Sunday, September 28, 2014

ပညာထူးချွန် ဂုဏ်ပြုပွဲ

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ
အလှူတကာတို့တွင် တရားအလှူသည် အမွန်မြတ်ဆုံး
*************************************
စာရေးသူ ကလေးဘဝက  ဝိနယာနုဂ္ဂဟ စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်၍ မြင်ခြံမြို့ နှစ်ကျိပ်ရှစ်ဆူ ဘုရားလမ်း တစ်လျှောက် ထီးဖြူတော်မိုး၍ အပူဇော်ခံ ကြွရောက်တော်မူပုံကို ယနေ့ထက်တိုင်မြင်ယောင်နေဆဲဖြစ်သည်။

မှတ်မှတ်ရရ အလတ်တန်းနှစ်ကဖြစ်သည် ၊ မြင်းခြံတစ်မြို့လုံးဆိုင်ရာ ၊ ဝိနာနုဂ္ဂဟအသင်းစာမေးပွဲမှာ အမှတ်အများဆုံးဖြင့် အောင်မြင်၍ ၊ စာပြန်ပွဲ အသင်းလူကြီးများမှ ၊ ထီးဖြူမိုး၍ ပူဇော်ခြင်းဖြစ်သည်။

ဤကဲ့သို့ ကိုရင်လေးဘဝက… ၊ ဆရာတော်များ ဒကာ၊ဒကာမများက  ချီးမြှောက်အားပေးမှုကြောင့် ယခုလို ပြည်ပတိုင်းပြည်တွင် ၊ သာသနာ့တာဝန်ကို ဆက်လက် ထမ်းဆောင်နိုင်ခြင်းဖြစ်သည်ဟုဆိုနိုင်ပါသည်။

ထိုစဉ်က ၊ ကိုရင်ငယ်များကို သေခီယ၊ ဝိနည်း၊သဒ္ဒါ၊ သင်္ဂြိုဟ်စသော အခြေခံစာများကို အာဂုံ ၊ နုတ်တက် ပြန်ဆိုစေ၍ ၊ အောင်လတ်မှတ်များ၊ ဆုငွေများ လှူဒါန်းကာ ၊ အသင်းတွင် ဦးဆောင်ကြသော  ပုဂ္ဂိုလ်များအား ကြည်ညိုလေးစား မိခဲ့သည်။

ဤဝိနယာနုဂ္ဂဟအသင်းကြီးကို ကမ္ဘာကျော် မူလတိပိဋက မင်းကွန်းဆရာတော် ဦးဝိစိတ္တာသာရာဘိဝံသ တည်ထောင် ထားခြင်းဖြစ်သည်။ ဆရာတော်သည် မြင်းခြံသားဖြစ်၍  ၊မြင်းခြံမှ သံဃာတော်များ လိုအပ်ချက်ကို ကောင်းကောင်းသိသော ဆရာတော်ဖြစ်သည်  စာပြန်အသင်းအဖွဲ့များ၊ ဆွမ်းလောင်းအသင်းများတည်ထောင်ကာ ၊ မွေးရပ်ဇာတိမြေ ကို ကျေးဇူး ဆပ်ခြင်းဖြစ်သည်။

စားရေသူသည် ငယ်စဉ်ကတည်းက    တိပိဋကဆရာတော် ၊ ဦးဝိစိတ္တာသာရာဘိဝံသကဲ့သို့  မျိုးဆက်သစ်များ အတွက် ပညာရေးဆိုင်ရာ ထောက်ပံ့ရေးအကူအညီများ ပြုလုပ်လိုစိတ် တဖွားဖွားဖြစ်ပေါ်ခဲ့သည်။

သို့အတွက်ကြောင့် ကနေဒါနိုင်ငံ၊တိုရန်တိုမြို့ ၊မဟာဓမ္မိကကျောင်းမှာ သတင်းသုံစဉ်ကတည်းက ကလေးငယ်များအား ၊  နွေရာသီ ဓမ္မသင်တန်းများပေးလေ့ရှိပြီး ၊ သင်တန်းပြီးဆုံးသောအခါ စာမေးပွဲ စစ်၍ ကလေးငယ်များအား ဆုများချီးမြှင်းပေးခဲ့သည်။

ဗန်ကူးဘား ၊ ဗုဒ္ဓရံသီကျောင်းထိုင်ဆရာတော်ဖြစ်လာသောအခါ နှစ်စဉ်နှစ်တိုင်း ကလေးငယ်များအတွက် ဓမ္မသင်တန်းများ ပေးပြီး သင်တန်းပြီးဆုံးသောအခါ စံပြကျောင်းသားဆု၊ ထူးချွန်ဆုစသော  ဆုများကို ချီးမြှင်းလာသည်မှာ ငါးနှစ်သို့ တိုင်ခဲ့လေပြီ။

ယခုနှစ်တွင် ထူးထူးခြားခြား ၊ ကနေဒါနိုင်ငံ၊ ဗန်ကူးဘားရောက် ၊မြန်မာမိသားစုများမှ ပညာထူးချွန်စွာ ကောလိပ်၊တက္ကသိုလ် တို့တွင် ဆက်လက်ပညာဆီးပူးကြသော မျိုးဆက်သစ်လူငယ်များအား  ပညာထူးချွန်ဆုများ ပေးရန် စီစဉ်လျှက် ရှိပါသည်။

ဗန်ကူးဘားမြို့ ၊ မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် သက်တမ်းအားဖြင့် နုနယ်သေးသော်လည်း ၊ အမျိုး၊ဘာသာ၊ သာသနာ အတွက် လုပ်ဆောင်ချက်မျာသည် တစ်နှစ်ထက် တစ်နှစ်ထူးကဲစွာ ဆောင်ရွက်လျှက် ရှိပါသည်။

ဗန်ကူးဘားရောက် ၊ဗုဒ္ဓဘာသာသာမိသားစုများ အရေးအတွက်အားဖြင့် နည်းပါးသော်လည်း၊ သာသနာ အတွက် ၊ အမျိုး၊ဘာသာအတွက် စိတ်ဓာတ်များက  တောင့်တင်းခိုင်မာလျှက်ရှိသည်။

အလှူရှင်များကလည်း အလှူဒကာတို့တွင် ၊ ပညာရေးအလှူသည် အမြတ်ဆုံးဟု ခံကာ ၊ ယုံကြည်ချက်များဖြင့် ကူညီထောက်ပံကြသည်ကို  မျက်ဝါးထင်ထင်တွေ့မြင်ရသောကြောင့် ဦးဆောင်ဆရာတော်အနေဖြင့် ၊ အထူးပင် ကျေးဇူးတင် ကြည်နှုးဝမ်းမြောက်မိပါသည်။

ယခုနှစ် သတင်းကျွတ်ပွဲတော် ၊သက်ကြီးပူဇော်ပွဲ၊ ဓမ္မသင်တန်းဆင်းပွဲ၊ ပညာရည်ချွန်ထူးချွန်ဆုပေးပွဲ၊ အသံမစဲမဟာပဋ္ဌာန်ရွတ်ဖတ်ပူဇော်ပွဲ အတွက် ခန့်မှန်း ရာထားငွေမှာ ဒေါ်လာ ခြောက်ထောင်
 ( ၆၀၀၀) ဖြစ်သည်။
သို့ပါသောကြောင့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း၊ မြန်မာဗုဒ္ဓဘာသာအသင်းကို ကူညီထောက်ပံ့ လှူဒါန်းကြသော ရပ်ဝေး ၊ရပ်နီးမှ အလှူရှင်များအား ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် တင်ပြလိုက်ရပါသည်။

No comments:

Followers

My Blog List