တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ ကားပေါ်မှာ ခရီးအတူသွားရင်း စကားပြောဖြစ်တယ်။
သူက ကားမောင်းရင်းနဲ့ “ဒီတစ်ပတ်ပင်ပန်းလိုက်တာဗျာ.. တစ်ပတ်လုံးပဲ စနေ၊ တနင်္ဂနွေမှာတောင် လူမှုရေးကိစ္စတွေကြောင့် မနားရဘူး၊ တခါတစ်လေ အလုပ်ရောက်မှ အသက်ရှုရှောင်တော့တယ်” လို့ သူ့ရဲ့ဘဝအတွေးအမြင်တွေကို ဖွင့်ချလာတယ်။
ကျနော်ကတော ပြုံပြီးနားထောင်နေလိုက်ပါတယ်။
သူက စကားဆက်ဆိုလာတယ်..၊ လူလောကမှာ ပြင်ပအဆောင်အယောင်ကလည်း လိုအပ်တယ်ဗျ၊ ကားတောင်မှ ကားကောင်းစီးမှ လူလေးစားတယ်၊ ဝတ်ကောင်းစားလှဝတ်မှ လူရိုသေတယ်၊ အလုပ်မှာလည်း ဒီအတိုင်းပေါ့ဗျာတဲ့။
ထို့နောက် သူဆက်ပြောလာတာက .. လူပတ်ဝန်းကျင်မှာ လူရာဝင်ဖို့ လူမှုအသိုင်းအဝိုင်းတွေမှာလည်း ဝင်ဆံဖို့လိုတယ်ဗျဟု သူကဆိုပြန်တယ်။
သူပြောတာတွေကလည်း အပေါ်ယံစဉ်းစားရင် အမှန်တွေကြီးပဲဗျ..။ သူပြောတာတွေ တကယ်လည်း လိုအပ်ပါတယ်။
သူစကားပြော ရပ်သွားပေမယ့် ကျနော့်အတွေ့ကတော့ ရပ်မသွားသေးဘူး။ အင်း..သူ ဒီလောက် လောကမှာပြည့်စုံဖို့ အဆောင်အယောင်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မနားရအောင် ရှုတ်ရှပ်ခတ်နေပေမယ့် ဘာကြောင့် ပျော်ရွှင်တဲ့ အပြုံးမျက်နှာ မတွေ့ရတာလဲဆိုတာ ဆက်တွေးနေမိတယ်။
တွေးနေရင်းက …ချစ်သူများနေ့က လက်ဆောင်ရလာတဲ့ လှလှပပ ချောကလတ်ဗူးလေးကို မြင်ယောင်မိတယ်။ ချစ်သူများလက်ဆောင် ချောကလတ်ဗူးလေးက သိတ်လှတယ်၊ လှလွန်းလွန်းလို့ ချက်ခြင်းတောင် ဖောက်မကြည့်မိဘူး။
သိတယ်မဟုတ်လား ..၊ အပြင်ပန်းက ဘယ်လောက်လှလှ အထဲပစ္စည်းက အဓိကမဟုတ်လား..၊
ပြင်ပန်းအလှလှကို ကျနော်ကြာကြာ ထိုင်မကြည့်နိုင်ပါးဘူး။ ကျနော်ဖောက်ကြည့်လိုက်ပါတယ်။ မဆိုးပါဘူး၊ အပြင်ပန်းလှသလို ..၊ အထဲက ချောကလတ်ကလည်း စားကောင်းပါတယ်။အချစ်ဆုံး သူငယ်ချင်းက လက်ဆောင်ပေးတာကို..။
ကျနော်လည်း လူမှုဘဝ၊ အဆောင်ယောင်တွေနဲ့ ဗျာများနေတဲ့ကျနော် သူငယ်ချင်းကို ချောကလတ်ဗူးခွန်နှင့်အတူ မြင်ယောင်မိတယ်ဗျာ..။
အပြင်ပန်းလှအောင် ဘယ်လောက်ပင် .. ဆေးရောင်စုံခြယ်သသော်လည်း ..အတွင်းအဇ္ဈတ္တက ညစ်နွမ်းနေသမျှ ပင်ပန်းနေဦးမှာပဲဆိုတာပေါ့။
ဘုရားဟောထားတာက “လောကကြီးကတော့ အတွင်းရှုပ်၊ အပြင်ရှုပ်”တဲ့ဗျ ၊ ဒါတွေကိုကုန်အောင် ဘုရားတောင် အကုန်မရှင်းပေးနိုင်ခဲ့ဘူး၊ ကျနော်တို့လို ပုထုဇဉ်ကတော့ မပြောနဲ့ပေါ့ဗျာ။
ကျနော် သူကို့ ဖွင့်မပြောဖြစ်ပဲ ဆက်တွေးနေမိတာကတော့..။
လူသားအားလုံးကို အတွင်း၊အပြင် လှပအောင် ဆောင်ရွက်ပေးနိုင်တာကတော့ 'ဘာဝနာ' ဆိုတာပါပဲ
လူးသားအားလုံးဆိုပေမယ့် အသိဥာဏ်ရှိသူပေါ့ဗျာ။
လူတို့ရဲ့စိတ်ဟာ ..ဘာဝနာနဲ့မတွေ့ခင်မှာ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်လွှဲမှားမှု၊ မနာလိုမှု ၊ပြိုင်ဆိုင်လိုမှုတွေနဲ့ စိတ်ရဲ့ ကျေးကျွန်းဖြစ်နေရတယ်။
စိတ်ဟာ ဘာဝနာနဲ့တွေ့လိုက်မှ.. ကိုထင်မြင်ထားတဲ့အရာတွေဟာ ဘာမှ မဟုတ်ပဲ.. ဖြစ်ပြီး ပျက်သွားတဲ့ အကြောင်းတရားမျှသာဖြစ်တယ်။ တွေးတောပြီး ပူပန်းစိတ်တွေကလည်း ..၊ ဖြစ်ပြီး ပျက်သွားတဲ့ အကြောင်းတရားမျှသာဖြစ်တယ်ဆိုတာ သဘောပေါက်သွားတယ်။
ဒါကြောင့် .. စိတ်ကိုကျွန်အဖြစ်ကနေ .. သခင်အဖြစ် ဘာဝနာနဲ့ ပြောင်းပေးလိုက်ရင် .. ၊ ဘဝအေးချမ်းသွားမှာပါလို့ တွေးမိလိုက်ပါတယ်။
ကဲ ဘယ်လိုလဲ.. ဘဝလက်တွဲဖော်အဖြစ် ...၊ ဘာဝနာကိုလည်း တစ်နေ့ (၁၀)မိနစ်လောက် စမ်းကြည့်လိုက်စမ်းပါဗျာ..။
စိတ်ရဲ့အရှင်သခင်းများဖြစ်ကြပါစေ..၊

No comments:
Post a Comment