ဒီနေ့ နိဗ္ဗာန်ဈေးပွဲတော်မှာ ၊ မိတ်သစ်၊ဆွေသစ်၊မိတ်ဟောင်း၊ဆွေဟောင်းတွေ ပြန်လည်ဆုံတွေ့ဖြစ်တယ်။ မိတ်ဟောင်း ၊ဆွေဟောင်းဆိုပေမယ့်လည်း ၊လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က သိကျွမ်းခဲ့ကြလို့ အမည်အားဖြင့် မိတ်ဟောင်း၊ဆွေဟောင်းလို့ အမည်တပ်ရပေမယ့်..၊ ခင်းမင်မှုတွေ၊ လေးစားမှုတွေ၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ၊ အားထားရမှုတွေက အားအင်သစ်တွေ တိုးပွားနေဆဲပါ။
တချို့သူတွေဟာ မိတ်သစ်၊ဆွေသစ် ဆိုပေမယ့်လည်း၊ မြန်မာပြည်ဖွားအချင်းချင်း ပြန်လည်ဆုံတွေ့ရတော့ မိတ်ဟောင်း ဆွေဟောင်း ၊ ဆွေမျိုးရင်ခြာတွေလို့ ဝမ်သာကြည်နူးပါတယ်။ ပြုံးပျော်ရွှင်လို့ ဟိုအကြောင်း ၊ ဒီအကြောင်းတွေ ၊ ဓမ္မအကြောင်းတွေ ပြောကာ ပြုံးပျော်ရွှင်ဖြစ်ရတယ်။ လောကအတွေ့ အကြုံ ဓမ္မအတွေ့အကြုံလေးတွေ ဖလှယ်ဖြစ်တယ်။
ပြည်ပတိုင်းပြည်မှာ.. ဒီလို တစ်လ တစ်ခါ အရောင်အဆင်းမကွဲပြာပဲ၊ ဗုဒ္ဓရဲ့အေးရိပ်အောက်မှာ ၊ ဗုဒ္ဓရဲ့ မဟာကရုဏာကို ခံယူကာ ၊ မေတ္တာတရားတွေနဲ့ တွေ့ရတယ်ဆိုတော့ အားလုံးဟာ ပြုံးပျော်ရွှင်လို့ပါပဲ။
မနေ့က မတ်လ (၁၅) ရက်နေ့တော့ တပေါင်းလပြည့်နေ့ပါ၊ သို့သော်လည်း ပြည်ပတိုင်းပြည်မှာ အဆင်ပြေတဲ့ နေ့ကို ရွှေးချယ်ပြီး ပွဲတော်ကို လုပ်ရတာဆိုတော့ ၊ လပြည့်နေ့မဟုတ်ပေမယ့်၊ တပည့်ဒကာ၊ဒကာမတွေ ၊ တပေါင်းလပြည့်နေကို ရည်မှန်းလို့ ဥပုသ်သီလဆောက်တည်စေတယ်။ တစ်ချို့ဒကာ၊ဒကာမတွေက နေ့တစ်ဝက် ဆောက်တည်လို့ ရသလားလို့မေးတယ်၊ ကောင်းတဲ့အလုပ်ဟာ နာရီအချိန် ကန့်သတ်ချက်မရှိပါဘူး၊ ကိုယ်တတ်နိုင်သလောက် လုပ်နိုင်ကြောင်း ရှင်းပြရတယ်။
ဥပုသ်သီလဆောက်တယ်ဆိုတာ …လွယ်လွယ်ပြောရရင်… တခြားရက်တွေက ၊ အကုသိုလ်စိတ်တွေ၊လေလွင့်စိတ်တွေကို လပြည့်နေ့မှာ ဗုဒ္ဓထံ (သို့) သံဃာတစ်တစ်ပါးထံမှာ ပြန်လည် စီစစ်ပြီး ကိုယ်ကျင့်သီလကို စင်ကြယ်အောင်စောင့်ထိမ်းခြင်းဖြစ်ပါတယ်။
ကိုယ်တစ်ယောက်တည်း ပိုင်တဲ့ တစ်စိတ်တည်းမှာပင် တစ်နေ့နဲ့ တစ်နေ့မတူပဲ ၊ဖောက်ပြန်လိုက်၊ စိတ်ဆိုးလိုက်၊ ပြုံးလိုက်၊ ပျော်လိုက် ၊တစ်ချို့ဆို ငိုကြွေးလိုက်နဲ့ အမျိုးမျိုးပြောင်းလဲနေလို့ ၊ ကိုယ့်ကိုယ်ပဲ ၊ဆုံးမလိုက် ၊ ဆရာသမားထံ နည်းခံလိုက်၊ ဥပုသ်သီလဆောက်တည်လိုက်နဲ့ စင်ကြယ်အောင် ၊ ပြန်လည် တည်ဆောက်ရခြင်းဖြင့် တစ်ခဏတာနေရတဲ့ ဘဝမှာ ပျော်ရွှင်အောင် အမျိုးမျိုး စိတ်ကို စီစစ်ပြီး နေရပါတယ်။
ထို့အတူပါပဲ…၊ ဘဝသံသရာ ၊ရေစက်ကြောင့် ၊ မွေးရပ်မြေ၊အမိမြန်မာပြည်ကို စွန့်ခွါပြီး၊ ပြည်ပတိုင်းပြည်မှာ တိုင်းရင်းသားအချင်းချင်း အတူလက်တွဲလို့ အေးအတူ၊ ပူအမျှ အတူနေထိုင်ကြတဲ့အခါ..၊ အကြောင်းအရာတစ်ခုကို အကြောင်းပြုလို့ သဘောထားကွဲလွဲကြတဲ့အခါ.. ၊ ကိုယ်တစ်ယောက်တည်း ပိုင်တဲ့ ကိုယ်နှင့်စိတ်ကို ၊တစ်ခါတစ်ခါ ဟန်ချက်မညီလို့ ရောဂါကို ဆေးသောက်ရင်းနဲ့ ပြန်လည်ကောင်မွန်လာ စေသလို စိတ်ထဲမှာ မသိစိတ်ကြောင့် ပြစ်မှားမိနဲ့ အကုသိုလ်တွေကို ပြေပျောက်စေဖို့ လပြည့်လကွယ်နေ့ ရှစ်ရက်သီတင်းနေ့မှာ ၊ ဥပုသ်သီလဆောက်တည်ကာ စိတ်ကို ပြန်လည် ဖြူစေသလို….
ပြည်ပရောက်တဲ့ တို့တတွေလည်း အကြောင်းရာတစ်ခုကြောင့် ..သဘောထားကွဲလွဲတဲ့အခါ အယူအဆတွေ ကွဲပြားတဲ့အခါ ၊တစ်ယောက်ကို တစ်ယောက် နားလည်ပေးရင် ၊ခွင့်လွှတ်ပေးရင်းနဲ့…၊
တို့တတွေ ပြန်လည်ဆုံတွေ့ကြတဲ့အခါ…၊
တစ်ယောက်စကား မှတ်မထားပဲ၊
တစ်ယောက်အမှား ၊ တစ်ယောက်ကပြင်
ကြေမုံပြင်လို… ရောင်ပြန်ဟပ်စေ
ပုံဟန်နေသို့
မေတ္တာအေးရိပ်နှင့် သစ္စာရိပ်နှင့်
လောကဓံတရား ၊ တူကျော်လွှာကာ
လက်တွဲညီညာ၊ နိဗ္ဗူတာသို့
လှမ်းကြစို့
No comments:
Post a Comment