Monday, April 15, 2013

အချစ်တစ်ပွဲ.. မနွှဲချင်ဘူး ဆိုပေမယ့်...


မြတ်စွာဘုရားနဲ့ အရှင်အာနန္ဒာတို့ စကားပြောနေရင်း မြတ်စွာဘုရားက  အနည်းငယ် ပြုံးတော်မူတာကို တွေ့ရလို့ ရှင်အနာနန္ဒာက.." အရှင်ဘုရား ဘာကြောင့် ပြုံးတော်မူတာပါလဲဘုရား" လို့ မေးလျှောက်လိုက်တယ်။

"ငါ့ရဲ့ တပည့် ရဟန်းငယ် သုန္ဒရ  အချစ်စစ်ပွဲ နွှဲနေတာကို မြင်လို့ အာနန္ဒာ"

"ဒါဆို ဒီအချစ်စစ်ပွဲမှာ ဘယ်သူက နိုင်လို့ ဘယ်သူ ရှုံးနေလဲဘုရား"

"လောလောဆယ်မှာ အနိုင်အရှုံး မဆုံးဖြတ်နိုင်သေးပေမယ့် ငါ့တပည့်ကတော့  နိုင်ဖို့များတယ် အာနန္ဒာ"
*****************************

မြတ်စွာဘုရားလက်ထက်က ကုဋေလေးဆယ် ကြွယ်ဝတဲ့ သူဋ္ဌေးမှာ သုန္ဒရမုဒ္ဒရ ဆိုတဲ့ သားတစ်ယောက် ရှိခဲ့တယ်။ သားတစ်ယော်တည်းမို့ အလိုလိုက် အကြိုက်ဆောင်ကာ  ၊ အချိန်တန်အရွယ်ရောက်ရင် လက်ထပ်ထိမ်းမြားဖို့ သတို့သမီး တစ်ယောက်ကိုလည်းစေ့စပ်ကြောင်းလမ်းထားပါသေးတယ်။

တစ်နေ့  သူငယ်ချင်းများ ဇေဝတန်ကျောင်းကို တရားနာသွားတာကို  တွေ့မြင်ရလို့ မောင်သုန္ဒရ သူငယ်ချင်း တွေနဲ့အတူ  အပျော်တရားနာလိုက်ခဲ့တယ်။

မြတ်စွာဘုရားက ဒီတရားပွဲမှာ မောင်သုန္ဒရ တရားရမှာကို မြင်တော်မူလို့ လောကီအာရုဏ်ကာမဂုဏ်တွေရဲ့ အပြစ်ကို ဦးစားပေး ဟောတော်မူတယ်။ ဒီတော့ စောစောကတည်းက  လူ့ဘဝ လူစည်စိပ်ကို မက်မက်မောမော မရှိလှတဲ့ သူဌေးသားတစ်ယောက်ဟာ မြတ်စွာဘုရားရဲ့   တရားတော်ကို နားကြားရတဲ့အခါ..လောကီ အာရုံ ကာမဂုဏ်တွေမှ ထွက်မြောက်ချင်လာတယ်။

"မြတ်စွာဘုရား တရားတော်များဟာ သိမ်မွေ့နုညံ့၊ ဖြူစင် သန့်ရှင်တယ်။ အာရုံတွေများလှတဲ့ လူလောကမှာ နေလို့ ဒီတရားတွေကို အားထုတ်လို့ ရမှာ မဟုတ်ဘူး၊ ဒါကြောင့် လူ့ဘောင်ကို စွန့်လွတ်ကာ ရဟန်းပြုတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်"

မြတ်စွာဘုရားအား ရဟန်းပြုလိုကြောင်း  လျှောက်ထားတော့ " မိဘတွေ ခွင့်မပြုတဲ့ သား၊သမီးကို ခွင့်မပြု  မိန့်ကြားတော့ မိဘများထံ ရဟန်းပြုခွင့်တောင်းပါတော့တယ်။ မိဘများက ရည်ရွယ်ချက်က တစ်မျိုး၊ သားရဲ့ ဆန္ဒ တစ်ဖုံဆိုတော့  စောစောပိုင်းမှာ မိဘတွေက လုံးဝ ခွင့်မပြုခဲ့ပါဘူး။ နောက်ဆုံး အစာငတ်ခံဆန္ဒပြလို့ မိဘများက " အကယ်၍ ခွင့် မပြုက အသက်ဆုံးရှုံးနိုင်တယ်၊ ခွင့်ပြုလိုက်ခြင်းအားဖြင့် သားကို အသက်ရှင်လျှက် ဖူးတွေ့နိုင်ပြီး ၊လူဘောင် ပြန်လည်လာအောင် စည်းရုံးလို့ရသေးတယ်ဟု တစ်ဆင့်လျှော့တွက်ကာ ရဟန်းပြုခွင့်ပေး လိုက်တယ်။

သားမောင်ပဉ္ဖင်းကလည်း မိဘတွေရဲ့ အကြံအဥာဏ်ကို သိလို့  မိဘတွေရဲ့ သံယောဇဉ် ကျော့ကွင်းမှ လွတ်ဖို့ရာ  မိဘများနေရာ သာဝတ္ထိနဲ့  ၄၅ ယူဇနာဝေးတဲ့ ရာဇဂြိုလ်မှာ သွားကာ ရဟန်းတရားအားထုတ်တယ်။

မိဘများကတော့ သားကို  လွမ်းလို့ မျက်ရည်တစမ်းစမ်းနဲ့ပေါ့။ သူ့သားအရွယ်တွေ  ပျော်ပါးနေတာကို တွေ့မြင်ရ တိုင်း မဖြေဆီးနိုင်ဘူးပေါ့။

တစ်နေ့တော့   အလွန်တရာ ချောမောလှပတဲ့ ၊သာဝတ္ထိပြည် လူငယ်လောကမှာ ရေပန်းစားနေတဲ့ ပြည့်တန်ဆာမ ရူပတီဟာ ပူဆွေးသောကရောက်နဲ့ သူဌေးအိမ်ကိုရောက်လာတယ်။  ဒီကလေးမက .. ရဟန်းရဲ့ မိဘတွေကို  " သားကြောင့် ပူဆွေးသောက ရောက်နေတာကို ကြားသိရလို့ သတင်းလာမေးတာဖြစ်ကြောင်း၊ ရှင့်တို့သား ရဟန်းကိုလည်း သူမရဲ့ အလှအပ၊ အချော့အမြူ မယာတွေနဲ့ ၊  သူဌေးအိမ်ကို ပြန်လာအောင် ဆွဲဆောင် နိုင်မည် ဖြစ်ကြောင်း " ပြောလိုက်တယ်။ မိဘများက ဝမ်းသာလို့ " အကယ်၍ သမီးသာ ငါတို့သားကို လူဖြစ်အောင် ဆွဲဆောင်နိုင်မယ်ဆိုရင် ငါတို့အိမ်မှာ ရှိတဲ့ ပစ္စည်းများကို သမီးလက်အပ်ပါမယ်လို့ ကတိပေး လိုက်ပါတယ်။

ရူပဝတီတစ်ယောက်လည်း ကတိရတာနဲ့ လုပ်ငန်းစဖို့ ရဟန်းကလေးနေရာ ရာဇဂြိုလ်ကို သွားရောက်ခါ ရဟန်းကလေး ဆွမ်းကြွရာလမ်းမှာ ဘုံ ၇-ဆင့်ရှိတဲ့  အိမ်တစ်လုံးကို ငှားယူလိုက်တယ်။ နောက်တစ်နေ့ နံက်  ဆွမ်းကြွလာတော့ ရှင်သုန္ဒရ ကြိုက်တတ်တဲ့ ဆွမ်း၊ဆွမ်းဟင်းများကို  လောင်းလှူလိုက်တယ်။
 နှစ်ရက် သုံးရက်လောက် ဆွမ်းလောင်ပြီးတော့ ၊ အိမ်ထဲမှာ ဆွမ်းကြွဖို့  ပင့်လိုက်တယ်။  ရှင်းသုန္ဒရက  ရိုးရိုးထင်၍ အိမ်ပင့်ဆွမ်းကို လက်ခံကာ သူမရဲ့အိမ်မှာပဲ ဆွမ်းဘုဉ်ပေးပါတော့တယ်။ဒါကတော့ ဦးစွာ ပထမ မသိမသာ ရသတဏှာရဲ့ ဆွဲဆောင်မှုကို ရှင်သုန္ဒရခံလိုက်ရခြင်းပါ။ အမှန်တကယ်တော့ ရှင်သုန္ဒရဟာ " သပဒါနစာရိက" အိမ်စဉ်အတိုင်း ဆွမ်းခံတဲ့ ဓုတင်ကို ဆောက်တည်ထားလို့ အိမ်ပင့်ဆွမ်းကို ဘုဉ်းပေးခွင့် မရှိပါဘူး။

ရက်အနည်းငယ် ကြာလာတော့ ရူပတီက ရှေးသို့ တဆင့်တိုးကာ  လမ်းထဲမှ ကလေးများကို အိမ်သို့ လာရောက် ဆော့ကစားစေပြီး ၊ ရှင်သုန္ဒရ ဆွမ်းကြွလာတဲ့အခါ ကလေးငယ်များ ဆူညံလို့ အားရုံမရဟုဆိုကာ .. ဘုံခုနစ်ဆင့် ရှိသော တိုက်ပေါ်ပင့်၍  ဆွမ်းကပ်ပါတော့တယ်။

 အစားအသောက်မှာ ခုံမင်မှုကြောင့်  ရဟန်းငယ်ကလေးမှာ  ရူပတီရဲ့ လှည့်ဖျားမှုကို ခံနေရပြီး ၊ အခန်းတခါးကို ပိတ်၍   အလှအပ ၊အနုအရွတို့နဲ့ အတူ ရူပတိရဲ့ မယာပရိယာယ်မျိုးစုံဖြင့်  သွေးဆောင် ဖြားယောင်း
ပါတော့တယ်။  ဘယ်လိုပင် ဖြားယောင်းသော်လည်း တုန်းလှုပ်ခြင်းမရှိလို့ နောက်ဆုံးတော့ ရူပတီက ပွင့်ပွင့်လင်းလင်းပဲ   " ရှင်သုန္ဒရ  ဒီလို့ နုပျိုးတဲ့အရွယ်မှာ ဘာကြောင့် သင်္ကန်းဝတ်နေရတာလဲ ကျမနဲ့ အတူ ပျော်ပျော်ပါးပါး အတူနေ ကြရအောင်ပါလို့ ချစ်ရေးဆိုလာပါတော့တယ်။

ဒီတော့မှာ ရဟန်းငယ် သတိဝင်လာပြီး " သြော် ... အစားအသောက်ခုံမင်မိလို့  ဝိသဘာဂအာရုံသို့ ခြေစုံ ရောက်  
နေပါလားဟု သတိဝင်လာပါတယ်။
ဒီတော့မှ မြတ်စွားဘုရား တပည့်သုန္ဒရဆီး ရောင်ခြည်တော်လွှတ်ခါ...
" သုန္ဒရ...  လောကီအာရုံ ကာမဂုဏ်တွေကို စွန့်ခွါပြီး ရဟန်းပြုနေသော်လည်း သူတော်စင် ဗြဟ္မဏဟု မခေါ်ထိုက်သေး၊ လောကီအာရုံ ကာမဂုဏ်တို့ ကုန်းခန်းခြင်းသို့ ရောက်သော သူကိုသာလျှင် သူတော်စင် ဗြဟ္မဏ အစစ်ဟု မိန့်ကြားတော်မူပါတယ်။

အရှင်သုန္ဒရ မြတ်စွားဘုရား တရားစကားကို အဆုံးမှာ သတိတရားဖြင့် ပွားများလို့ ရဟန္တာဖြစ်သွားပါတယ်။ ထို့နောက် ၊ ရူပဝတိရဲ့ အိမ်ခေါင်မိုးကို  အဘိဥာဉ်တန်းခိုးဖြင့် ထိုးဖောက်ကာ ဇေဝတန်းကျောင်းမှ မြတ်စွာရားကို သွားရောက်ဖူးမျှော်ကတော့လိုက်ပါတယ်။

ဗြဟ္မဏဝဂ်၊ သုန္ဒရသမုဒ္ဒဝတ္ထု



No comments:

Followers

My Blog List