ဗုဒ္ဓ- သိခြင်းအနက်အဓိပ္ပါယ်..
‘ဗုဒ္ဓေါ’ ဆိုတဲ့ အမည်က မယ်တော်၊ခမည်တော်တို့က ငယ်ရွယ်စဉ်က မှည့်ခေါ်တဲ့ အမည်းမဟုတ်သလို၊ အစ်ကို အစ်မ၊ မိတ်ဆွေရဟန်း၊ပုဏ္ဏာ၊ နတ်ဗြဟ္မာတို့ကလည်း မှည့်ခေါ်တဲ့ အမည်လည်း မဟုတ်ပါဘူး။
ဘုရားလောင်းဟာ မဟာဗောဓိပင်ခြေရင်းတွင် အရဟတ္တမဂ်အဆုံး၌ ဖြစ်လာသော သဗ္ဗညုတဥာဏ်တော်ကို ရတော်မူပြီး အလုံးစုံသောတရားတော်များကို သိတော်မူလို့ ဗုဒ္ဓမည်ဖြစ်ပေါ်လာတာပါ။ ( မဟာနိဒ္ဒေသ)
ဥပမာအားဖြင့် လောကတွင် ပစ္စည်းဥစ္စာချမ်းသာသူကို ‘သူဌေး ( ဘော့(စ်) ‘ဟု အများက မှည့်ခေါ်သကဲ့သို့ ပညာကြီးသူကို ‘ပညာရ’ှိလို့ မှည့်ခေါ်ကြသလိုဖြစ်ပါတယ်။
ဗုဒ္ဓ- နိုးခြင်းအနက်အဓိပ္ပါယ်
နောက်တစ်နည်းအားဖြင့် ဗုဓဓာတ် ( ဗုဒ္ဓ)ဆိုတာ သိခြင်းအဓိပ္ပါယ် အပြင် နိုးကြားခြင်းဆိုတဲ့အဓိပ္ပါယ်လည်းရပါတယ်။ အိပ်ပျော်ရာမှ နိုးထသူပေါ့။
ဘယ်လိုအိပ်ပျော်ရာမှ နိုးထသလဲဆိုတော့ ပုထုဇဉ်တွေကဟာ
တွေးဝေတတ်တဲ့ မောဟတရားနဲ့ ပြည့်နှက်နေပြီး အမှန်တရားကို မမြင်နိုင်သောကြောင့် အိပ်ပျော်နေသူများဖြစ်ပါတယ်။ ဘုရားရှင်ကား အိပ်ပျော်နေသော လောကလူသားထဲမှ အရဟတ္တမဂ်ဖြင့် မောဟကို ဖျက်ဆီးပြီး ပဌမဆုံး နှိုးထလာသူ ဖြစ်ပါတယ်။
မောဟ = မသိခြင်းဖြင့်အိပ်ပျောနေခြင်းဟာ လောကလူသားတို့အတွက် အမှန်တရားကို သိရန် ကြီးမားသော အကာအဆီးကြီးပင်ဖြစ်ပါတယ်။ မောဟတရားကို အခြေခံပြီး လူတွေက လိုခြင်းတက်မက်မမှုများ အားကြီးလာကာ တစ်ခုမှ နှစ်ခုလိုချင်ကြ၊ အထင်မှား အမြင်မှားကာ ဒေါသမီးတွေလောင်ကြလို့ ပျော်စရာကောင်းလှသော လောကကြီးမှာ
ပျော်ပျော်ရွှင်ရွင် မနေရပဲ စိတ်ဆင်းရဲစွာဖြင့်ပင် သေကြေ ပျက်စီးကြရရှာပါတယ်။
ဘုရားလောင်းသည်ပင်လျှင် ဤကမ္ဘာကြီးအစပိုင်း မန္ဓာတ်စကြာမင်းဖြစ်စဉ်က ဗုဒ္ဓဓာတ် မရင့်သန်သေလို့ တဏှာလောဘကြီးကာ ဒုက္ခလှလှရောက်ခဲ့ဖူးပါတယ်။
မန္ဓာတ်စကြာမင်း ဝတ္ထု
တစ်ခါတုန်းက ဘုရားလောင်းဟာ မန္ဓာတ်စကြာမင်းဖြစ်ဖူးပါတယ်။ တစ်နေ့တော့ စကြာရတနာဖြင့် ပရိတ်သတ်များ ခြံရံလျှက် ကောင်းကင်ခရီးဖြင့် လေးကျွန်းလုံးကို ဒေသစာရီ လှည့်လည်တော်မူပါတယ်။ ထိုအခါ စတုမဟာရာဇ် နတ်ပြည်၏ ကြီးကျယ်ခမ်းနားောကားကို ကြားရ၍ တပည့်များနဲ့အတူ စတုမဟာရာဇ် နတ်ပြည်ထိ ချီတက်တော်မူပါတယ်။ စတုမဟာရာဇ် နတ်မင်းကြီးလေးပါးကလည်း ခရီးဦးကြိုဆိုကာ နတ်စည်းစိမ်ကို ဆက်သကြပါတယ်။ စတုမဟာရာဇ်နတ်စည်းစိမ်းကို ခံစားရသော်လည်း တာဝတိံသာ နတ်ပြည်က ထိုထက်သာလွန်ကြောင်းသိတော်မူလို့ တာဝတိံသာ နတ်ပြည်ကို ချီတတ်တော စကြာရတနာနှင့် ပရိတ်သတ်တို့က မလိုက်နိုင်ကြပဲ လမ်းခုလပ်မှ လူပြည်ကို ပြန်သွားကြပါတယ်။ တာဝတိံသာနတ်ပြည်ကို ရောက်လာတဲ့ မန္ဓာတ်မင်းအား သိကြာမင်းက စည်းစိမ်းကို တစ်ဝက်ခွဲကာ ခံစားစေပါတယ်။
အဲဒီအချိန်က လူတို့သက်တမ်းမှာ အလွန်ရှည်ကြာသော အသင်္ချေယျဖြစ်၍ ပကတိ သိကြားမင် ၃၆-ယောက် ပြောင်းလဲသည့်တိုင်အောင် မန္ဓာတ်မင်းမှာ မစုတေပဲ နတ်စည်းစိမ်ကို ခံစားနေပါတယ်။
တစ်နေ့တော့ သိကြားစည်စိမ်း တစ်ဝက်တည်းခံစာရတာကိုမကျေနပ်လို့ အသစ်ဖြစ်လာတဲ့ သိကြားမင်းကို လုပ်ကြံဖို့ စိတ်ကူး ပေါက်လာပါတယ်။ လောဘဖြင့်ဒီလိုအကြံဖြစ်တာနဲ့ တပြိုင်နက် မန္ဓာတ်မင်း နတ်ပြည်မှ ကွယ်ပျောက်ခါ လူပြည်ရောက်ကာ ကွယ်လွန်သွား ရရှာပါတယ်။ ( မန္ဓာတုဇာတ်)
ထို့ကြောင့် မောဟတရာဖြင့် အိပ်ပျော်နေသူတို့မှာ လောကတွင် မနိုးထနိုင်ပဲ
လောဘ၊ဒေါသတို့ရဲ့ ကျေးကျွန်းများ ဖြစ်ကြရပြီး ဗုဒ္ဓကတော့ နိုးထလာသူဖြစ်လို့ ဗုဒ္ဓဂုဏ်တော်ဖြင့် ပူဇော်ထိုက်ကြောင်း တင်ပြလိုက်ပါတယ်။
မောဟတည်းဟူသော အိပ်ပျော်ခြင်း ၊တွေးဝေခြင်း တရားမှ နိုးထနိုင်ကြပါစေ….

No comments:
Post a Comment