Tuesday, March 12, 2013

ခွင့်လွှတ်တတ်သူ ဖြစ်ပါစေ...


ခွင့်လွှတ်ရခြင်းကြောင့် ငွေးတစ်ပြား တစ်ချပ်မှာ မကုန်သလို ကိုယ့်ဂုဏ်သိက္ခာလည်း မညှိုနွမ်းပါဘူး။ 

ပုထုဇဉ် လူသားများ မောဟ မကင်းသရွေ့တော့ ၊ အမှားတွေ လုပ်မိကြဦးမှာပါပဲ။ ဒါကြောင့် အမှားကြီးမလုပ်မိစေဖို့   ဘာသာတရားတွေ ဆည်းကပ်၊ ဆရာသမားတွေကိုယ်ကွယ်ကြရတာပေါ့။

 အသိခေါက်ခက် အဝင်နက် ဆိုသလို ဘာသာတရားလုပ်ရင်း လုပ်ရင်းနဲ့  အတ္တမာန ထိလာတဲ့အခါ..အသေးအဖွဲလေးတွေကိုတောင် သည်းမခံနိုင်ပဲ မဟာအမှားလမ်းမကြီးကို ဆက်လျှောက်နေ   မိတတ်ပါတယ်။

အသင်းခေါင်းဆောင်းနဲ့အသင်းသား၊ ဆရာသမားနဲ့တပည့်၊ လင်နှင့်မယား။ ဆရာနဲ့ကျောင်းသား    တို့ဟာ လက်တွဲအတူလုပ်ကိုင်နေကြတော့ တစ်နေ့မဟုတ် တစ်နေ့တော့ . မှားကြမှာပေါ့။ ဒါကို ရန်ငြိုးမထားပဲ။ သည်းခံခွင့်လွှတ်ခြင်းဖြင့် ညီးညွတ်ရေး၊ ဘဝလွှတ်မြောက်ရေးတို့ကို ကြိုးစား အားထုတ်သွားရမှာပါ။

စာရေးသူ အမြဲပြောလေ့ရှိတဲ့ စကားရှိတစ်ခွန်းရှိတယ်။ တချို့ ဒကာ၊ဒကာမတွေက " ဘုန်းဘုန်း စုပေါင်း ကောင်းမှုတော့  မလုပ်ချင်ဘူး  လူများရင် စကားများတယ်" တဲ့။  ဒီတော့ ဘုန်းဘုန်းက " စကားများတဲ့  လူတွေ၊ အမြင်မတူသူတွေနဲ့ အတူလုပ်တော့ ဒါနကုသိုလ်တစ်ခုတည်း မဟုတ်ပဲ သည်းခံခြင်း ၊ခွင့်လွတ်ခြင်း၊ နားလည်းတတ်ခြင်း ၊ ခန္တီပါရမီ၊ မေတ္တာပါရမီကုသိုလ်တွေကိုလည်း   ဖြည့်ဆီးခွင့် ရတာပေါ့လို့   ပြောလေ့ရှိပါတယ်။

တချို့ကြတော့လည်း ဘာမဟုတ်တဲ့  ငါစွဲနဲ့ " ဒီအသင်းကို ငါစခဲ့တာ၊ ဒီဘုန်းကြီးဟာ ငါပင့်ထားတာ၊ ဒီဘုန်းကြီးဟာ ငါ့ဆွေးမျိုးဟု အယူစွဲကာ အမှားလိုက်နေကြသူတွေလည်း သနားစရာပါပဲ။

ဒီလိုပါပဲ  မြတ်စွာဘုရား လတ်ထက်က အသက်ကြီးမှ သာသနာဘောင်ကို ဝင်ရောက်လာတဲ့ ဗုဒ္ဓရဲ့ ဝမ်းကွဲ ညီအကို တိဿဆိုတဲ့ ရဟန်းတစ်ပါးရှိခဲ့ဖူးတယ်။ ဦးတိဿဟာ သူ့အတ္တမာနပဲ သောက 
ရောက်ခဲ့ရတယ်။

ဒီတောထွက်ရဟန်းကြီးဟာ မြတ်စွာဘုရားကို  အဝေးမှ လာရောက်ဖူးမျှော်လေ့ရှိတဲ့ ရဟန်းတွေ ဆုံဆည်းရာ ဇေတဝန်ကျောင်းတော်ရဲ့ အလယ် ဇရပ်တစ်ဆောင်မှာ သတင်းသုံးနေလေ့ရှိပါတယ်။

အဲဒီဇရပ်မှာ စတိုင်ကျကျနဲ့ စားကောင်း သောက်ဖွယ်တွေကို စားသောက်ခါ  အဝေးမှ ဗုဒ္ဓကို လာရောက် ကန်တော့ကြတဲ့ သူ့ထက် ဝါကြီးတဲ့ ရဟန်းတွေရဲ့ အပူအဇော်ကို ခံယူနေပါသတဲ့။  ဗုဒ္ဓရဲ့ဝိနည်း စည်းကမ်း အရဆို ဝါကြီးသူကို ဝါငယ်သူက အရိုအသေပေးရမှာပါ။ ဒါကို ဦးတိဿက .. မသိကျိုးကျွန်ပြုနေပါတယ်။

တစ်နေ့မှာ ရဟန်းငယ်တစ်ပါက တိဿရဟန်းကြီးကို " အရှင်ဘုရား ဝါတော်ဘယ်လောက်ရှိပြီးလဲ" လို့မေး တော့မှ " ငါမှာ ဝါမရသေးပါလို့" ဖြေပါတယ်။ ရဟန်းငယ်က " ခက်လိုက်တာ .. ဦးတိဿရယ် ဝါကြီးသူကို ဝါငယ်သူက အရိုအသေးပေးရမယ်ဆိုတာ မေ့နေရော့လားလို့" ကဲ့ရဲ့စကားဆိုတော့ ရဟန်းကြီးတိဿ   ဒေါသထွက်သွားပါတယ်။

ဦးတိဿက မေးလိုက်သေးတယ်..."မင်းတို့ ဘယ်သူဆီလာကြတာလဲ .. ငါ့အကိုဝမ်းကွဲဗုဒ္ဓဆီလာတာ မဟုတ်လား။ မင်းတို့ ဒီစကားပြောရင် ငါဗုဒ္ဓကို သွားတိုင်မယ်ဆိုကာ.. အမျိုးအားကိုနဲ့ ငိုယိုကာ ဗုဒ္ဓထံ သွားတိုင်ပါတယ်။ သူအထင်က .. ညီအစ်ကိုမို့ သူကို မျက်နှာသာပေးလိမ့်မယ်လို့ ယုံကြည်ထားဟန် တူပါတယ်။

ဗုဒ္ဓဆိုတာ အမှန်တရားကို ဟောပြောပြသသလို အမှန်တရားဖက်မှလည်း ရပ်တည်းတတ်ပါတယ်။ အရင်း၊အဖျား  တစိမ်း ၊ ဆွေမျိုး ခွဲခြားရိုးထုံးစံမရှိပါဘူး။ အရာအားလုံးဟာ ဓမ္မလမ်းကြောင်းအတိုင်းပဲ အဆုံးအဖြတ်ပေးလေ့ရှိပါတယ်။

အကြောင်းစုံကို ဗုဒ္ဓ စုံစမ်းတော့ ရဟန်းကြီးတိဿ လုပ်ရပ်က မှားနေကြောင်းသိရပါတယ်။ ထို့နောက် ဗုဒ္ဓက ဦးတိဿကို ရဟန်းများအပေါ် သည်းခံခွင့်လွတ်ဖို့ ကိုယ်တာဝန် ဝတ္တရားများကို ကျေပွန်ဖို့ ဗုဒ္ဓက သြဝါဒပေးပါတယ်။ သို့သော်လည်း ဆွေးမျိုးအားကိုးနဲ့ ခွင့်မလွှတ်ဟုဆိုကာ ခေါင်းခါ၊ ခေါင်းမာနေပါတယ်။

ဗုဒ္ဓပြောတာတောင် လက်မခံဘူးဆိုတော့ ... ရဟန်းကြီးတိဿ ဘယ်လောက် မောဟတွေ၊မာနတွေ ကိန်းအောင်နေသလဲဆိုတာ စဉ်းစားကြပေတော့။

ဒီတော့ ဗုဒ္ဓက ရဟန်းကြီးတိဿဟာ ခုဘဝမှာ ပြောရဆိုရခက်တာမဟုတ်ဘူး ၊ဟိုရှေးယခင် အတိတ်ကတည်းက ဒီအတိုင်းပဲဟုဆိုကာ အတိတ်ဇာတ်လမ်းကို မိန့်တော်မူပါတယ်။

တစ်ခါတုန်းက  ဒေဝီလရသေ့နဲ့ နာရဒ ရသေ့တို့ သီးခြား တစ်နေရာစီ ဟိမဝန္တာတောမှာ သိတင်းသုံး  နေပါတယ်။ တစ်နေ့တော့ ကိစ္စရှိလို့ မြို့သွားကြတော့ အဲဒီရသေ့နှစ်ပါးက အိုးထိမ်းသည်းရဲ့  ဇရပ်တစ်ခုမှာ တည်းခိုကြပါတယ်။  ရဟန်းနှစ်ပါး နုတ်ဆက်စကား ပြောရင်းနဲ့  အိပ်စက် အနားယူကြပါတယ်။

နောက်မှ ရောက်လာတဲ့ နာရဒ ရသေ့က မအိပ်ခင် ဒေဝီလရသေ့အိပ်ရာကို  ညရေး ညတာ ထသွားထလာ လုပ်တဲ့အခါ  တစ်ပါးနဲ့တစ်ပါး အထိခိုက်မိစေဖို့ သေချာမှတ်သားကာ အိပ်ပါတယ်။ သို့သော်လည်း ဒေဝီလရသေ့က မူလအိပ်ယာမှာ မအိပ်ပဲ ညဥ့်အခါကြတော့ တံခါးဝမှာ ကန့်လန့် အိပ်နေပါသတဲ့။ 

ညဥ့်နက်အချိန်အခါ နာရဒရသေ့အပြင်ထွက်တော့ တံခါးဝမှာ ပိတ်အိပ်နေတဲ့ ရသေ့ကြီးရဲ ဆံကျစ်ကို တက်နင်းမိပါတော့တယ်။  ရသေ့လေးကတော့  အမှတ်မထင် တက်နင်းမိကြောင့် ခွင့်လွှတ်ပါ ဆိုတဲ့အကြောင်း တောင်းပန်ကာ အပြင်ထွက်ပါတယ်။

ပြဿနာကဖြစ်ချင်တော့ ဒေဝီလရသေ့က "ဒီကောင် အပြင်ထွက်သွားတုန်းက ငါ့ ဆံကျစ်ကို တက်နင်းထွက်သွားတယ်  ပြန်အဝင်မှာ ငါ့ဦးခေါင်းပိုင်းကို တက်မနင်မိစေဖို့ ကျော်ခြင်းကျော် ငါ့ခြေရင်း ကိုသာကျော်ဖြတ်ဆိုတဲ့ သဘောနဲ့ မူလခြေထားရာအရပ်ကို ဦးခေါင်းထားအိပ်ပြန်ပါတယ်။ နာရဒရသေ့ကလည်း အသွားတုန်းက မသိလို့ ဦးခေါင်းပိုင်းကဖြတ်မိတယ်။   ပြန်အဝင်မှာ   ခြေရင်းပိုင်းက ဖြတ်မှပဲလို့ ကြံတွေးကာ  မမြင်မျက်ကန်းနဲ့  ကျော်ဖြတ်လိုက်တော့ ဒေဝီလ ရသေ့ရဲ့ လည်ပင်းကို တည့်တည့်ကြီးတက်နင်ပြန်ပါသတဲ့။

ဒုတိအယကြိမ်မှာတော ဒေဝီလရသေ့ သည်းခံနိုင်စွမ်းအား မရှိတော့လို့ " မင်းထွက်သွားစဉ်ကလည်း ငါ့ရဲ့ ဆံကျစ်ကို နင်းဖြတ်တယ်။ ပြန်ဝင်လာတော့လည်း ငါ့ရဲ့ လည်ပင်းကို တည့်တည်းနင်းပြန်တယ် ငါ့ကို စော်ကားတာပဲဟုဆိုကာ မင့်ငါ ငါကျိန်စာတိုက်မယ်လို့် ဆိုပါတယ်။ ရသေ့လေနာရဒက ခခယယ တောင်းပန်ရှာပါတယ် "တပည့်တော်   ဆရာကို တမင်သက်သက် စော်ကားတာ မဟုတ်ပါဘူး၊ ပထမက ဆရာ အပေါက်ဝမှာ အိမ်နေတာ မသိလို့ ကျော်ဖြတ်မိပါတယ်။
 ပြန်အဝလာမှာတော့ ဆရာခြေရင်းကနေပဲ ကျော်ဖြတ်မယ်ဆိုတဲ့ ရိုသေစိတ် ခြေရင်းကဖြတ်တာ အမှတ်မှား ဖြတ်မိတာကို သည်းခံခွင့်လွှတ်ပါလို့ ခခယယတောင်းပန်ပါတယ်။

ဘယ်လိုပင် တောင်းပန်သော်လည်း ဒေါသအိုးပေါင်ကွဲလို့ "ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့   နေမင်းကြီး နံက်မိုးလင်း ပေါ်ထွက်လာတဲ့အခါ မင်းရဲ့ ဦးခေါင်းကို ခုနစ်စိတ်ခုနစ်ဖြာ ကွဲစေသား" ရယ်လို့ ဒေဝီလရသေ့ ကျိန်ဆဲပါတော့တယ်။

နာရဒ ရသေ့ကလည်း " ဆရာ .. တပည့်တော်မှာ မသိလို့ လုပ်ခဲ့မိတယ်၊ ခွင့်လွှင့်ပါလို့ တောင်ပန်းတဲ့ ကြားက ကျိန်စာတိုက်တယ်။ တပည့်တော်လည်း အပြစ်မရှိကြောင်း သက်သေထူဖို့  ဆရာလိုပဲ ကျန်းစာ  တိုက်မယ်ဟုဆိုကာ " အပြစ်ရှိသူရဲ့ ဦးခေါင်းသာ ကွဲစေ၊ မပြစ်မရှိသူ မကွဲစေသား" ရယ်လို့ တန်ပြန် ကျိန်စာဆိုပါတယ်။

တကယ်တော့ ရသေ့ငယ် နာရဒက ၊ ရသေ့ကြီး ဒေဝီလထက် တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံပါတယ်။ အတိတ်ကမ္ဘာလေးဆယ်၊ အနာဂတ်ကမ္ဘာလေးဆယ်ကိုလည်း မြင်နိုင်စွမ်းရှိတယ်။ ရသေ့လေးက ဒီကျိန်းစာဟာ ဘယ်သူကို ထိမလဲလို့ ဆင်ခြင် ကြည့်လိုက်တော့ ဒေဝီလရသေ့ပေါ်မှာ ကျရောက်မယ် ဆိုတာကို သိလိုက်တယ်။ ဒါကြောင့် ရသေ့ကြီးအား သနားလို့   သူ့ကျိန်စာ မကျရောက်အောင်  အချိန်ကျရောက်သော်လည်း
 နေမင်းကြီး ပေါ်ထွက်မလာအောင် တားမြစ်ထားလိုက်ပါတယ်။

အရှေ့ဂေါယာကျွန်းမှ နေဝန်းကြီး အချိန်မှန်မှန် ပေါ်ထွက်မလာတော့ မြို့သူ/သားများ ဂယက်ရိုက်ကာ အခြေခံလူတန်းစာမှ အစ တိုင်ပြည်အုပ်ချုပ် မင်းလုပ်တဲ့ သူအထိ ပြဿနာရဲ့မူလကို ရှာလိုက်တာ  နောက်ဆုံးတော့ ရသေ့နှစ်ပါး အငြင်းပွား၊အချင်းများကာ ကျိန်စာ တိုက်ထား တာကို တွေ့ရပါတယ်။ ဒီပြဿနာဟာ မူလကျိန်စာတိုက်တဲ့ ဒေဝီလရသေ့မှ တောင်းပန်ရင် အဆင်ပြေသွာမည်ဖြစ်ကြောင်းသိတော့ မင်းကြီးက ဒေဝီလရသေ့ကို နာရဒရေသေ့အာ တောင်းပန်ရန် တိုက်တွန်းခဲ့ပါတယ်။ သို့သော်လည်း အနုနည်းနဲ့ တောင်ပန်းခိုင်းလို့ မရတာကြောင့် အကြမ်းနည်းသုံးကာ  ရသေ့ကြီးရဲ့ ခြေလက်တို့ကို တုပ်နှောင်ကာ နရးဒခြေတော်ရင်းမှာ ဝပ်စင်းတောင်ပန်းခိုင်းပါတယ်။

ဒေဝီလရသေ့ တောင်းပန်းတာဟာ စိတ်စေတနာမပါလို့  နေဝန်းထွက်ပေါ်လာတဲ့အခါ ရသေ့ကြီး ကျိန်စာမှ မလွှတ်နိုင်သေးကြောင့် သိရတယ်။ ဒါကြောင့်  အသက်ဘေးမှ ကင်းဝေစေရန် ရသေ့ကြီးအား ရေကန်ထဲမှာ ပုံအောင်နေစေပြီး  ဦးခေါင်းထက်၌ မြေစိုင်းခဲများ တင်ထားစေပါတယ်။ အမှန် တကယ်ပဲ နေမင်းကြီးထွက် ပေါ်လာတဲ့ အခါရသေ့ကြီး ဦးထိပ်မှာ ရှိတဲ့ မြေစိုင်ခဲများကို ခုနစ်စိတ် ခုနစ်မွှာ ကွဲကြေလို့ သွားခဲ့ပါတယ်။ ဒီအကြံရလည်းပဲ စိတ်စေတနာမှန်တဲ့ ရသေ့လေးကပဲ အကြံပေးခဲ့တာပါ။

ဒီအဖြစ်အပျက် ဇာတ်လမ်းလေးဟာ  မှတ်သားစရာပါပဲ။ ငါမှန်တာပဲ ဘယ်တော့မှ မတောင်းပန်နိုင်ဘူ၊ခွင့်မလွှတ်နိုင်ပါဘူး၊ ကမ္ဘာသာ ကြေပစေ ငါမကြေနိုင်ဘူးဆိုသူတွေ  အတွက် သင်္ခန်းစာယူလောက်ပါတယ်။  သီလ၊သမာဓီ သိက္ခာရှိတဲ့သူတွေကို ပြစ်မှားရင် ကိုယ့်စီးပွားရေ၊ ကျန်းမာရေးတွေ ထိခိုက်တတ်တယ်၊ ယုတ်စွ အသက်အန္တရာယ်တောင် ကျရောက်နိုင်ပါတယ်။

ဒါ့ကြောင့် ဆရာတပည့်ဖြစ်စေ၊ လင်နဲ့မယားဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲမှာ မကျေနပ်တာ တွေရှိရင် မျိုသိပ်မထားပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လို့ ၊ခွှင့်လွှတ်ခြင်း၊ သည်းခံခြင်းတရားလက်ကိုင်ထားက ၊ ဘဝငြိမ်းချမ်းမှုများကို ရရှိနိုင်ကြပါစေ..

No comments:

Followers

My Blog List