Monday, June 23, 2014

မြန်မာဗုဒ္ဓဘာသာအသင်း၊နှစ်ပတ်လည်အစည်းအဝေးပွဲ- ၂၀၁၄


ကနေဒါနိုင်ငံ၊ မြန်မာဗုဒ္ဓဘာသာအသင်းကြီးသည် ၊ ဗန်ကူးဘားရောက် ဗုဒ္ဓဘာသာ မြန်မာမိသားစုများနှင့်အတူ ဘာသာရေး၊သာရေး၊နာရေး၊အတူလက်တွဲ ဆောင်ရွက်လာသည်မှာ (၅) နှစ်သို့ပင်တိုင်ခဲ့လေပြီ...။

ပြည်ပကို ပထမဆုံး ခြေချ ဘဝအတွက် ရုန်ကန်နေရသော ၊  ဗုဒ္ဓဘာသာမြန်မာမိသားစုများအဖို့ ၅-နှစ်သော အတိုင်းအတာသည် မနေ့တနေကဟု ထင်ရလောက်အောင် မြန်ဆန်လွန်းလှသည်။

 ထိုငါးနှစ်အတွင်း  မိမိအသိုင်းအဝိုင်းစာမျက်နှာကို တရွက်ချင်း ပြန်လှန်ကြည့်လိုက်သော်…။

တချို့… အားလုံးကိုစွန့်ခွါ.. ဘဝတစ်ပါးသို့ ပြောင်းသွားကြလေသည်..၊
တချို့… ဘယ်လိုမှ မတွန်းလှန်နိုင်သော ရောဂါအမျိုးမျိုး နှိပ်စက်ခြင်းကို ခံစားရေသည်။
တချို့…. အောင်မြင်သော စီးပွားရေးသမားအဖြစ်သို့ရောက်သွားကြလေသည်။
တချို့.. တက္ကသိုလ်မှ ဘွဲ့တစ်ခုကို ရရှိကာ ၊အလုပ်ခွင်သို့ ဝင်ရောက်လေပြီ..၊
တချို့… ဘဝအတွက် ဆက်လက်ရုံးကန်လှုပ်ရှားဆဲ…..၊
ထိုကဲ့သို့  ရုန်းကန်လှုပ်ရှားနေရသော ၊သောကဗျာပါဒများဖြင့် ပြည့်နှက်နေသော ၊ ပုထုဇဉ် လူသားများအဖို့ မြတ်ဗုဒ္ဓ၏သာသနာအရိပ် ၊ဘုန်းတော်ကြီးကျောင်းများသည် ခေတ္တမျှ ချွေးသိပ်နားခိုရာ၊ နေရာတစ်ခု ဖြစ်လာခဲ့သည်။

၂၀၀၈-ခုနှစ်လောက်က စာရေးသူသည်  Immigration ကိစ္စဖြင့် တိုရန်တိုမှ၊  ဗန်ကူးဘားသို့ ရောက်လာခဲ့သည်။  တည်းခိုရာစရာ ကျောင်းမရှိ၍ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှ လောလောဆယ်ရောက်လာသော  ဗုဒ္ဓဘာသာကရင်မိသားစုအိမ်တွင် တည်းခိုရလေသည်။

ကရင်အဖိုးကြီးမှ လှိုက်လှဲစွာ ကြိုဆို၍ အထူးပင် ဝမ်းသာကြည်နှုးမိပါသည်။
ကရင်မိသားစုအိပ်မှာနေရင်း ကရင်အဘိုးကြီးမှလျှောက်ထားလာသည်မှာ  “တပည့်တော်တို့နားမှာ  မြန်မာဘုန်းကြီးကျောင်းရှိတယ် ၊ တစ်ခါတစ်လေ ဘုရားဖူးချင်လို့  ဘုန်းကြီးကျောင်းသွားရင် ကျောင်းပိတ်ထားတာများတယ်၊ ဘုန်းကြီးလည်း သိပ်မတွေ့ရဖူး” ဟု လျှောက်ထားလာသည်။ 

ထို့နောက်  ဗန်ကူးဘားမြန်မာမိသားစုအိမ်များသို့ ရောက်ဖြစ်သည်။ အချို့မိသားစုများက ၊ “ အရှင်ဘုရာ ဗန်ကူးဘားရောက်ခိုက် တပည့်များရဲ့ ကလေးတွကို ဘုရားရှိခိုးသင်ပေးပါဦး” ဟုလျှောက်ထားမှုကြောင့် ၊ အိမ်တွင် ကလေးများအား  ဘုရားရှိခိုးစာများ သင်ပေးဖြစ်သည်။

ကလေးများအားစာပေးရင်းဖြင့် .. မြန်မာကလေးငယ်များစုဝေးရာ နေရာတစ်ခုရှိရင်ကောင်းမှာပဲဟု အတွေးတစ်ခုဝင်လာမိသည်။

၂၀၀၉-ခုနှစ် ဗန်ကူးဘာသို့နောက်တစ်ခေါက်ရောက်သောအခါ.. ၊ ကလေးမိဘများမှ စာရေးသူအား လှိုက်လှိုက်လှဲလှဲကြိုဆိုကြသည်၊ ကလေးများကလည် မနှစ်ကထက်ပိုမိုများလာသည်။ သို့အတွက်ကြောင့်
ကလေးများအတွက် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း နေရာလေးတစ်ခု အတွက် ဗန်းကူးဘားရောက် မြန်မိသားစု နှင့်တိုင်ပင်ဖြစ်သည်။

 မိမိအကြံအစည်အတိုင်းပင် ၊ဗန်ကူးဘားရောက် မြန်မာမိသားစုများမှာ အားပေကြသည်။  ဆရာ၊ဒကာ စိတ်အားထက်သန်စွာဖြင့် နေရာတစ်ခု လိုက်ရှာရင်းမှ ၊ ယခု ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းနေရာ ကို ရခဲ့ခြင်းဖြစ်သည်။

အချိန်တိုအတောအတွင်းမှာ ပီနန်ဆရာတော်၊ ထိုင်ဝမ်ဆရာတော်၊ တိုရန်တိုဆရာတော်ဘုရားများကြီး ကူညီထောက်ပံ့မှု၊ ဗန်ကူးဘားရောက်မြန်မာများ၏ လှူဒါန်းမှုဖြင့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်လာသည်မှာ ငါးနှစ်သို့ပင်တိုင်ခဲ့လေပြီ။

ပြည်ပတိုင်းပြည်တွင် သာသနာပြုရဟန်းတော်များအတွက် အခက်အခဲပေါင်း မြောက်များစွာရှိသော်လည်း ဆရာဒကာ လက်တွဲညီညီ ဆောင်ရွက်မှုဖြင့်  ငါးနှစ်အတွင်းမှာပင်

၁) နှစ်စဉ်နှစ်တိုင်း ကလေးများသင်တန်းနှင့် သင်တန်းဆင်းပွဲ၊ လူရည်ချွန်ဆုပေးပွဲများ ကျင်းပဖြစ်သည်။

၂) နှစ်စဉ်နှစ်တိုင်း  အသံမစဲ မဟာပဌာန်းပွဲနှင့် ဘိုးဘွားများအားကန်တော့ဖြစ်သည်။

၃) နှစ်စဉ်နှစ်တိုင်း စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပဖြစ်သည်။

၎) နှစ်စဉ်နှစ်တိုင်း (၁၂)ရာသီပွဲများ ကျင်းပဖြစ်သည်။

၅) အခါအားလျှော်စွာ မြန်မာပြည်မှဆရာတော်များ ပင့်ဖိတ်ကာ တရားဓမ္မများ နာကြားဖြစ်သည်။

ဤကောင်းမှုကုသိုလ်များသည် ၊ မြန်မာဗုဒ္ဓဘာသာအသင်းကြီး ပေါ်ပေါက်လာရခြင်း၏ အကျိုးဆက်များပင်ဖြစ်သည်။

ဗန်ကူးဘားတွင် ဗုဒ္ဓဘာသာဦးရေးတိုးပွားလာသည်နှင့်အမျှ..၊   ဗုဒ္ဓဘာသာလူမျိုးများ စုဝေးရာ၊ ရှိခိုးရာ နေရာလည်း ကျယ်ကျယ်ဝန်းဝန်းလိုအပ်လာပါသည်။ သို့အတွက်ကြောင့်…၊ ဆရာတော်များလမ်းညွှန်မှုဖြင့် …  ဗုဒ္ဓဘာသာလူမျိုးများ လွတ်လပ်စွာ စုဝေးရာ ကျောင်းနေရာတစ်ခုအတွက်  စတင်လှုပ်ရှားနေပါပြီ။

သို့ပါသောကြောင့်  မိမိတို့ တတ်စွမ်းသမျှ ကာယအား ၊ ဥာဏအားဖြင့် အားလုံးကူညီပါဝင်ဆောင်ရွက်နိုင်ဖို့ ၊ မြန်မာဗုဒ္ဓဘာသာအသင်းကြီး၏ နှစ်ပတ်လည်အစည်းအဝေးကို အားလုံးတက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

မြန်မာဗုဒ္ဓဘာသာအသင်းမိသားစု၊ ဗန်ကူးဘား

No comments:

Followers

My Blog List