Tuesday, January 20, 2015
ကနေဒါစင်တာ ဖွဲ့စည်းပုံ
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်၊ သနပ္ပင်ရွာ
ကျေးလက်ဒေသဖွင့်ဖြိုရေး ကူညီထောက်ပံ့ရေး ကနေဒါစင်တာ
                       ဖွဲ့စည်းပုံအခြေခံ စည်းကမ်းနှင့် နည်းလမ်းများ
၁။  အသင်းအမည်……….ကနေဒါစင်တာလူမှုရေးအသင်း
 ၂။  အသင်းတည်နေရာ     သနပ္ပင်ရွာ ၊မန္တလေးတိုင်းဒေသကြီး
၃။အသင်းတည်ထောင်သည့်နေ့  .. ၀၁.၀၁. ၂၀၁၅၊ ( Happy New Year day)
                                      ၁၃၇၆-ခု ပြာသိုလဆန်း (၁၃) ရက်၊ ကြာသာပတေးနေ့
၎။ အသင်း၏ ရည်ရွယ်ချက်
           သနပ္ပင်ကျေးရွာ နှင့် မြန်မာနိုင်ငံ ကျေးလက်ဒေသအတွင် မှီတင်းနေထိုင်သူများ၏ ဘာသာရေး ၊လူမှုရေး ၊ ပညာရေး ၊ ဆိုင်ရာကဏ္ဍများတွင် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းရွက်ဆောင်နိုင်ရေး နှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာ ရေးအတွက် စွမ်းနိုင်သည့်ဘက်မှ ဆောင်ရွက်ကူညီနိုင်ရေး
  အသင်း တံဆိပ်
အသင်းကြီး၏မူလရည်ရွယ်ချက်နှင့် ၊ကနေဒါ၊မြန်မာ ရင်းနှီးစွာ နှစ်နိုင်ငံ ရင်းနှီးလာစေရေးနှင့် ၊ ကနေဒါရောက်မြန်မာများ စည်းလုံး၊ညီညွတ်ခြင်းကို ဖော်ဆောင်သော ၊ ကနေဒါအလံပါ  Maple Leaf ကို အသုံးပြုထားပြီး ၊ မြန်မာနိုင်ငံတွင် တည်ရှိသောကြောင့်၊  ဝဲ၊ယာ တွင် မြန်မာမြေပုံကို ဖော်ညွှန်းထားသည်။
အသင်းတံဆိပ် အသုံးပြုခြင်း ဆိုင်ရာ စည်းကမ်းများ
(က)အသင်းတံဆိပ်တုံးကို  အသင်းကိစ္စ မှ တပါး အခြား ကိုယ်ရေးကိစ္စများအတွက် အသုံးမပြုရ
(ခ) ထောက်ခံစာ ၊  ရုံးစာများအတွက် သုံးသောအခါ ထင်ရှားသိသာသည့် နေရာတွင် တည့်တည့်မတ်မတ် ပေါ်လွင်ထင်ရှားစွာ ရိုက်နှိပ်ရမည် ။
အသင်းဝင်အဖြစ် လက်ခံခြင်း
၁။   အသင်းဝင်တဦးချင်းသည် မိမိအသင်းအဖွဲ့မှ သတ်မှတ်ပြဋ္ဌာန်းထားသော  စည်းကမ်းချက်များကို ယုံကြည်လိုက်နာ လက်ခံနိုင်သူ ဖြစ်ရမည် ။
၂။      မိမိသဘောအလျှောက် အသင်းသို့ ၀င်ရောက်သူ ဖြစ်ရမည်
၃။      အသင်းလုပ်ငန်းစဉ်များကို စိတ်ဝင်စားသူ ဖြစ်ရမည်
၎။      အများနှင့် စုပေါင်းလုပ်ကိုင်လိုစိတ်ရှိရမည်
၅။      အသင်းကြီးရေရှည်တည်တံ့ ခိုင်မာစွာ ရပ်တည်နိုင်ရေးအတွက် အသင်းဝင်ကြေး၊လစဉ်ကြေး နှင့် မတည်ငွေ အနဲနှင့် အများ မိမိတို့ စွမ်းနိုင်သလို ထည့်ဝင်လှူဒါန်း နိုင်သူဖြစ်ရမည်
အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး
အသင်းဝင်ကြေးကို အိမ်ထောင်စု တစ်စု အတွက် မြန်မာငွေ ကျပ် တစ်ထောင် (၁၀၀၀) သတ်မှတ်သည် ၊နှစ်စဉ်ကြေးကို တစ်လ (၂၀၀) ကျပ် နှုန်းဖြင့် တစ်နှစ်အတွက် (၂၄၀၀) ကျပ် သတ်မှတ်သည် ။(အများသဘောဆန္ဒအတိုင်း ပြင်ဆင်သတ်မှတ်နိုင်သည်)
အသင်းဝင် ဦးရေ
အိမ်ထောင်ဦးစီး တစ်ဦး အသင်းဝင်ဖြစ်ထားလျှင် ထိုသူနှင့် အတူနေ မိသားစုဝင် အားလုံးကို အသင်းဝင် အဖြစ် သတ်မှတ်သည် ။ အိမ်ထောင်ကျ အိမ်ထောင်ကွဲ လုပ်ငန်းခွဲဖြစ်ပါက သီးခြား အသင်းဝင်စေရမည်။
အသင်းဝင်များ လိုက်နာရန် စည်းကမ်းချက်များ
၁။ အသင်းဝင်းတိုင်း နှင့် အမှုဆောင်တိုင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ဖြစ်သော အနန္တောအနန္တငါးပါးတို့၏ ဂုဏ်သိက္ခာကို  ထိခိုက်စေမည့် အပြောအဆို အပြု အမူများ မပြုလုပ်ရ။
(၂) အသင်း၏ အမည်နှင့် လိပ်စာကို အသင်းကိစ္စမှ တပါး ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ လုံးဝ မသုံးရ ။
(၃) အသင်းကိစ္စနှင့် ပတ်သက်၍ အခြားဘာသာ၊ လူမျိုး၊ အဖွဲ့အစည်း တစ်ဦးတစ်ယောက်အား ထိခိုက်စေမည့် အပြာအဆို အပြု အမူတို့ကို မပြုလုပ်ရ ။
(၄) အမှုဆောင် အများစု၏ ဆုံးဖြတ်ချက်အရသာ အသင်း၏လှုပ်ရှားမှုကို ဖြစ်စေရမည် ၊ တစ်ဦးကောင်း တစ်ယောက်ကောင်း ပုံသဏ္ဍန်မျိုး မရှိစေရ ။
(၅)  အမှုဆောင်အများ စု ၏ ဆုံးဖြတ်ချက်ကို အနည်းစုက သဘောမတူသော်လည်း အများစု၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရာ၌ ပါဝင်ကူညီရမည် ။
                   အသင်းဝင်အဖြစ်မှ ရပ်စဲခြင်း
အသင်းဝင်များသည်
(က) အသင်း၏ ပျက်စီးရာ ပျက်စီးကြောင်းတို့ကို ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် လုပ်ဆောင်နေကြောင်း ထင်ရှားစွာ သိရှိရပြီး အသင်း၏ စည်းကမ်းချက်များကို ကျူးလွန်ဖောက်ဖျက်နေပါက အသင်းဝင်အဖြစ်မှ ရပ်စဲခြင်းခံရမည်
(ခ)     အသင်း၏ အမည်ကို အသုံးပြုလျှက် ကိုယ်ကျိုးရှာခြင်း ၊ အသင်းကြီး ဂုဏ်သိက္ခာ ငြိုးနွမ်းပျက်စီးစေရန် ရည်သန်၍ ပြုမှု ပြောဆို နေထိုင်ခြင်းတို့ကို တွေ့ရှိရပါက အသင်းဝင်အဖြစ်မှ ရပ်စဲခြင်းခံရမည် ။
အသင်းကြီး၏ လုပ်ငန်းစဉ်များ
          (က) ဘာသာရေး
          (၁) နှစ်စဉ် အခါကာလ အားလျှော်စွာ ကျင်းပဆင်ယင် ပူဇော်သင့်သော ဘာသာရေးဆိုင်ရာ အထင်ကရ ပွဲတော်ကြီးများကို ကျင်းပရာတွင် ဦးစီးဆောင်ရွက်ပေးရန်
          (၂) အခါအားလျော်စွာ သီလ သမာဓိ ပညာ အသက် သိက္ခာ ဂုဏ်ရှိန် ကြီးမား ဆရာတော်ကြီးများအား ပင့်ဖိတ်၍ ဖူးမျှော် ပူဇော် တရားတော်များ နာယူနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်ပေးရန်
          (၃) ရပ်ရွာဒေသအတွင်း သာရေး နာရေးများ ဖြစ်ပေါ်လာသောအခါ ဘာသာရေး ဓလေ့ ထုံးတမ်း အစဉ်အလာ ယဉ်ကျေးမှုများနှင့် အညီ  ဦးစီးဆောင်ရွက်ပေးရန်
(ခ )  ပညာရေး
            ပုဂ္ဂိုလ်ကြီးငယ်မရွေး  တက်ရောက်သင်ယူ လေ့လာနိုင်သည့် အောက်ဖေါ်ပြပါ သင်တန်းများကို ဖွင့်လှစ်သင်ကြား ပို့ချပေးရန်
          (က) အခြေခံ ဗုဒ္ဓ စာပေနှင့် ယဉ်ကျေးမှု့ သင်တန်းများပို့ချခြင်း
          (ခ) အသင်း၏ လုပ်ငန်းစဉ်များကို ဖေါ်ပြနိုင်ရန်နှင့် အသင်းကြီး ရေရှည်ခိုင်ခန့် တည်တံ့ နိုင်ရေး အတွက် လိုအပ်သလိုပြက္ခဒိန် ဓမ္မဒါနစာအုပ်ငယ် လက်ကမ်းစာဆောင် သတင်းလွှာများ ထုတ်ဝေဖြန့်ချီခြင်း
          (ဂ)  အသင်းဝင်များ စွမ်းရည်အဆင့် မြင့်မားစွာ အမျိုး ဘာသာ သာသနာအကျိုး သယ်ပိုးနိုင်ရန်အတွက် ထူးချွန်ထက်မြက်သော အသင်းသား/သူ များအား ရွေးချယ်လျှက် အခါအားလျှော်စွာ ဆွေးနွေးပွဲများ၊ ညီလာခံများ၊ မြို့ပြဒေသသို့ ပို့ဆောင်ပြီး သင်တန်းများတက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း
      (ဃ)  မိမိရပ်ရွာဒေသ အတွင်းမှ ပညာထူးချွန်သူများ ၊ နွမ်းပါးကျောင်းသားကျောင်းသူများ ၊စာသင်သား သံဃာများအား ထောက်ပံ့လှူဒါန်းခြင်း
                                                (၈) လူမှုရေး
(က)     အသင်းဝင်တဦးဦး ကွယ်လွန်သောအခါတွင်၎င်း၊ နာမကျန်း ဖြစ်ခဲ့သော်လည်းကောင်း ၊တစုံတခုသော ကြီးမားသော ပြဿနာ ကြုံခဲ့သော်လည်းကောင်း အသင်းကြီးအတွင်း ညှိနှိုင်းတိုင်ပင် ဆွေးနွေး၍ လိုအပ်သလို ကူညီပေးနိုင်ရန်
      (ခ)     အသင်းကြီး၏ အများပေါင်းစု ကောင်းမှုအနေဖြင့် မြန်မာပြည်ဒေသ အသီးသီးရှိ သဘာဝဘေးဒဏ်ခံရသူများ၊ အခက်ခဲရှိ ဒေသများ၊ မိဘမဲ့ ပရဟိတကျောင်းများ၊ စာသင်တိုက်များ အား ပံ့ပိုးကူညီလှူဒါန်းရန်
အမှု့ဆောင်အဖွဲ့ ဖွဲ့စည်းခြင်း ဆိုင်ရာ စည်းကမ်းများ
(၁)     အသင်း၏ အကျိုးဆောင်အဖွဲ့အား (၂)နှစ်လျှင် တစ်ကြိမ် ပြန်လည်ရွေးချယ် တင်မြှောက်ရမည်။
(၂)     ယင်းအလုပ်အမှုဆောင်အဖွဲရွေးချယ်တင်မြှောက်ခြင်းကို အသင်းဝင်အများစု စုံညီတက် ရောက်သော နှစ်ပတ်လည် အစည်းဝေးကြီး၌သာ ပြုလုပ်ရမည်။
(၃)     အသင်းအား အဓိကအားဖြင့် ငွေအား၊ လူအားဖြင့် အကျိုးပြုပေးနေသည့် အဖွဲ့ငယ်များကို အသင်း၏ အမာခံကျောရိုးအဖြစ် သတ်မှတ်ရမည်။(ဥပမာ... အမျိုးသမီး အသင်း ၊ လူငယ်အမျိုးသား အသင်း )
(၄) အသင်းကြီး၏ ဗဟိုလ်အမှုဆောင်အဖွဲ့တွင် ပါဝင်နိုင်ရန်အတွက် မ,တည်လှူဒါန်းထည့်ဝင်ငွေ (၁၀၀၀၀)တစ်သောင်းကျပ် အနည်းဆုံးထည့်ဝင်လှူဒါန်းနိုင်ရမည်
(၅)     အသင်း၏ ဥက္ကဋ္ဌ၊ဒု-ဥက္ကဋ္ဌတာဝန်နှင့် အထွေထွေအတွင်းရေးမှူးတာဝန်တို့ကို အော်ဖေါ်ပြပါ သတ်မှတ်ချက်စံများနှင့် ပြည့်စုံသော မည်သည့်ပုဂ္ဂိုလ်ကိုမဆို ရွေးချယ်ခန့်အပ်ရပေမည်။
(က)    အသင်းအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို ကိုယ်ကျိုးစွန့် အနစ်နာခံ၍ ဆောင်ရွက်လိုစိတ်ရှိခြင်း၊
(ခ)     ပေးအပ်ထားသော တာဝန်နှင့် လျှော်ညီစွာ စွမ်းဆောင်နိုင်သော အရည်အချင်း ရှိခြင်း၊
(ဂ)     ဗဟိုလ်အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်သူဖြစ်၍ အသင်းဝင်အများစုက                                           လက်ခံသဘောတူခြင်း၊
(ဃ)    အသင်းနှင့် လက်တွဲ၍ အများကျိုးဆောင်လုပ်ငန်းများကို အနည်းဆုံး(၂)နှစ်သက်တမ်း                            တာဝန်ယူဆောင်ရွက်နိုင်သူဖြစ်ခြင်း
အသင်းအဖွဲ့ခွဲများ
အသင်း၏ မူလရည်ရွယ်ချက်များကို နှစ်သက်လက်ခံ၍ ဒေသအလိုက် ဆန္ဒတူရာ ပုဂ္ဂိုလ်များစုပေါင်း၍ အသင်းအတွက် အထောက်အပံ့ပေးရန် အဖွဲ့ငယ်လေးများကို အသင်း၏ အဖွဲ့ခွဲများအဖြစ် သတ်မှတ်သည်။
အသင်း ၀င်တို့၏ လုပ်ငန်းဆိုင်ရာများ
ဤနေရာ၌ တာဝန်နှင့် အခွင့်၊ အာဏာဟူ၍ သုံးမျိုးရှိရာ တာဝန်နှင့် အခွင့်သည် အဖွဲ့ဝင် အားလုံးနှင့်သက်ဆိုင်၍ အာဏာသည် ဥက္ကဋ္ဌ စသော တာဝန်ခံအမှု့ဆောင်အဖွဲ့နှင့်သာ သက်ဆိုင် သည်။
(က)    တာဝန်နှင့် အခွင့်အရေးများ
၁။      ကမ္ဘာပေါ်ရှိ အသင်းအဖွဲ့အစည်းတိုင်းတွင် ထုံးတမ်းစဉ်လာအရ သတ်မှတ်ထားအပ်သော အသင်းဝင်များအားလုံး သိရှိလိုက်နာကျင့်သုံးရမည့် တာဝန်ဟူ၍ ရှိပေသည်။ ထိုအချက်သည် အသင်းအမည်နှင့် အဖွဲ့ဝင်အမည် ခံယူသူတိုင်း သိရှိနားလည်ထား ရမည့် ၀တ္တရားဖြစ်ပေသည်။ ထို့ကြောင့်အဖွဲ့ဝင် အားလုံးတို့သည် မိမိတို့၏ တာဝန်ကို သိရှိနားလည်အောင် လေ့လာမှတ်သား ထားကြရမည်။
၂။      မိမိတို့ရာထူးနှင့် ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နားလည်မှု့ မရှိသေးပါက ကျွမ်းကျင်နားလည်သူများနှင့် တိုင်ပင် နှီးနှော၍ဖြစ်စေ ပူးူပေါင်း၍ဖြစ်စေ မိမိတို့ဆောင်ရွက်ရမည့် ၀တ္တရားများကို  တိမ်းစောင်းမှု့နည်းပါးအောင် အထူးအလေးပြု၍ ထိန်းသိမ်းဆောင်ရွက်ကြရမည်။
၃။      မိမိတို့အသင်း၏ ရာထူးနှင့် ဌာနအလိုက်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြတ်သားစွာ သိမြင်နားလည်၍ ယင်းတို့နှင့် ကိုက်ညီသော အမှု့ကိစ္စ များကို အထမြောက်အောင်မြင်အောင် အသင်းဝင်အားလုံးတို့သည် ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြရမည်။
၎။      အခွင့်ဟူသည်မှာ အခွင့်အရေးကိုဆိုလိုသည် ။ ၄င်းတို့မှာ (က) ဆန္ဒမဲပေးပိုင်ခွင့် (ခ) အကျိုးခံစားခွင့် ဟူ၍ နှစ်မျိုးရှိပေသည်။ အသင်းဝင်များသည် နှစ်ပတ်လည် အစည်းအဝေးကြီး၌အမှု့ဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာအစည်းအဝေးများ၌ မဲခွဲဆုံးဖြတ်ရမည့် ကိစ္စများတွင်လည်းကောင်း၊ မိမိတို့ဆန္ဒမဲများကို လွတ်လွတ်လပ်လပ် ပေးပိုင်ခွင့် ရှိစေရမည် ။ အကျိုးခံစားနှင့် ပတ်သက်၍မူ အသင်းဝင်အားလုံးတို့သည် ညီတူညီမျှ အကျိုးခံစားစားခွင့် ရှိစေရမည်။
(ခ)     အာဏာ (လုပ်ပိုင်ခွင့် )
ဤနေရာတွင် အာဏာဟူသည်မှာ လုပ်ပိုင်ခွင့်ကို ဆိုလိုသည်။ အလုပ်အမှု့ဆောင် အဖွဲ့ဝင်တို့၏ ထမ်းဆောင်ရသော တာဝန်အလိုက်ပေးအပ်ထားသော လုပ်ပိုင်ခွင့် အာဏာတို့ကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပေသည် ။
၁။      ဥက္ကဋ္ဌ ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(က)    အသင်း၏ကောင်းကျိုး တိုးတက်ရာကို မြင်၍ဖြစ်စေ၊ အစဉ်အလာအရ တာဝန်ရှိ၍ ဖြစ်စေ၊ အစည်အဝေးပြုလုပ်နိုင်ရန် ဆင့်ခေါ်နိုင်ခြင်း။
(ခ)     တစ်စုံတစ်ရာ အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆခဲ့သော် အစည်းအဝေးကို
ရက်ချိန်းလွှဲနိုင် ရပ်ဆိုင်းနိုင် ဖျက်သိမ်းနိုင်ခြင်း ၊
(ဂ)     အစည်းအဝေး၌ အဖွဲ့၏ တိုးတက်ရာတိုးတက်ကြောင်း မဖြစ်စေနိုင်သော မလျှော်ကန်သော မေးခွန်းများ၊ အငြင်းပွားမှု့များ ပေါ်ပေါက်လာပါက ဟန့်တား နိုင်သည့်အပြင် ညွှန်ကြားချက်ကို မလိုက်နာပါက အစည်းအဝေးမှ အချိန်ပိုင်းခြား ၍ ထုတ်ပယ်ပစ်နိုင်ခြင်း ။
(ဃ)    အကြောင်းလုံလောက်မှ အသုံးပြုရမည့် အသင်းကြီး၏တံဆိပ်တုံး စသည်ကို မိမိ(ဥက္ကဋ္ဌ)ထံ၌သာ ထားစေ၍ မိမိ(ဥက္ကဋ္ဌ)သဘောတူသော အဖွဲ့ကိစ္စ၌သာ အသုံးပြုနိုင်ခြင်း ။   (ကိုယ်ရေးကိုယ်တာ ကိစ္စများ၌ အသုံးမပြုနိုင် )
(င)     အသင်းကြီးအတွက် အရေးပေါ်ကိစ္စပေါ်ပေါက်လာသည့်အခါ အစည်းအဝေးခေါ်ယူရန် လုံလောက်သည့်အချိန်မရနိုင်သည့် ကာလတွင် ဘဏ္ဍာငွေဒေါ်လာ ကျပ် တစ်သိန်း(၁၀၀၀၀၀) အထိ မိမိ(ဥက္ကဋ္ဌ)တာဝန်ယူ၍ ယာယီအသုံးပြုနိုင်ခြင်း။
 ၂။     ဒုတိယ ဥက္ကဋ္ဌ ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်
(က)ဥက္ကဋ္ဌအား ကူညီဆောင်ရွက်ရန်နှင့် အကြောင်းကိစ္စ တစ်ခုခုကြောင့် ဥက္ကဋ္ဌ ကိုယ်တိုင် မဆောင်ရွက်နိုင်သည့်အခါတွင် ၄င်း၏လုပ်ပိုင်ခွင့်ကို သုံးစွဲနိုင်ခွင့် ရှိခြင်း။
(ခ) အသင်း၏ မဖြစ်မနေ လစဉ်သုံး ကုန်ကျစရိတ် ဘေများကို တာဝန်ယူ လက်မှတ်ထိုး ထုတ်ပေးခြင်း ၊ ပေးသွင်းနိုင်ခြင်း
   ၃။   အထွေထွေအတွင်းရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(က)    ဥက္ကဋ္ဌ၏အမိန့်ရရှိလျှင် မိမိအမည်ဖြင့် အစည်းအဝေး ဆင့်ခေါ်နိုင်ခြင်း ။
(ခ)     အစည်းအဝေး အစီစဉ်များကို စနစ်တကျ စီမံပြုလုပ်နိုင်ခြင်း
(ဂ)     အဖွဲ့အတွက် မသုံးမဖြစ် ကိစ္စမျိုး ပေါ်ပေါက်လာလျှင် ဥက္ကဋ္ဌထံ အမိန့်မခံယူပဲ                  ဘဏ္ဍာရေးမှူးထံမှ ကျပ်ငွေ ငါးသောင်း (၅၀၀၀၀) အထိ တရားသဖြင့်တောင်းခံ အသုံးပြုနိုင်ခြင်း။
 (ဃ)   သက်ဆိုင်ရာ အမှု့ဆောင်အဖွဲ့နှင့် အစည်းအဝေးများမှ သဘောတူညီချက်များ  ရရှိပါက အဖွဲ့၏ ထုတ်ပြန်ကြေငြာချက်တို့ကို မိမိအမည်ဖြင့် အခွင့်သင့်သလို ထုတ်ပြန်ကြေငြာနိုင်ခြင်း။
၎။      တွဲဘက်အတွင်းရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
အထွေထွေအတွင်းရေးမှူးအား ကူညီဆောင်ရွက်ရန်နှင့် အကြောင်းကိစ္စ တစ်ခုခုကြောင့် အထွေထွေအတွင်းရေးမှူးကိုယ်တိုင် မဆောင်ရွက်နိုင်သည့်အချိန်တွင် ၄င်း၏လုပ်ပိုင်ခွင့်ကို သုံးစွဲနိုင်ခွင့် ရှိခြင်း။
၅။      ဘဏ္ဍာရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(က)    အဖွဲ့အတွက် အသုံးပြုရန် ကျပ်ငွေ သုံးသိန်း(၃၀၀၀၀၀)အထိ ဘဏ္ဍာရေးမှူးများ၏ လက်ဝယ် အသီးသီးထားနိုင်ခြင်း ။
(ခ)     ဥက္ကဋ္ဌ (သို့မဟုတ်) ဒု-ဥက္ကဋ္ဌ လက်မှတ် ပါရှိပါမှသာ အသင်းအတွက် အသုံးပြုရန် ငွေများကို သက်ဆိုင်ရာတာဝန်ခံတို့ကို ထုတ်ပေးနိုင်ခွင့် ရှိခြင်း
 (ဂ)    ဘဏ်နှင့်သက်ဆိုင်သော ငွေစာရင်းများ၊ ငွေထုတ်လက်မှတ်များ၊ ချက် cheque) လက်မှတ်များကို သိမ်းဆည်းထားနိုင်ခွင့်ရှိခြင်း ။
(ဃ)    အသင်းအတွက် လိုအပ်သောဘဏ္ဍာငွေများ ရရှိနိုင်ရန် သင့်တော်သလို စီမံချက် ချမှတ်ပြုလုပ်နိုင်ခြင်း။
၆။      စားရင်းစစ်များ ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(က)    အသင်း၏ ဘဏ္ဍာငွေများ မယိုမဖိတ်စေရန်နှင့် သက်ဆိုင်ရာ အစိုးရ၏ တရားဥပဒေ တို့နှင့်လည်း ငြိစွန်းမှု့မပေါ်ပေါက်စေရန်အတွက် လစဉ် တစ်လတစ်ကြိမ် ငွေစာရင်းများကို တာဝန်ယူ စစ်ဆေးနိုင်ခြင်း
(ခ)     ဘဏ္ဍာရေး၌ ချို့ယွင်းချက်များ တွေ့ရှိပါက ဥက္ကဋ္ဌအား အစည်းအဝေးခေါ်ရန်         တိုက်တွန်းနိုင်ခြင်း။
(ဂ)     ဘဏ္ဍာရေး၌ ချွတ်ယွင်းချက်များ တွေ့ရှိသော်၎င်း၊ သုံးစွဲမှု့များအပေါ်၌ သံသယ ဖြစ်လျှင်သော်၎င်း၊ မတရားသဖြင့် သုံးစွဲသည်ဟု ယူဆလျှင်သော်၎င်း အမှု့ဆောင်အဖွဲ့မှ အမြန်စစ်ဆေး အရေးယူရန် ဥက္ကဋ္ဌ မှတစ်ဆင့် အလျင်အမြန် ညွန်ကြားနိုင်ခြင်း။
၇။      ပြန်ကြားရေးမှူး ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(က)    အသင်း၏ တိုးတက်ရာ တိုးတက်ကြောင်းကို ရည်ရွယ်၍ ထုတ်ဝေသော သတင်းကြော်ငြာ လက်ကမ်းစာဆောင် ၊ဂ္ဂဇင်းစသည်တို့ကို မိမိတို့စိတ်ကြိုက် တည်းဖြတ်ပြင်ဆင် ထုတ်ဝေနိုင်ခြင်း။
(ခ)     ယင်းစာဆောင် မဂ္ဂဇင်း စသည်တို့ကို ထုတ်ဝေနိုင်ရေးအတွက် ကျပ်ငွေ ငါးသောင်း(၅၀၀၀၀) အထိ အသုံးပြုနိုင်ခြင်း၊ (ထို့ထက်ပို၍ အသုံးပြုလိုပါက အမှု့ဆောင်အဖွဲ့၏ သဘောတူညီချက် ကို ကြိုတင်ရယူရမည်။)
(ဂ)     ပြန်ကြားရေးနှင့် ဆိုင်သော အသင်းပိုင် စာအုပ်စာတန်းများ ၊ ကွန်ပြူတာ စသည်တို့ကို လက်ဝယ်ထိန်းသိမ်း၍ အသုံးပြုနိုင်ခွင့် ရှိခြင်း။
(ဃ)    အသင်းကြီး၏ သတင်းဆက်သွယ်ရေးနှင့် ပြန်ကြားရေးဆိုင်ရာ ကိစ္စများကို အမှု့ဆောင်အဖွဲ့ထံ
တင်ပြ၍ သင့်လျှော်သလို လုပ်ဆောင်နိုင်ခြင်း။
စည်းရုံးရေးမှူးများ ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
(က) အသင်းဝင်များအတွင်း ဖြစ်ပေါ်လျက်ရှိသော ဘာသာရေး ပညာရေး လူမှုရေုးဆိုင်ရာများကို တာဝန်ယူ ဖြေရှင်း ကူညီပေးခြင်း ၊ ထောက်ပံ့ရန်လိုအပ်သော သူများထံ တွေ့ဆုံမေးမြန်း သတင်းယူခြင်း ၊ အမှုဆောင်အဖွဲ့ထံ ပြန်လည်တင်ပြခြင်း
(ခ) အသင်းဝင် အင်အား တိုးမြင့်ရေးနှင့် အသင်းသူ အသင်းသား အချင်းချင်း ပိုမိုစည်းလုံးညီညွတ်ရေး ၊လုပ်ငန်းဆောင်ရွက်ဖွယ်တို့တွင် ပူပေါင်းဆောင်ရွက်ရေးတို့အတွက် လိုအပ်သလို  လှည့်လည်စည်းရုံး ဟောပြောခြင်း
    ဘဏ္ဍာရေးဆိုင်ရာ
အသင်းပိုင်ဘဏ္ဍာငွေများကို -
(က)    အသင်းဝင်ကြေး၊ ပင်မဘဏ္ဍာငွေ
(ခ)     လစဉ်အထွေထွေ  အသုံးပြုရန် ငွေ
(ဂ)     အရန်လျာထား ရန်ပုံငွေဟူ၍ သုံးမျိုးခွဲခြားထား အပ်သည်။
ဖေါ်ပြပါ အသင်း၏ငွေကြေးများကို အဖွဲ့အမည်ဖြင့်ဖြစ်စေ၊ အဖွဲ့က ယုံကြည်စိတ်ချရသူတစ်ဦးဦး၏ အမည်ဖြင့် ဖြစ်စေ ဘဏ်၌ အပ်နှံထားရမည်။
အသင်းမှ လက်ခံရရှိသည့်  ၀င်ငွေများအား လေးလလျှင် တစ်ကြိမ်စီ -
(၁)     ပင်မဘဏ္ဍာအား (၃၀) ရာခိုင်နှုန်း
(၂)     လစဉ်အထွေထွေသုံးစွဲရန် (၅၀) ရာခိုင်နှုန်း
(၃) အသင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အသုံးပြုရန်  (၂၀) ရာခိုင်နှုန်း အားဖြင့် ခွဲဝေရမည်။
ဘဏ်၌ ငွေထုတ်ယူရေး
(၁)               ဘဏ္ဍာရေးမှူးလက်ဝယ်ထားရှိသော ငွေနှင့် မလုံလောက်သောကိစ္စပေါ်လာလျှင် (အသင်းအမည်ဖြင့် အပ်နှံထားသောငွေ ရှိခဲ့ပါက) အသင်း၌ သုံးစွဲရန် ငွေထုတ်လိုခဲ့သော် အမှုဆောင်အဖွဲ့ဝင်များ အနည်းဆုံး သုံးပုံနှစ်ပုံ တက်ရောက်သောအစည်းအဝေးမှ ထုတ်ယူသုံးစွဲသင့်သည်ဟု ဆုံးဖြတ်ချက် ရယူရမည်။
(၂)     ထို့နောက် ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး သုံးဦးတို့လက်မှတ် ထိုးပြီးမှသာ ဘဏ္ဍာရေးမှူးက သက်ဆိုင်ရာဘဏ်မှ ထိုငွေကို ထုတ်ယူနိုင်ခွင့်ရှိစေရမည်။
(၃)     သက်ဆိုင်ရာဘဏ်တိုက်သို့လည်း အထက်ပါသုံးဦးတို့ လက်မှတ်ပါရှိမှ ထုတ်ပေး ရန် ဘဏ်တိုက်တွင် ငွေအပ်ချိန်မှစ၍ စည်းမျဉ်းတစ်ရပ်အနေဖြင့် တင်ပြထားရမည်။
(၄)     အထက်ပါ အင်္ဂါသုံးချက်နှင့် မညီညွတ်ခဲ့သော် မည်သူမျှ ငွေထုတ်ယူခွင့် မရှိစေရ
(၅)     ထိုစည်းမျဉ်းများကို ကျူးလွန်ဖောက်ဖျက်သူ ပေါ်ပေါက်လာပါက အနုနည်းဖြင့် ဖြစ်စေ၊ တရားဥပဒေအရဖြစ်စေ ပြေငြိမ်းစေရမည်။
၎။      အစည်းအဝေးဆိုင်ရာ
အစည်းအဝေးတို့မှာ -
(၁)     နှစ်ပတ်လည်အစည်းအဝေး
(၂)     ပထမလေးလပတ် အစည်းအဝေး
(၃)     ဒုတိယလေးလပတ် အစည်းအဝေး
(၄)     အထူးအစည်းအဝေး ဟူ၍ (၄) မျိုးရှိပေသည်။
          ပထမလေးလပတ် အစည်းအဝေးဆိုသည်မှာ - ယင်းလေးလအတွင်း ရရှိလာသော လှူဒါန်းငွေများကို စာရင်းရှင်းတင်ပြရန်၊ ဥပဒေကျူးလွန်သူတို့အား အသင်းဝင်အဖြစ်မှ ထုတ်ပယ်ရန်၊ အသင်းဝင်သစ်လျှောက်ထားလာသောသူတို့အား လက်ခံ စဉ်းစားရန်၊ ယင်းလေးလအတွင်း အဖွဲ့ကြီး၏ ဆောင်ရွက်မှုများကို တင်ပြဆွေးနွေးရန် ၊ကျင်းပသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်များသာ တက်ရောက်နိုင်သော အစည်းအဝေးဖြစ်သည်။
          ဒုတိယလေးလပတ် အစည်းအဝေးဆိုသည်မှာ - အလားတူအစည်းဝေးမျိုးဖြစ်ပြီး လာမည့် နှစ်ပတ်လည် အစည်းအဝေးကြီးအတွက် ကြိုတင်စီစဉ်ရန် ဆွေးနွေးသော အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးမျိုးဖြစ်သည်။
          ယင်းလေးလပတ် အစည်းအဝေးများမတိုင်မီ သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင် ပြင်ဆင် ညှိနှိုင်းအစည်းအဝေးပွဲများ မဖြစ်မနေကျင်းပ၍ အသင်းဝင်များနှင့် အဖွဲ့ဝင်များ၏ အကြံပြု တင်ပြချက်များအား အလုပ်အမှုဆောင်အဖွဲ့ဝင်များက ရယူပြီး လေးလပတ်အစည်းအဝေး များ၌ တင်ပြရမည်။ ယင်းလေးလပတ်အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအား အလုပ်အမှုဆောင် အဖွဲ့ဝင်များက သက်ဆိုင်ကဏ္ဍအလိုက် အများပြည်သူ သိရှိရအောင် ပြန်လည်ရှင်းလင်းတင်ပြရမည်။
          အထူးအစည်းအဝေးဆိုသည်မှာ - လေးလပတ်အစည်းအဝေးများနှင့် ကွာဝေးသော အချိန်အခါ၌ အသင်းအတွက် အလွန်အရေးကြီးသော ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့ပါက တင်ပြဆွေးနွေး၊ စီစစ်ဆုံးဖြတ်ရန် ကျင်းပသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ အစည်းအဝေးဖြစ်သည်။
          အချုပ်အားဖြင့် မည်သည့်အစည်းအဝေးမျိုး၌မဆို သက်ဆိုင်ရာအဖွဲ့ဝင် သုံးပုံနှစ်ပုံ တက်ရောက်က ထိုအစည်းအဝေးမှ ဆုံးဖြတ်ချက်သည် တရားဝင် အတည်ဖြစ်သည်ဟု မှတ်ယူရမည်။
          အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ (သို့မဟုတ်) တရားဝင် ပန်ကြားခြင်း မပြုဘဲ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၂) ကြိမ် မတက်ရောက်နိုင်သည့် အလုပ်အမှု ဆောင် အဖွဲ့ဝင်အား အစားထိုး ရွေးချယ် တင်မြှောက်ရမည်။
(မှတ်ချက်)။   ။ မိမိဆန္ဒအရဖြစ်စေ၊ အပြစ်ကျူးလွန်၍ဖြစ်စေ၊ အမှုဆောင်အဖွဲ့ဝင် တစ်ဦးဦး နှုတ်ထွက်စာတင်သွင်းလာပါက မည်သည့်အစည်းအဝေးမျိုး၌မဆို စဉ်းစားနိုင်ခွင့် ရှိစေရမည်။
တာဝန်ခံအဖွဲ့ဝင် တင်မြှောက်ရေးနှင့် ပယ်ဖျက်ရေး
လက်ရှိ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဦးသည် မိမိသဒ္ဓါ စေတနာအရ အသင်းတာဝန်များကို ထမ်းဆောင်နေရာမှ မိမိဆန္ဒအရဖြစ်စေ၊ ဆိုးကျိုးတစ်ခုခု ကြောင့်ဖြစ်စေ၊ မူလတာဝန်မှနှုတ်ထွက်၊ ပယ်ဖျက်ခြင်းများကြုံလာ၍ နေရာလစ်လပ်ခဲ့သော် တာဝန်ခံအသစ် ထပ်မံတင်မြှောက်ရန် လိုအပ်လာပေသည်။ ယင်းကိစ္စ၌ ရွေးချယ်ခံထိုက် သော တာဝန်ခံအသစ်အား အထက်တွင် ဖော်ပြထားခဲ့ပြီးသော အစည်းအဝေး (၄) မျိုးအနက် အင်္ဂါညီညွတ်သော အစည်းအဝေးတစ်ခုခု၌ တာဝန်ခံအမှုဆောင်အဖွဲ့ဝင် အများစု၏ သဘောတူညီချက်အရ တင်မြှောက်နိုင်ခွင့် ရှိပေသည်။
သို့ရာတွင် တာဝန်ခံအမှုဆောင်အဖွဲ့တစ်ခုလုံး ရွေးချယ်တင်မြှောက်ရေးမှာ နှစ်ပတ် လည်အစည်းအဝေးကြီး၌သာ အဖွဲ့ဝင်များ၏ ဆန္ဒမဲပေးမှုဖြင့် ပြုလုပ်နိုင်ပေသည်။ တာဝန်ခံ အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ရေးမှာ ပြစ်မှုကျူးလွန်မှုနှင့် လုံးဝ သက်ဆိုင်ပေသည်။
အသင်းပျက်စီးရာပျက်စီးကြောင်း အပြုအမူများ ပြုလုပ်နေသည်ဟု အသင်းဝင်အများစု က တွေ့ရှိခဲ့သော် ထိုသူအား သက်ဆိုင်ရာ တာဝန်ခံအမှုဆောင့်ဝင်များက ပထမအကြိမ်ခေါ်ယူ၍ မေတ္တာရပ်ခံရမည်။ ထိုကဲ့သို့ မေတ္တာရပ်ခံမှုကို မလိုက်နာပါက သက်ဆိုင်ရာအသင်းရုံး၌ အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ထိုပုဂ္ဂိုလ်အား အရေးယူရမည်။
အဖွဲ့ကို အကြောင်းပြု၍ အဖွဲ့၏ တံဆိပ်တုံး၊ လက်မှတ် အသုံးပြုခြင်းစသော ကိုယ်ကျိုးရှာ မသမာမှုများကို တွေ့ရှိပါက အလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေး တစ်ခါတည်းခေါ်ယူ၍ အသင်းမှထုတ်ပယ်ရမည်။ ထိုကဲ့သို့ ထုတ်ပယ်ပြီးဖြစ်ကြောင်းကို  အများသိသာအောင် ပြန်ကြားရေးမှူးမှ သတင်းထုတ်ပြန် အကြောင်းကြားရမည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့သော် နီးစပ်ရာ အစည်းအဝေး တစ်ခုခု၏ ဆုံးဖြတ်ချက်ဖြင့် တာဝန်ခံအဖြစ်မှလည်းကောင်း၊ သာမန်အဖွဲ့ဝင်အဖြစ်မှလည်းကောင်း ထုတ်ပယ်နိုင်သည်။
ဥပဒေပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြုပြင်ရေး
          လက်ခံပြီး စည်းမျဉ်းဥပဒေများကို နောက်ထပ်ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ပြုလုပ် ရေးမှာ အဖွဲ့ဝင်အနည်းငယ်တို့နှင့်မသက်ဆိုင်ဘဲ အဖွဲ့ဝင်အများစုဖြင့်သာ သက်ဆိုင်သော အရာဖြစ်ပေသည်။         ဥပမာ - လက်ခံထားပြီး စည်းမျဉ်းဥပဒေကို ကျင့်သုံးသည့်အခါ အလုပ်ကို နှောင့်နှေးစေမှုဖြစ်နေခဲ့သော်၎င်း  ဖုထစ်နေခဲ့သော်လည်းကောင်း ပြင်ဆင်မှု့များပြုကြရမည် ထို့ထက်ပို၍ အလုပ်ကို ပျက်စီးစေလောက်အောင် ဆန့်ကျင်နေခဲ့သော် ပယ်ဖျက်ပြစ်ရမည် . ၄င်းထက်ပို၍ အလုပ်မဖြစ်လောက်အောင် ဆန့်ကျင်နေခဲ့သော် ဥပဒေ အသစ်ဖြင့် အစားထိုးကြရမည်။ ထိုကိစ္စတို့ကို အချိန်အားဖြင့် နှစ်ပတ်လည်အစေးအဝေးကြီး၌သာ ပြုလုပ်နိုင်ခွင့် ရှိပေသည်။ ထိုအချိန်တွင် အများသဘောအတိုင်း နှစ်သက်ရာကို စီမံပြုလုပ်နိုင်သည်။  
                              -----------------------------------------------------
ဤဥပဒေ စည်းကမ်း နည်းလမ်းများသည် အများသဘောတူ အတည်ပြု လက်မှတ်ရေးထိုးပြီး အသင်းတည်ထောင်ကြောင်း ကြေငြာ သည့်နေ့တွင် စတင်အကျိုးသက်ရောက်အတည်ဖြစ်စေရမည်
ရေးသား တင်ပြသူ
   အရှင်ဃောက
ဗုဒ္ဓရံသီဆရာတော်၊ ဗန်ကူးဘား၊ကနေဒါနိုင်ငံ
***************************************************
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊သနပ္ပင်ရွာ ၊ ကနေဒါစင်တာလူမှုရေးအသင်း
 အသင်း ဖွဲ့စည်းပုံနှင့် အသင်းပိုင်ပစ္စည်းများ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ
အသင်းနှင့်ပိုင်ဆိုင်မှု
          ဤအသင်းသည်   မိခင်ကြီးဒေါ်ခင်မြနှင့်၊ကျန်းရစ်သာမိသားစုများ၊ ကနေဒါရောက်မြန်မာများမှ  ကျေးလက်ဒေသဖွင့်ဖြိုးရေးအတွက် လှူဒါန်းထားသော ငွေကြေးများ ရပ်မိရပ်ဖဆတို့မှ စုပေါင်းလှူဒါန်းထားအပ်သော ငွေကြေးများဖြင့် တည်ထောင်ထားအပ်သော အများစုပေါင်းစီမံ အုပ်ချုပ်သည့်  အများပိုင်အသင်းဖြစ်ပါသည်။ 
          အသင်းသည် ရေရှည်တည်တံ့ ခိုင်ခံ့ပါစေခြင်း အကျိုးငှာ
(က)အသင်း သြ၀ါဒါစရိယ ဆရာတော်များ (ခ)အသင်းနာယကလူကြီးမင်းများ (ဂ)ဗဟိုလ်အလုပ်အမှုဆောင်အဖွဲ့
(ဃ)အသင်းဝင်များ     ဟု ခွဲခြား ခန့်ထား ဖွဲ့စည်း ဆောင်ရွက်ရမည် ။
           (က)သည် အသင်းအမှုဆောင်အဖွဲ့ အစည်းဝေးမှ ရွေးချယ်တင်မြှောက် ကိုးကွယ်ခြင်း  ခံရသော ဆရာတော်များကို ဆိုလိုသည် ။
          (ခ) သည် အသင်း သြ၀ါဒါစရိယ ဆရာတော်များနှင့် အမှုဆောင်များမှ တင်မြှောက် အသိအမှတ်ပြုခြင်း ခံရသော လူကြီးမင်းများကို ဆိုလိုသည်
          (ဂ) သည်  အသင်းတည်ထောင်ရန် မတည်လှူဒါန်းငွေ အနည်းဆုံး တစ်သောင်း (၁၀၀၀၀) ထည့်ဝင်လှူဒါန်းထားသူဖြစ်၍ အများပြည်သူများက ဆန္ဒပေးရွေးချယ်တင်မြှောက်ထားသူများကို ဆိုလိုသည်
 (ဃ) အသင်း စည်းမျဉ်းများနှင့်အညီ လက်ခံထားသော အသင်းဝင်မိသားစုများ အားလုံးကို ဆိုလိုသည်
အဆင့်ဆင့် စီမံခန့်ခွဲရေး
အသင်း၌ (က)ဘာသာရေး ကိစ္စ ၊ (ခ)လူမှုရေးကိစ္စ ဟု နှစ်မျိုးရှိရာ
(က)ကို အသင်းသြ၀ါဒါစရိယ ဆရာတော်များနှင့် ကျေးရွာကျောင်းထိုင်ဆရာတော်များတို့၏ လမ်းညွှန်မှုကို ခံယူ၍ ဆောင်ရွက်သင့်ပြီး
(ခ)ကို အသင်း ၏ ဗဟိုလ်အလုပ်အမှုဆောင်သဘောဖြင့် ဆောင်ရွက်သင့်သည် ၊။
တာဝန်ခံမှု အပိုင်း        ကျောင်းထိုင်ဆရာတော်များ၊နာယကလူကြီးမင်းများသည် အသင်း ပိုမိုစည်ကား သာယာ ဖွံဖြိုးတိုးတက်ရေးနှင့် ဘာသာ သာသနာ ထွန်းကား ပြန့်ပွားရေး အတွက် အသင်းကို လမ်းညွှန်စီမံ တာဝန်ယူ ဆောင်ရွက် ရမည်
          ကျောင်းထိုင်ဆရာတော်များ ၊ နာယကလူကြီးမင်းများသည် အသင်း၏ ငွေကြေးဆိုင်ရာ ကဏ္ဍများတွင် ချို့ယွင်းချက် မရှိအောင် ကြပ်မတ်ပေးရမည် ၊ ငွေကြေးကိုမူ အသင်းမှ တာဝန်ခံ၍ လွတ်လပ်စွာ စီမံ ခန့်ခွဲ ရမည်
အရည်အချင်းသတ်မှတ်ချက်
           သြ၀ါဒါစရိယ သည်  ပရိယတ် ပဋိပတ် သာသနာပြု အတွေ့အကြုံ ကြွယ်ဝပြီး အသင်းကို တိုးတက်အောင် လမ်းညွှန်ပေးနိုင်သည့် ဂုဏ်သိက္ခာနှင့် ပြည့်စုံရမည်။
          နာယက လူကြီးမင်းများသည် အသင်း နှင့် ကျေးရွာအပေါ် စေတနာထား၍ အများအကျိုး သယ်ပိုးလိုစိတ်ရှိသူများဖြစ်ပြီး အသင်းကြီးမှ ရိုသေလေးစား အားထားယုံကြည်အပ်သော ဂုဏ်သိက္ခာနှင့် ပြည့်စုံရမည်
                   ကျေးရွာ ကျောင်းထိုင်ဆရာတော်များနှင့် နာယကများ သည် ပုဂ္ဂိုလ်စွဲ ဂိုဏ်းစွဲ ကျောင်းစွဲကို ရှေ့တန်းမတင်ဘဲ ကျေးရွာ ဖွံ့ဖြိုးတိုးတက်သာယာရေးကို အလေးထား၍ အသင်းစည်းရုံးရေး ၊ တိုးတက်ရေး ၊ရပ်ရွာဖွံ့ဖြိုးကြီးပွားတိုးတက်ရေး အတွက် အသင်းနှင့် လက်တွဲ၍ ၀ိရိယ ကြီးကြီးထား ဆောင်ရွက် နိုင်ရမည် ။
ဝတ္ထုပစ္စည်းများ  ဝေဘန်သုံးစွဲခြင်းဆိုင်ရာ စည်းမျဉ်းများ
          အသင်းအား လှူဒါန်းသော ငွေနှင့် ၀တ္ထုပစ္စည်းများသည် အသင်းပိုင်ဖြစ်၍ အသင်းမှ ကြိုက်သလို ဝေဘန်နိုင်သည်။
           ပုဂ္ဂိုလ် တစ်ဦးချင်းအား လှူသော ပစ္စည်းများသည် ကျောင်း၊ သံဃာ၊ အသင်းနှင့် မဆိုင်သော ပုဂ္ဂလိက ပိုင်ြ ဖစ်သည်
          ဘုရားစေတီ ရုပ်ပွား ဆင်းတုတော်အား လှူသော ၀တ္ထု ပစ္စည်းများသည် ဘုရားပိုင်ဖြစ်သည် ၊ အသင်းနှင့် သံဃာတော်များက ဘုရားအတွက်သင့်သလို စီမံ ပေးရမည် ၊
          မှတ်ချက်။     အသင်းပိုင် ပစ္စည်းဝတ္ထု အစုစုကို လူမှုရေးအတွက် သုံးစွဲနိုင်သော်လည်း ဘုရားပိုင် သံဃာပိုင် သံဃိက ပစ္စည်းများကို လူမှုရေးအတွက် မသုံးစွဲနိုင် ၊ သံဃာတော်များနှင့် တိုင်ပင်ပြီး မှသာ သုံးအပ် မသုံးအပ် ဆုံးဖြတ်ရမည် ။   
          အသင်းကြီး၏ စည်းကမ်းများကို လိုတိုး ပိုလျှော့ ပြုလုပ်ရန် လိုအပ်ခဲ့လျှင် သြ၀ါဒစရိယ ဆရာတော်များ၏ သြ၀ါဒကိုခံယူ၍ ကျောင်းထိုင်ဆရာတော်များပါဝင်သည့်  အမှုဆောင်အစည်းဝေးက ပြင်ဆင် ဆုံးဖြတ် အတည်ပြုရန် ဖြစ်သည်။
          ဤစည်းမျဉ်း စည်းကမ်းများကို အသင်းကြီး စတည်တည်ထောင်ကြောင်း စတင် ကြေငြာသည့် ခုနစ် လ နေ့ ရက်မှ စ၍ အတည်ဖြစ်သည်ဟု မှတ်ယူရန်ဖြစ်သည်
ကနေဒါစင်တာလူမှုရေးအသင်း
 ကနေဒါစင်တာ အသင်းဖွဲ့စည်းပုံ
        သြဝါဒါစရိယ ဆရာတော်များ
၁။  ဗုဒ္ဓရံသီဆရာတော် ( ကနေဒါနိုင်ငံ၊ဗန်ကူးဘားမြို့
၂။   သနပ္ပင်ရွာ တောင်ကျောင်းဆရာတော်
၃။  သနပ္ပင်ရွ့ာ မြောက်ကျောင်းဆရာတော်
      နာယက လူကြီးမင်းများ
၁။  ကျေးရွာအုပ်ချုပ်ရေးမှူး              ၂။၃။၎။၅။၆။၇။   တစ်ရွာလျှင် ၃ ဦးစီရွေးချယ်တင်မြှောက်ရန်)
                        ဗဟိုလ်အလုပ်အမှုဆောင်အဖွဲ့
                                      ဥက္ကဋ္ဌ (၁)ဦး
ဒု-ဥက္ကဋ္ဌ (၁) ဦး     အတွင်းရေးမှူး   (၁) ဦး    တွဲဘက် အတွင်းရေးမှူး (၁)ဦး 
ဘဏ္ဍာရေး မှူး.....(၁) ဦး 
ဘဏ္ဍာရေးအဖွဲ့ဝင် (၂) ဦး  (တစ်ရွာ တစ်ဦး)
စားရင်းစစ်မှူး   ...(၁) ဦး
စားရင်းစစ် အဖွဲ့ဝင် (၂) ဦး  (တစ်ရွာတစ်ဦး)
ပြန်ကြားရေးမှူး....(၁)ဦး 
ပြန်ကြားရေးအဖွဲ့ဝင်  (၂)ဦး  (တစ်ရွာတစ်ဦး)
စည်းရုံးရေးမှူး    (၁)ဦး
စည်းရုံးရေးအဖွဲ့ဝင်   (၄) ဦး   (တစ်ရွာ နှစ်ဦး)
အရန်..ကော်မတီဝင် (၁) ဦး
စုစုပေါင်း  ဗဟိုလ်အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၉ ဦးဖြစ်သည် ။
ရွေးချယ်ရာတွင် အများအပေါ်စေတနာ ထားနိုင်မှု ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်မှု တို့အပြင် တက်ကြွစွာ ဆောင်ရွက်နိုင်ခြေ ရှိမရှိ ၊ ရွေးချယ် ပေးအပ်သည့် တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နိုင်သည့် အရည်အချင်း   ရှိမရှိ ၊ မတည်ငွေရင်း ၁၀၀၀၀ လှူဒါန်းနိုင်ခြင်း ရှိမရှိ (စေတနာ၊ သဒ္ဓါ ၊ အသပြာ) တို့ကို ထည့်သွင်း ဆွေးနွေးရွေးချယ် ဆောင်ရွက်ကြပါရန် အထူးအားဖြင့် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
အားလုံးအဆင်ပြေကြပါစေ
ရှင်ဃောသက၊
ဗုဒ္ဓရံသီဆရာတော် ၊ဗန်ကူးဘား၊ကနေဒါ
No comments:
Followers
My Blog List