Thursday, August 28, 2014

အဘိုးကြီးအို ခါးကုန်းကုန်း

လွန်ခဲ့တဲ့ သုံးလလောက်က ကနေဒါနိုင်ငံကို ရောက်နေ့တဲ့ အသက် ရှစ်ဆယ်ကျော်အဘိုးတစ်ယောက် ဘုန်းကြီးကျောင်းကို ရောက်လာပါတယ်။

စာရေးသူက ၊ပဋ္ဌာန်းတရားတော်တွေကို   သင်ကြားပေးနေတယ်ဆိုလို့ အဘိဓမ္မာအကြောင်း လာရောက်ဆွေးနွေးတာပါ။

အဘိုးက .. သူကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ ဆယ်မျက်နှာလောက်ရှိတဲ့ ပဋ္ဌာန်းတရာတော် (note)  ကောက်နုတ်ချက်လေးတွေကို စာရေးသူအား  စိတ်ပါလက်ပါဖတ်ပြနေတယ်။

ပထမတစ်ခေါက်က စာရေးသူလည်း အဘိုးစိတ်ချမ်းသာအောင် တစ်နာရီလောက်ကြာကြာ အဘိုးရှင်းပြနေတဲ့ ပဋ္ဌာန်းကောက်နုတ်ချက်လေးတွေကို နားထောင်ပေးလိုက်တယ်။

တကယ်တော့ အဘိုးဖတ်ပြနေတဲ့ ပဋ္ဌာန်ကောက်နုတ်ချက်လေးတွေဟာ စာရေးသူတို့ ပထမကြီးတန်း ပဋ္ဌာန်းအရကောက် သင်ကတည်းက အလွတ်နုတ်တိုက် ကျက်ထားတဲ့ သိထားပြီးသားတွေပါ။ အဘိုးစိတ်ချမ်းသာအောင်
စိတ်ပါလက်ပါ နားထောင်ပေးလိုက်ပါတယ်။

အားလုံးလိုလို သူရေးထားပြီးတဲ့ ပဋ္ဌာန်းနုတ်လေးတွေကို ဖတ်ပြပြီးနောက်မှာတော့ သူကိုယ်တိုင် လက်ရေးနဲ့ ရေးထားတဲ့ စာရွက်ကလေးတွေကို  ဘုန်းဘုန်း တပည့်တွေ သင်ပေးလို့ရအောင် ၊ မိတ္တူကူးပေးလို့ရအောင်ဆိုပြီး စားရေးသူအား ပေးထားခဲ့တယ်။

စာရေးသူလည်း အဘိုးစိတ်ချမ်းသာအောင် ယူထားလိုက်ပါတယ်။
 အဘိုးတစ်ယောက် အိုင်တီခေတ်မှာ ကိုယ်လိုချင်တာ မေးလို့ရတဲ့ အင်တာနက် ခေတ်ဆိုတာ အဘိုးတစ်ယောက် မသိသေးဘူးထင်ပါတယ်။

ဒါနဲ့ စကားစပ်လို့ပြောရဦးမယ်..၊ တချို့ဒကာတွေက ဘုန်းကြီးတွေ အင်တာနက်သုံးတာကို အပြစ်ကြီးတစ်ခု လုပ်နေတယ်လို့ ထင်နေတယ်။ တကယ်တော့ အင်တာနက်က သုံးတတ်ရင်တော့ ကုသိုလ်တွေ ၊ သံဝေဂတွေ အများကြီးရနိုင်ပါတယ်။

နောက်တစ်လလောက်ရှိတော့  အဘိုးတစ်ယောက်
 ကျောင်းကို ရောက်လာပြန်ပါတယ်။
ဒီတစ်ခါတော့ သူ့လက်ရေးနှင့်ရေးထားတဲ့ ဘုရားစာတွေ ၊မှတ်သားစရာတွေက အရင်ထက်များလားတယ်။
စာရေးသူလည်း အဘိုးရှင်ပြနေတဲ့ စာတွေကို သင်ယူပြီးသားဖြစ်ပေမယ့် အဘိုးစိတ်ချမ်းသာအောင် နားထောင်ပေးလိုက်တယ်။
သို့သော်လည်း အဘိုးက စကားတွေ သိပ်ပြောချင်နေတယ်၊ စာရေးသူလည်း အလုပ်မအားလို့ အဘိုးစကားကို အကုန်နားမထောင်ဖြစ်ဘူး။

အဘိုးစကားကိုဖြတ်ပြီး စာရေးသူက အဘိုးကိုမေးလိုက်တယ်။

'အဘိုး အသက်ဘယ်လောက်ရှိပြီးလဲ'

'၈၀-နှစ်ပါဘုရား'
'ဒီမှာ ဘယ်သူနဲ့နေပါသလဲ'
'သမီးနဲ့ပါဘုရား'
'အဘိုးမှာ မြေးတွေ ရှိမှာပေါ့နော်'
'ရှိတယ်ဘုရား ၊ မြေးမနှစ်ယောက်ရှိတယ်'
အဘိုးသိထားတဲ့ ဗုဒ္ဓတရားတော်တွေ သိပ်ကောင်းတယ် ၊

'သမီးနဲ့ မြေးတွေကို အိမ်မှာ သင်ပေးပါလား'

စားရေးသူက ဒီလိုပြောလိုက်တော့ အဘိုးမျက်နှာ အနည်းငယ်ညိုငယ်သွားပြီး ခေတ္တမျှ စကားရပ်သွားတယ်။

ထို့နောက်အဘိုးကြီးက..
‘အရှင်ဘုရား သူတို့က ဒီနိုင်ငံရောက်တော့ ဒီနိုင်ငံစိတ်တွေ ပေါက်ကုန်ပြီဘုရား သမီးရောက်တာကလည်း အနှစ်(၂၀)ကျော်ပြီ ၊မြေးတွေကလည်း ဒီနိုင်ငံမှားမွေးတာဆိုတော့ ဒါတွေကို လေ့လာဖို့ အချိန်မပေးနိုင်ဘူးဘုရား’ ဟု စိတ်မကောင်းစွာ လျှောက်ထားလာတယ်။

ဟုတ်ပါတယ်။
ပြည်ပတိုင်းပြည်မှာ ရုပ်ပိုင်းဆိုင်ရာတွေ အားလုံးပြည့်စုံပေမယ့် မြန်မာအဘိုးအဘွားတွေအတွက် အထီးကျန်
ကျေးဇူးရှင်မိဘတွေကို ကူညီစောင့်ရှောက်ဖို့  ပြည်ပတိုင်းပြည်ကို ခေါ်ယူထားပေးမဲ့ မိဘတွေနဲ့ စကားပြောဖို့ အချိန်မရတော့ မိဘတွေမှာ အထီးကျန်နေတယ်။ စကားပြေမယ့်သူ ၊အဖော်လုပ်မယ့်သူမရှိဘူး။

များသောအားဖြင့် ကနေဒါနိုင်ငံရောက် အဘိုးတွေကတော့ CASINO ဆိုတဲ့လောင်းကစားရုံးမှာ အချိန်းကုန် တတ်တယ်။ တချို့လည်း SENIORS HOME မှာ သွားရောက်နေကြရတယ်။

စာရေးသူ တိုရန်တိုမှာ နေတုန်းကဆို သေခါနီးဖြစ် အဖော်မဲ့နေတဲ့ အဘိုးတွေကို စိတ်ချမ်းသာအောင် စေတနာ ဝန်ထမ်းအဖြစ် အဖော်လုပ်းပေးခဲ့ဖူးတယ်။
သားတွေ၊သမီးတွေ၊မြေးတွေက အချိန်းပိုင်းလောက်သာ အဘိုးအဘွားတွေကို လာရောက်တွေ့နိုင်တယ်။ ကျန်တဲ့ အချိန်မှာ စာရေးသူလို စေတနာဝန်ထမ်းတွေ၊ ခန့်ထားတဲ့ အလုပ်သမားတွေက အဖော်လုပ် ကူညီစောင့်ရှောက်ရတယ်။

ဒါကြောင့် စားရေးသူလည်း ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း စတင်တည်ထောင်ကတည်းက ကနေဒါနိုင်ငံ၊ဗန်ကူးဘားရောက် အဘိုး၊အဘိုးဘွားတွေကို သီတင်းကျွတ်လရောက်တိုင်း စုပေါင်းကတော့ဖြစ်တယ်။ ဒီနှစ်ဆို (၆) ကြိမ်ရှိသွားပါပြီ။

ဒီလိုစုပေါင်းကန်တော့ခြင်းအားဖြင့် ကနေဒါရောက်မြန်မာမျိုးဆက်သစ်ကလေးတွေကိုလည်း မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းရာရောက်တယ်။ အဘိုး၊အဘွားတွေကိုလည်း တစ်နည်းတစ်လမ်းက စိတ်ချမ်းသာအောင် ဆောင်ရွက်ပေးတာဖြစ်တယ်။
ဒါကြောင့်မို့ လာမည့် အောက်တိုဘာလ (၄/၅) မှာကျင်းပမည့် သက်ကြီးပူးဇော်ပွဲ၊ အသံမစဲ (၂၄) ပဌာန်းပူဇော်ပွဲ၊ ဓမ္မသင်တန်းဆင်းပွဲနှင့်ပညာရည်ချွန်ဂုဏ်ပြုပွဲကို ပျော်ပျော်ပါးပါးအတူတကွဆင်နွှဲကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

No comments:

Followers

My Blog List