Thursday, July 3, 2014

ထီးတော်တင်ပွဲလျှပ်တစ်ပြက် အမှတ်ရစရာလေးများ

ဘုရားထီးတင်ပွဲလျှပ်တစ်ပြက်အမှတ်ရစရာလေးများ(၁)
*************************************************
၁။
   မနှစ်ကတည်းက  ကြိုတင်စီစဉ်ထားတဲ့  ကနေဒါနိုင်ငံ၊ ဝင်နီပတ် ကမ္ဘာအေးစေတီ ထီးတင်ပွဲကို ဇွန်လ  (၂၉) ရက်နေ့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ စက်စကာတွန်း၊ ဗန်းကူးဘား၊ ရီဂျိုင်းနား ၊ တိုရန်တို၊ ဝင်နီပတ်နှင့် ကီလိုနာမြို့ရောက် မြန်မာများ  သဒ္ဓါတရားထက်သန်စွာဖြင့်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြတယ်။

၂။
စက်စကာတွန်းမှ ဝင်နီပတ်ကို  လူ (၅၀) စီး ဘက်(စ်)ကားကြီးနဲ့ ကနေဒါရောက် မြန်မာမိသားစုတွေ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ (၈)နာရီလောက်ကြာအောင် ကားကြီးပေါ်မှာ စကားပြောဖြစ်ကြတယ်။ ဘုန်းတော်ကြီးများ ပါလာတော့  နေ့လည် ၁၁-၃၀ အချိန်မှာ ရောက်တဲ့ မြို့လေးတစ်နေရာမှာပဲ မိမိတို့ ယူဆောင်လာတဲ့ ဆွမ်းခဲဖွယ်နဲ့ နေ့ဆွမ်းကပ်ဖြစ်တယ်။

 မိုးလေဝသ သတင်းဌာနက   (၂၉) ရက်နေ့ မိုးရွာရန်  ၉၀ %   ဆိုတော့ ဦးဆောင်ဆရာတော်နှင့် ဒကာ/ဒကာမများ ဘုရားထီးတင်ပွဲမှာ မိုးရွာမှာကို စိတ်ပူနေကြတယ်။  စနေနေ့ တစ်ညနေလုံး ဝင်နီပတ်မှာ လေတွေတိုက်နေတယ်။  သို့သော်လည်း အောင်မင်းခေါင်ဆရာတော် တည်ထားတဲ့ ကမ္ဘာအေးစေတီကို အေးအေးဆေးဆေးဖူမျှောင်ချင်တာနဲ့  ည (၉) နာရီအချိန်  ကမ္ဘားအေး စေတီရင်ပြင်မှာ ၊ ပဋ္ဌာန်းတရားတော်ဖြင့် ပူဇော်ဖြစ်တယ်။

၃။
၂၉- ရက်နေ့ နံက်ခင်းမှာတော့ ဝင်နီပတ်တစ်မြို့လုံး ရာသီဥတု သာသာယာယာဖြစ်နေတယ်၊ နေမင်းကြီးကလည်း  အမြဲတမ်းလိုလို  စနိုးနှင့်တိမ်တိုက်များ ဖုံးလွမ်းထားတဲ့မြို့ကို အလင်းရောင်များ ပေးသလို  ရောင်ခြည်ဖြိုးဖြကာ
  စေတီရင်ပြင်တစ်ခုလုံး တောက်ပနေတယ်။
ထိုင်ဝမ်၊ ကနေဒါဆရာတော်မှ မြန်မာပြည်မှ  သယ်ဆောင်လာသော ထီးတော်ကို အရံသင့်တင်ထားပြီး ရဟန်းပရိတ်သတ်၊လူပရိသတ် စုဝေးညီညာရောက်လာသောအခါ.. ၊ အနေကဇာတိသံသာရံ ဂါထာ ရွတ်ဆိုပူဇော်ကာ  ဗုဒ္ဓဘိသေကမင်္ဂလာကို ဖွင့်ပေးတယ်။ ထို့နောက် ကမ္ဘာအေးစေတီတော်ကို ဆရာတော်ဘုရားဦးဆောင်ကာ တပည့်ဒကာ/ဒကာမများ  ဂုဏ်တော်များ ရွတ်ဆိုပူဇော်ကာ လက်ျာရစ် သုံးကြိမ် ပတ်ကာ ပူဇော်ကြတယ်။

စာရေးသူမှာ ဗုဒ္ဓ၏ ဂုဏ်တော်များဖြင့် ထုံမွမ်းထားသော ဂုဏ်တော် ကွန်ချာကို ရွတ်ဆိုပူဇော်ကာ တပည့်ဒကာ/ဒကာများအား ကျန်းမာချမ်းသာစေကြောင်း သစ္စာဆိုကာ မေတ္တာပို့ပေးခဲ့တယ်။
နံက် (၉)နာရီမှ အခမ်းအနားတစ်လျောက်လုံး ရာသီဥတု သာယာနေလို့  ဘုရားထီးတော်တင်ပွဲ ကြွရောက်လာကြတဲ့ ဓမ္မမိတ်ဆွေများလည်း ပျော်ရွှင်နေကြတယ်။

၎။
ထီးတော်တင်ပွဲပြီး နောက်ဆုံးရေစက်ချ ဆုတောင်းအမျှဝေအပြီးမှာတော့ …၊ စက်စကာတွန်းဆရာတော်မှာ တပည့် ဒကာ/ဒကာမများအား
 နောက်ကလိုက်ဆိုဖို့ ကြေညာလိုက်တယ်။

“ ကမ္ဘာအေးစေတီထီးတော် တင်ပွဲကို ရာသီဥတု သာသာယာယာဖြစ်အောင် ကူညီစောင့်ရှောက်ကြသော မိုးနတ်မင်း၊ လေနတ်မင်း၊
 တောစောင့်နတ်မင်းတို့အား ယနေ့ပြုလုပ်သော ကုသိုလ် ကို အမျှပေးဝေပါတယ် သာဓု..သာဓု…၊ ခေါ်ဆိုနိုင်ကြပါစေလို့ သံပြိုင်ရွတ်ဆိုလိုက်ကာ ကမ္ဘာအေး စေတီထီးတင်ပွဲကို
 အောင်မြင်စွာ အဆုံးသတ်လိုက်တယ်။

ထီးတော်တင်ပွဲအပြီး  နေ့လည်စာ စားချိန်မှာတော့ ဝင်နီပတ်တစ်မြို့လုံး မိုးတွေ သည်းထန်စွာရွာခဲ့တယ်၊  ဝင်နီပတ်နှင့် စက်စကာတွန်ကြား မြို့ကလေးတွေများလည်း မိုးသီးထန်စွာ ရွာလို့ အသွားအလာ အခက်အခက်ဖြစ်နေကြောင်း သတင်းတွေမှာကြားနေရတယ်။
စာရေးသူတို့  လိုက်ပါလာတဲ့ ကားကတော့ ရေကြီးတဲ့
 နေရာကို ရှောင်ကွင်းမောင်းသွားလို့ တစ်နာရီ နောက်ကျကာ စက်စကာတွန်းကို အေးဆေးစွာ ပြန်လာခဲ့တယ်။

စက်စကာတွန်း မေတ္တာဝိဟာရီကျောင်းရောက်တော့  ဗန်ကူးဘားက လိုက်ပါလာတဲ့ တပည့်မက  လာလျှောက်တယ် ၊ “တပည့်တော် တသက်လုံးသောက်လာတဲ့ ဆေးလိပ်ကို ဒီနေ့ ထီးတင်ပွဲအပြီးမှာ  ဘုရားလှူလိုက်ပြီ” တဲ့ ၊ ကောင်းသောအလုပ်မို့ သာဓု သုံးကြိမ်ခေါ်လိုက်ပါတယ်။

ထို့နောက်.. ဗန်ကူးဘားက လိုက်လာတဲ့ ဒကာတစ်ယောက်ကလည်း  တပည့်တော့် ဘုရားထီးတော်တင်ပွဲလာတာမို့ ဘီယာ မသောက်တာ (၅) ရက်ရှိပြီတဲ့… ၊ ကောင်းတာပေါ့ ဒကာ တစ်သက်လုံးရှောင်နိုင်ရင် ပိုကောင်းတာပေါ့လို့ ပြောလိုက်တယ်။ တသက်လုံး ဘီယာမသောက်ပဲနေသွားတဲ့အသံကို ကြားရင်တော့ သာဓု အကြိမ်ကြိမ်း ခေါ်မှာကတော့ သမ္မာဒေဝ နတ်မင်းကြီးများပင်ဖြစ်ပါတယ်။

၅)
တောစောင့်နတ်၊တောင်စောင့်နတ်၊ မိုးစောင့်နတ်၊
သာသနာစောင့်နတ်မင်းကြီးတွေ .. မမြင်ဘူးပါ၊ သို့သော် စာတွေမှာ ဖတ်ရတယ်၊ ဆရာသမားရွတ်ဆိုနေတာကြားနေရတယ်။ ဗုဒ္ဓစာပေးတွေမှာ လည်း ဖတ်ရတယ်။
ကနေဒါနိုင်ငံ ၊ဝင်နီပတ် ကမ္ဘာအေးစေတီ ထီးတင်ပွဲ ရာသီဥတု ကောင်းမွန်စွာဖြင့် ပြီးဆုံးသွားခြင်းကတော့ မိုးနတ်မင်းရဲ့ ကူညီမှု၊သာသနာစောင့်နတ်မင်းကြီးများရဲ့ ဝိုင်းဝန်းကူညီမှုများ ပါနေမလားဆိုတာကတော့ လျှပ်တပြတ် အမှတ်ရစရာလေးများဖြစ်လာခဲ့တယ်။

No comments:

Followers

My Blog List