တဲ့သူနဲ့ ကွေ့ကွင်းရတာလည်း ဒုက္ခပဲ။
မချစ်တဲ့ သူနဲ့ အတူနေရတာလဲ ဒုက္ခပဲ။
လိုတာမရတာလဲ ဒုက္ခပဲ။
တိုတိုပြောရရင်တော့ ဘဝခန္ဓာ ရလာတာကကို ဒုက္ခပဲ။
ယခု ဒကာမမှာ လင်ယောက်ျားနဲ့ အတူမနေရပေမယ့် သူရှိနေသေးတာပဲ ၊ တချို့ဆို သေးသွားလို့ မတွေ့နိုင် ၊ မမြင်နိုင်တော့ကြဘူး ဒကာမလို့ ပြောတော့။

သေသွားတာကမှ ကောင်းဦးမယ်ဘုရား ယခုတွေ့နေ ၊ မြင်နေရတော့ စိတ်ပိုထိခိုက်တာပေါ့တဲ့။

“အိမ်း..ဒါကလည်း ဒကာမရဲ့ အကုသိုလ်ကံပဲလေ။ အချစ်ကံခေလို့ပေါ့”

“ဘယ်လို အချစ်ကံ ခေတာလဲ ပြောပါဦးဘုရား”

အိမ်….လောကမှာ ချစ်သူတွေဖြစ်လာဖို့ရ အကြောင်း နှစ်ချက်ရှိတယ်။

၁) ရှေးဘဝက .. အကျိုးတူ ဆောင်ရွက်ဖူးရမယ်။ ရှေးရေစက်လည်းပါရမယ်ပေါ့။

၂) ပစ္စုပ္ပန်ဘဝမှာလည်း အကျိုးတူဆောင်ရွက်ရမယ်။  ဒါကလည်း သိပ်ကျယ်ပြန်တယ်။ တစ်ယောက်အလို ဆန္ဒ တစ်ယောက်သိပြီး ပူပေါင်းဆောင်ရွက်ရမယ်ပေါ့။ ဒါတွေကို အခြေခံပြီး အချစ်တွေဖြစ်ပေါ်လာရတာပါ။

ဒကာမလေး အချစ်ကံ ဘာလို့မကောင်းတာလဲတော့မသိဘူး  ကဿပမြတ်စွာဘုရားလက်ထက်က သူဋ္ဌေး သမီးတစ်ယောက် အချစ်ကံခေခဲ့ရခြင်းအကြောင်းပြောပြမယ်နော်။

ကဿပဘုရားရှင်လက်ထက်တုန်းက သူဌေးသမီးတစ်ယောက်ရှိဖူးတယ်။ ခင်ပွန်းလောင်း သူဌေးသားရဲ့ အိမ်ကို အဝင် တံခါအတွင်းဘက် ခြေစုံရပ်မိလိုက်တာနဲ့ တပြိုင်နက် ခန္ဓာကိုယ်က အပုပ်နံ့တွေ တထောင်းထောင်း ထွက်လာတဲ့အတွက် သူဌေးသားနဲ့ လက်ထပ်ခွင့်မရဘဲ မိဘအိမ်ကို ပြန်လာခဲ့ရပါတယ်။ တခြားသူဌေးသာ ခြောက်ဦးလည်း ဒီအတိုင်းချည်းပဲဖြစ်နေလို့ သူဌေးသမီးမှာ အချစ်ကံခေသူဘဝနဲ့ စိတ်ဆင်းရဲ့နေရရှာပါတယ်။

အတိတ်ဘဝတုန်းက ယောင်းမဖြစ်သူနဲ့  ရန်ဖြစ်နေတုန်း ပစ္စေကဗုဒ္ဓါတစ်ပါး ဆွမ်းခံကြွလာတော့ ယောင်းမ က ဆွမ်းလောင်းပြီး “ ဒီလိုအမိုက်မမျိုးကို ယူဇနာ တစ်ရာအဝေးက ရှောင်ကြဉ်နိုင်ရပါစေ” လို့ ဆုတောင်းလိုက်တာကို။  ယောင်းမရဲ့ဆုတောင်း မပြည့်ချင်တဲ့ စိတ်နဲ့ သပိတ်ထဲက ဆွမ်းတွေ သွန်ပစ်ပြီး ရွှံညွန်တွေ အပြည့်ထည့်ပေးလိုက်မိတဲ့ အကုသိုလ်ကံကြောင့် ခင်ပွန်းလောင်းတွေရဲ့ အိမ်ရောက်တိုင်း အခုလို အပုပ်နံ့ထွက်ပြီး အချစ်ကံခေနေရရှာတာပါ။

“ ယောက်ျားမရတော့မယ့် အတူတူ မထူးဘူး” ဆိုပြီး လက်ဝတ်ရတနာတွေ အကုန်လုံး ထုခွဲရောင်းချ ရတဲ့ငွေနဲ့ ကဿပ ဘုရားရှင်ရဲ့ ဓာတ်တော်ဌာပနာရာ စေတီတော်မှာ ရွှေအုတ်တစ်ချပ်နဲ့ ကြာပန်းရှစ်ပွင့် လှူဒါန်းလိုက်ပါတယ်။ 

အဲဒီအချိန်မှာပဲ ပထမဆုံး လက်ထပ်ဖို့ ကြံရွယ်ခဲ့တဲ့ သူဌေးသားက သူဌေးသမီးကို အသဲအသန် သတိရပြီး အိမ်ကို ခေါ်ဆောင်သွားတဲ့အခါ အိမ်အတွင်းဝင်းဝင်ချင်း သူဌေးသမီးရဲ့ ကိုယ်က စန္ဒကူးနံ့တွေ သင်းပျံ့ ကြိုင်လှိုင်စွာ ထွက်ပေါ်လာပါတယ်။ သူဌေးသမီး စကားပြောလိုက်တိုင်းလည်း အာခံတွင်းက ကြာညိုရနံ့ မွှေးပျံ့ သင်းကြိုင်လို့နေပါတယ်။

ဘုရားမှာ ရွှေသင်္ကန်းနဲ့ ကြာပန်းလှူဒါန်းရတဲ့ ကုသိုလ်ကကြောင့် သူဌေးသမီး အချစ်ကံကောင်းကံခဲ့ရတာပါ။

ခုလည်း မလွမ်းပိုတစ်ယောက် အချစ်ကံကောင်းချင်ရင်တော့..။ မြန်မာစွာဘုရားမှာ သင်္ကန်းတွေလှူ ၊ ကိုယ်ကျင့်သီလတွေဆောက်တည်၊ စိတ်ကိုတည်တည်ကြည်ကြည်ထား၊ တရားဘာဝနာတွေ ပွားများမယ် ဆိုရင် မလွမ်းပိုရဲ့ ဆုတောင်းပြည့်ရမှာပေါ့။

ဒါပေမယ့် ငရုတ်သီးဖြစ်ရင်လည်း  တဆုံတည်းမှာ  အတူတော့ အထောင်းမခံချင်ပါနဲ့တော့ ဘဝသံသရာမှ ချစ်သောသူနဲ့  အတူလွှတ်မြောက်အောင်သာ သာသနာနှင့်ကြုံးတုန်း ရုန်းထွက်ပါတော့။

No comments:

Followers

My Blog List