Tuesday, March 1, 2011

မေတ္တာ (၂)

မေတ္တာအတု
ရှေးတုန်းက ဒါယကာတစ်ယောက်သည် “မေတ္တာပွားသော အခါ မည်သူကစ၍ ပွားများရပါမည်နည်း” ဟု သူ၏ဆရာထံ လျှောက်ထားလေရာ ၊ ဆရာက မေတ္တာအရှိဆုံးသူက စ၍ ပွားများရမည်ဟု မိန့်သဖြင့် ညဥ့်အခါ အိမ်အပြင်ဘက်၌ ထိုင်၍ သူ၏ဇနီးကို ရည်မှန်းလျှက် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းလေလျှင် ဇနီးအပေါ်၌ ချစ်ခင်းမှု တိုးလာရာကား ချက်ချင်းထ၍ ဇနီးအထံ သွားလေသည်။ သို့သော် အတွင်းက မင်းတုံးထိုးထားသဖြင့် ဝင်ခွင့်မရသောကြောင့် နံရံကို ဦးခေါင်းဖြင့်ဝှေကာ မေတ္တာရဲ့အကျိုးကိုခံစားရရှာသတဲ့။ ထို့ကြောင့် ထိုအချစ်မျိုးကို “ဂေဟဿိတပေမ” ဟု မှတ်ရမည်။

နွားမကြီး၏ မေတ္တာ
ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့်အခါမျှ မေတ္တာအစစ် ကုသိုလ်စိတ်မဖြစ်နိုင်” ဟု မဆိုထိုက်ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။
ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သာငယ် နွားကလေးကို နို့ချိုတိုင်ကျွေးနေစဉ် မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာ တန်ခိုးကြောင့် လှံမစူးပဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားသတဲ့။ ဤသိုလျှင် ဆွေမျိုးဥာတိ သားအမိ ဇနိးမောင်နှံတို့၏ အတွင်းမှားလည်း အချင်းချင်း မေတ္တာအစစ်အများ ဖြစ်နိုင်ကြပေသည်။
သာမာဝတီ၏ မေတ္တာ
ကောသမ္ဗိပြည် ဥတေနမင်းဝယ် သာမာဝတီ ၊ မာဂဏ္ဍီ၊ ဝါသုလဒတ္တဒေဝီ ဟု မိဖုရားသုံး ယောက်ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။

မာဂဏ္ဍိကား မိဖုရားမဖြစ်ခင် အပျိုစင်ဘဝကပင် ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော ပုဏ္ဏေမကလေးတည်း။
အခါတစ်ပါ သာမာဝတီ အထံ အဆောင်တော်ကူးရန် နီးလေသော် မာဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကိုဖြေစေလျှက် စောင်းခွက်တွက်းသို့ သွင်းထားသည်။ ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင် မကူးဖို့ရန် မိန်းမတို့ပင်ကိုယ်ဥာဏ်ဖြင့် သံတော်ဦး တင်လေသော် ဘုရင်က ဂရုမစိုက်ပဲ သာမာဝတီ အဆောင်သို့ကူးသွားလေရာ စိတ်မချမ်းသာသည့် ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။

အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်ကိုတည်ပြီး နောက်သလွန်ပေါ်၌ လျောင်းသည့်အခါ မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်သည်။ ထိုအခါ ထည့်ထားသော မွေသည် အလွန်စိတ်ဆိုးနေရကား ရှူးကနဲထွက်ကာ ဘုရင့်ဦးခေါင်အနီးသို့ ရောက်လာလေသော် အလွန် ထိပ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်ပြီလျှင် ရှင်ဘုရင်လည်း သူ့စကားကို နားမထောင်သဖြင့် အပြင်တင်လေသည်။
ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့် လွန်စွာထိတ်လန့်၍ ရာဇာမာန်ရှ လေရကား “မင်းတို့ မျက်စောင်း အကြောင်းမရွေး” တော့ဘဲ ကိုင်နေကျ လေးကိုတင်ကာ သာမတီတို့ အစုကို စီတန်းစေလျှက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင်ထိပ်ထားလေးက သူ၏ မောင်မမိဿံများကို သြဝါဒပေးသည်မှာ….
“အမိတို့… မောင်တောင်မင်းမြတ်နှင့် မာဂဏ္ဍီတို့အပေါ်မှာ အနည်ငယ်မျှ စိတ်မကွက်ကြနဲ့နော်။ ယခုခလို အခါမျိုးမှာ မေတ္တာမှ တစ်ပါး အားကိုးစရာ မရှိပေဘူး။ အမိတို့ ပွားများနေကျ ဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစားပွားများကြပါ။

ဤသို့ တိုက်တွန်းလေလျှင် ပင်ကိုယ်ယဉ်ကျေးပြီးသော မောင်းများဖြစ်သည့်အတွက် နီးကပ်သော အသက်ဘောကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွားများကြလေသည်။ ဥတေနမင်းကာ အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တစ်အားကုန် လွှတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြားအရှိန် ရှေ့မတိုးဘဲ ပစ်သူအထံ မြားပြန်၍ ခ,လေသော် ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။

ဝတ္ထုမှတ်ချက်
မာဂဏ္ဍီမှာ သာမာဝတီ၏ အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယ်ဥာဏ်ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်ရသည်ကစ၍ ဒေါသစိတ် မွှန်ကာ မြားပြန်လာသောအခါကျမှ လွန်စွာကြောက်ရွံသော ဒေါသ၊ ဒေါမနဿစိတ်များဖြစ်ပြန်ရသည်။ မောင်းမအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ်ထားနိုင်ပေသည်။

နည်းယူဖွယ်
ယခုကာလ သူတော်ကောင်း အမြင့်တန်းကို မှန်းထားရင်း ရှိသူများမှားလည်း သာမာဝတီ ထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်တရား ဣဿာမစ္ဆရိယများ သူများကိုပင် အတုံ့ပြန်၍ ရန်မမူမိစေဘဲ မိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြပါ။ အကြိုးဆောင်ခွင့်ကြုံလာလျှင် မိမိကို မလိုလား သူများ၏ အကျိုးကိုပင် စိတ်ပါလက်ပါ ဆောင်လျက် အဖိုးတန်လှပစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။
မေတ္တာသည် ရေနှင့်တူ၏
ဒေါသသည် မီးနှင့်တူ၏
ရေမျာလေး မီးငြိမ်းလေဖြစ်၏
ထို့ကြောင့် ဒေါသနည်းအောင် မေတ္တာတိုးပွားဖို့ ကြိုးစားသင့်ကြပါသည်။
အရှင်ဇနကာဘိဝံသ

No comments:

Followers

My Blog List