Friday, February 4, 2011

မောင်.. မဖြေနိုင်သေးသော အချစ်ရဲ့ပဟေဠိများ (၃)

ရာသီတွေ ပြောင်းလဲလာတာနှင့်အမျှ မိသားစု အပြောင်းအလဲက စတော့သည်၊ လစဉ် အိမ်မောဂိတ် ၊ ကားမောဂိတ်တွေနဲ့ လစဉ် Bill Payments များလာတော့ အချစ်လည်း အလုပ်တက်ရတော့သည်။


တိုးတက်တဲ့နိုင်တွေမှာ တစ်ယောက်လုပ်စာဖြင့် မိသားစုအားလုံးတာဝန် တာဝန်ယူနိုင်ဖို့မလွယ်၊ ဖြစ်သလိုနေရင်တော့ ရသည်ပေါ့။ သား၊သမီးများလည်း ကြီးလာတော့ ကုန်ကျစရိတ်များလည်း ရှိလာသည်။ ကုန်ထုတ်လုပ်သူများကလည်း တမျိုးပြီး တမျိုး မရိုးရအောင်း ဝယ်လိုသူအား ဆွဲဆောင်သည် ။ အပြိုင်အဆိုင် ဈေးတွေချတယ် ဆိုပြီး Flayer တွေ ပလူပြန်အောင် အိမ်တံခါးထိ ရောက်လာတတ်သည် ။ သားကလည်း လူငယ်ဆိုတော့ i Pod, MP 3 Player, Computer laptop စသည် ပူဆာလာသည်။ လကုန်တာနဲ့ Bills များရောက်ကြသည် Telephone bill, Internet bill, Hydro bill, gas bill, Car Insurance, Mortgage ပေးစရာတွေက အများသား။ ဒီထဲ အရေးပေါ်သုံးလို့အောင် ဆောင်ထားတဲ့ Cell Phone bill ပေးရသည်။ ဒီလိုလစဉ် ပေးစာရာတွေ များလာတော့ စုငွေ၊ အိမ်သုံးစရိတ် သိပ်မကျန်၊ ဒီလိုနဲ့ အချစ် အလုပ်ဝင်ရခြင်း ဖြစ်သည်။ အချစ် အလုပ်တက်တက်ခြင်း ကံကောင်းသည်ဟု ဆိုရမည် လစာအဝင်ငွေလည်းကောင်းပါသည်။ အချစ် အလုပ်သွာဖို့ အဆင်ပြေရန်နှင့် မိသားစု စီးရန်ဆိုပြီး van ကားတစ်စီး ထပ်ဝယ်ဖြစ်သည်။


အပေါင်းအသင်း မိတ်ဆွေတွေ တနှစ်တစ်ခါ vacation ခွင့်ယူသော်လည်း မောင်တို့ မယူနိုင်၊ ကလေးတွေ ပူဆာလွန်း၍ မြို့ပြင် လောက်ပဲ ကားမောင်းလိုက်ပို့ဖြစ်သည်။


အချစ် အလုပ်ဝင်ပြီးနောက် အချစ်နဲ့ မောင်တို့ အလုပ် ကိုယ်စီနဲ့ဆိုတော့ အိမ်မှာ သိပ်ပြီး မတွေ့ဖြစ်တော့ တစ်ခါတစ်ရံ မောင်က ညဖက် အလုပ်ဆင်းရသည် နေ့ခင်းမှာ အိပ်ရသည်၊ နေခင်းမှာ အိပ်ရသော်လည်း အိပ်ရေးဝသည်ဟုမထင်၊ စိတ်ထဲမှာ မကြည်မလင်နဲ့ပဲ နောက်တစ်နေ့ အလုပ်ဆင်းရပြန်သည် ။ တခါတရံ အချစ်က အချိန်ပို အလုပ်ဆင်းရသည်။ တခါတရံ ဆုံဖြစ်သော်လည်း အလုပ်မှာ မောပန်းလို့ စောစောစီစီပဲ အနားယူဖြစ်ခဲ့ကြသည်။ ကလေးကျောင်းကတော့ ကြုံသလို မောင်နဲ့ အချစ် ပို့ဖြစ်ခဲ့ကြသည်။ သားကြီးကတော့ အရွယ်ကလေး ရလာပြီးဆိုတော့ သိပ်ကြည့်စရာမလိုတော့။ ဒီလို့နဲ့ မိသားစု ဘဝသံသရာလည်ခဲ့ရသည်။


တစ်ယောက်နဲ့တစ်ယောက် သိပ်မျက်နှာချင်း မဆိုင်ဖြစ်တော့ စိမ်းသလိုဖြစ်လာသည်၊ ဒီနိုင်ငံရဲ့ ..ယဉ်ကျေးမှု အရ

အလုပ်သွား၊ အလုပ်ပြန် နုတ်ဆက်တာ ၊ လက်ပြတာ စသည်ရှိသည်။ မောင်ကတော့ ဒီလို ကလေးကလား မလုပ်တတ်၊ မောင့်..အကြောင်းလည်း အချစ်သိပြီးသားပါ ။ သိပ်စကားနည်းလွန်သူ၊ အူကြောင်ကြောင်။


သား၊ သမီးတွေ ငယ်စဉ်ကလို ညစာ ထမင်းစားဝိုင်းမှာ တရားကြောင်းတွေ မပြောဖြစ်တော့ ၊ အချစ်လည်း အလုပ်မှာ ခင်မင်ရာ ခင်မင်ကြောင်း မိတ်ဆွေများ ရှိဟန်ထင်သည် ၊ အိမ်ရောက်တော့ မောင်နဲ့အချစ်တို့ အရင်လို တီတီတာတာ ချစ်စရာ မေတ္တာစကား များလည်း မပြောဖြစ်တော့ အိမ်ထောင်သက်လဲ ရလာပြီလေ..။


တချို့ သူငယ်ချင်းများ ပြောဖူးသည် “အိမ်ထောင်သက် (၁၀) နှစ်ကျော်လျှင် အချစ်တွေ လျှော့သွားတတ်သည်” ဟုဆိုသည်။ မည်သို့ဆိုစေ.. မောင်ရင်ထဲမှာ ချစ်စိတ်တွေ ရှိနေသေးပါသည်။ သို့သော် တီတီတာတာ စကားများဖြင့် မထုတ်ဖော်နိုင်ခဲ့၊ မောင့်အနေနဲ့လည်း မလိုအပ်ဟု ယူဆထားသည်။ အချစ်ရဲ့ မျက်နှာကလည်း အရင်လို မဟုတ်တော့ အလုပ်မှာ ပင်ပန်းသလို၊ မောင့်ကို စိတ်မဝင်စားသလို ဆိုတော့ တယောက်နှင့် တစ်ယောက် အနေဝေးလာခဲ့သည်။


သို့ပေမယ့် .. အချစ်ကတော့ လှနေဆဲပါ. လူတွေနဲ့ အလုပ်ဆင်းရတော့ အချစ်လည်း အလှကို ထိမ်းထားသည်။ ကျန်းမာရေး လေ့ကျင့်ခန်း မှန်မှန်လုပ်ဖြစ်သည်ဆိုတော့ ကိုယ်ခန္ဓာကလည်း ကြည့်ကောင်းသေးသည်။ မောင်ကတော့ ယောက်ျားသား ဆိုတော့ အလှကို စိတ်မဝင်စားနိုင်တော့ ဘဝကိုပဲ ဦးစားပေး နေရသည်။


သားကလည်း ခြောက်တန်းဆိုတော့ အိမ်စာတွေများလာသည် အိမ်စာတွေ မှန်မှန်လုပ်ဖို့ အမြဲ တိုက်တွန်းရသည်။ သားကိုလည်း စည်းကမ်းရှိအောင် တာဝန်များ ပေးထာရသည်။ အမြဲတမ်း သုံးရက်တစ်ခါ ရေခဲသေတ္တာရှင်းခိုင်းရသည်။ သို့သော် သားက အပျော်အပါး မက်သည် အင်တာနက်မှာ ဂိမ်းကစားသည် ၊ ည (၁၀) နာရီအိပ်ခိုင်းသော်လည်း မအိပ်ပဲ အကြောင်းမျိုးစုံပြကာ ည (၁၁) နာရီကျော်အောင်နေတတ်သည်။


အလုပ်ပိတ်ရက်များတွင် အိမ်သန့်ရှင်ရေး၊ အဝတ်လျှော်ဖွတ် လုပ်ရဖန်များတော့ အချစ် ငြီးငြူလာသည်၊ မှတ်မိနေပါသေးသည်၊ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ တစ်နေ့က အချစ်ကော မောင်ပါ အိမ်မှာရှိခိုက်.. အချစ် သန့်ရှင်းရေးလုပ်တုန်း ဒေါသစိတ်များဖြင့်.. မကျေနပ်စိတ်များဖြင့် ..မောင့်..ကိုလှမ်းခေါ်လိုက်သည် ပြီးတော့ အိမ်သာကို လက်ထိုးပြသည် “ ဒီမှာကြည့်စမ်း အိမ်မှာနေပြီး ဒီအိမ်သာလေးတောင် သန့်ရှင်းရေး မလုပ်ချင်ဘူး၊ ညစ်ပတ် နေတာပဲ၊ ဒီမှာ အလုပ်လည်းလုပ်ရ အိမ်သန့်ရှင်းရေးလည်း လုပ်ရနဲ့ အိမ်ဖော်လို ဖြစ်နေပြီ ” တဲ့ “နောက် အိမ်သာကိုသုံးပြီးရင် သေချာသေချာ သန့်ရှင်းခဲ့ပါ” တဲ့။ မောင်က စကား ရှည်ရှည်ဝေးဝေး မပြောတတ် ‘ကဲပါ.. ဒါလေးများ ရေးကြီးခွင်းကျယ် လုပ်မနေပါနဲ့’ လို့ပြောတော့ အချစ် စိတ်ဆိုးသွားသည်။ ဘာမှ ပြန်မပြော၊ အဲဒီနောက် အချစ်နဲ့ မောင်တို့ စကားအမြီး အပေါက်မတဲ့တာကစလို့ မောင် ပန်းကန်တွေ ဆေးတာ မပြောင်းကြောင်း၊ အိမ်သာမှာလည်း သေသေချာချာ သန့်ရှင်းရေး မလုပ်ကြောင်း မကြာမကြား အပြစ်တင်ခံသည်၊ နောက်တော့ တစ်ယောက်နဲ့ တစ်ယောက် ရင်ဆိုင်မိတိုင်း စကားများဖြစ်ကြသည်၊ မောင်ကလည်း အဲဒီလို ပစိပစပ်မျိုးလုံးဝ မကြိုက် တစ်ခါတစ်လေ ပြန်အော်ဖြစ်သည်။


အချစ်နဲ့ မောင်တို့ မျက်နှာချင်းဆိုင်တိုင်း စကားများဖြစ်ကြတော့ ရည်စားဘဝကို ပြန်တမ်းတမိသည်၊ ရည်စားဘဝက စိတ်တူ ကိုယ်တူ ပျော်ပျော်ရွှင်ရွှင် ၊ နောက် အချစ်ပြောတဲ့ “ကျွန်မက.. စပါယ်ပန်းကို သိပ်ကြိုက်တာတဲ့ .. စပါယ်ဟာ မွှေလည်းမွှေးတယ် အေလည်း အေးတယ် ၊ ဖြူဖြူဖွေးဖွေး ရနံ့မွှေးပြီး   အေးမြခြင်းကို ကိုယ်စားပြုတယ်” ဆိုတဲ့ အချစ်ရဲ့ စကားတွေကို ပြန်လည်ကြား ယောင်မိသည်။

   နောက်အချစ်ကပဲ နှင်းဆီကို မှတ်ချက်ချဖူးသည်.. နှင်းကိုတော့ သိပ်မကြိုက်ပေါင်တဲ့ အရောင်ရင့်ရင့်နဲ့ ဆူတွေနဲ့ မာန်မာနရဲ့ အငွေ့အသက်တွေပါနေသလိုပဲတဲ့၊ အဲဒီတုန်းက မောင်.ဘာမှ ပြန်မပြောဖြစ်ပေမယ့်၊ ခုတော့ အချစ်ကို ပြောလိုက်ချင်သည် အချစ်ကိုယ်တိုင် အရောင်ရင့်ရင့်နဲ့ ဆူးများဝိုင်းရံထားတဲ့ နှင်းဆီလိုဖြစ်နေပြီလို့။


အနောက်နိုင်ငံတွေမှာ အမျိုးသမီးများ အခွင့်အရေးဆိုပြီး ယောက်ျားများနဲ့ တန်းတူအခွင့်အရေးပေးထားသည်။ တချို့နေရာဆိုလျှင် ယောက်ျားများထက် အခွင့်ပိုသာသည်၊ single mother ဆိုလျှင် အစိုးရက ထောက်ပံ့သည်။ စသည်စသည့် အမျိုးသမီး အခွင့်အရေးများလည်း စုံလိုပါပဲ၊ ဒါတွေ အချစ် အလုပ်တက်ရင်းနဲ့ ဗဟုသုတများစွာ ရခဲ့သည်ထင်သည်။ အိမ်ထောင်မှုကိစ္စကို ခွဲဝေ လုပ်ဆောင်ရန် တောင်းဆိုလာသည် ။


အချစ်က အိမ်သာကိုသုံးပြီး သေချာ မသန့်ရှင်းလို့ အပြစ်တင်တော့ မြတ်စွာဘုရာလက်ထက်က အိမ်သာ သန့်ရေခွက် အကြောင်းပြုပြီး ရဟန်းသံဃာ အချင်းချင်း ပြဿနာဖြစ်ရပုံ၊ ပြောဆို ဆုံးမလို့ မရလို့ မြတ်စွာဘုရား ပပလည်းတောကြွပြီး သီတင်းသုံးရပုံ၊ အရှင်အနုရုဒ္ဓါတို့ သူငယ်ချင်းသုံးယောက် အတူနေသော်လည်း သုံးကိုယ် တစ်စိတ်၊ အချင်းချင်း နို့နဲ့ရေ ရောထားသကဲ့သို့ တစ်သားတည်း ဖြစ်နေပုံတို့ကို ခေါင်းထဲမှာ ပြန်ဝင်လာသည်။ အချစ်ကို ပြန်ပြောပြချင်သည်၊ သို့သော် အချစ်သည် ဘယ်သို့သော အကြောင်းမျှ အပြောအခံ ကက်ကက်လန်အောင် ရန်တွေ့တော့သည်။


အချစ်နဲ့ မောင်တို့ရဲ့ ဒေါသအငွေ့အသက်များသည် သား၊ သမီးများထံ ရိုက်ခက်သွားသည် ၊ သမီးကတော့ ငယ်သေးတော့ ဘာမှမသိရှာ၊ သားနဲ့ပြဿနာ စတော့သည်။ တခါတရံ သားကို ဆူဖြစ် ငေါက်ဖြစ်သည်၊ အနောက်နိုင်ငံမှာက မိမိသား၊သမီးများပင်ဖြစ်သော်လည်း ကလေးများကို ရိုက်ဆုံးမ၍မရ အတတ်နိုင်ဆုံး ပြောဆိုဆုံးမရသည်။ ကလေးအခွင့်အရေး အပြည့်ပေးထားသည်၊ သားကို ပြောဆို ဆုံးမရင်းနဲ့ သားနှင့်လည်း ပြဿနာ စတက်သည်။ အချစ်နဲ့ မောင်တို့ ပြဿနာဒေါသမီးက မိသားစုတစ်ခုလုံး လောင်မြိုက်တော့သည်။


တစ်နေ့သောအခါ “သား အိမ်စာတွေ မပြီးသေးလို့ မင်းဂိမ်း မဆော့ရလို့” ပြစ်ဒဏ်ပေးတော့ အိပ်ခန်းထဲမှ မထွက် ၊ သာက စိတ်ကောက်ပြသည်။ နောက်အပြစ်တစ်ခု ထပ်ကျူးလွန်လာပြန်သည် ၊ တာဝန်ပေးထားသော သုံးရက်တစ်ခါ ရေခဲသေတ္တာ သန့်ရှင်းရေးကို သားမလုပ်ပဲ ဆန္ဒပြလာသည်။ ဒေါသထွက်တာနဲ့ သားကို ဆုံးမဖြစ်သည်။ သားက. ဆုံးမတာ မနာခံ 911 ကိုဖုန်းခေါ်၍ ပြဿနာတွေ တော်တော်ရှင်းရသည်။


အနောက်နိုင်ငံတွေမှာက သား၊ သမီးတွေကို ကိုယ်ထိ လက်ရောက် ဆုံးမ၍ မရ သား၊သမီးများ မကျေနပ်လို့ 911 ခေါ်လိုက်လျှင် ရိုက်၍ဆုံးမသူ မိဘများသာ အမှားဖြစ်သည်။ မိမိလည်း ကိုယ့်သားကို ကောင်းအောင် လိမ္မာအောင် ဆုံးမခြင်းဖြစ်သည် ၊ သို့သော် မတတ်နိုင် ဒေါသအလျှောက် ကိုယ်ထိလက်ရောက် ဆုံးမမိခြင်းဖြစ်သည်။ သားနှင့်ပြဿနာ အကြီးအကျယ် ဖြစ်ပြီးနောက် သားလည်း အဖေကို စကားမပြောတော့၊ တွေ့ရင် မျက်နှာလွဲနေတော့သည်။ မောင် စိတ်မကောင်းပါ ၊ စိတ်ဆင်းရဲခြင်း ၊နောင်တရခြင်းမှတပါး အခြား အဖြေမရှိပါ၊ သားကလည်းလုံးဝ စိတ်နာသွားသည်ထင်သည်။


အလုပ်ပိတ်ရက် တနင်္ဂနွေနေ့ တစ်နေ့.. အချစ်က ထူးထူးရှားရှား စကားစ၍ပြောလာသည်။ “ရှင်... ရှင့်ကို တိုင်ပင် ဆွေးနွေးစရာရှိလို့” တဲ့ ၊ အိမ်း ..ဘာလဲပြောဆိုတော့.. “သားက ကျွန်မကို ပြောလာတယ် အိမ်မှာ ရှင်နဲ့အတူ မနေချင်တော့ဘူး” တဲ့။ ကြားကြားချင်းတော့ စိတ်ထဲမှာ တမျိုးခံစားရသည် ၊ မြန်မာပြည်လိုမျိုးဆို ၊ ပြောလိုက်ချင်သည်.. “ဒါဆို သူသွားချင်ရာ သွားပါစေလို့” ၊ သို့သော် .. နုတ်မထွက်ဖြစ်ခဲ့ပါ။


ကဲ.. အဲဒါဆို ဘယ်လို လုပ်ကြမလဲပြောတော့ “ရှင်.. သို့မဟုတ် ကျမ.. ဒီအိမ်ကနေ ထွက်သွားမှဖြစ်မယ်” တဲ့။ မောင်.. ခဏတဖြုတ်တော့ တွေဝေသွားသည်၊ နောက်တော့ အေလေ ခဏတစ်ဖြုတ်ပဲ ဖြစ်မှာပါ ၊ သား စိတ်ကောင်း ပြန်ဝင်လာရင် အားလုံး အဆင်ပြေသွားမှာပါလို့တွေးပြီး ဒါဆို မောင်ပဲ အိမ်က ဆင်းသွားပါမယ်၊ အချစ်တို့မိသားစု အိမ်မှာပဲ အေးအေးဆေးဆေး နေရစ်ပါလို့ ပြောတော့ အချစ်က ခေါင်းအေးအေးနဲ့ “ ဒါဆို မနက်ဖန်က စပြီး အိမ်ပေါ်ကဆင်းသွားမှဖြစ်မယ်” တဲ့။


မောင်.. စဉ်စားကြည့်သည် တကယ်ဆို .. အချစ် ဒီလိုမလုပ်သင့်.. နှစ်ဦးသဘောတူ စိတ်တူ ကိုယ်တူတည်ဆောက်ထားသော အချစ်အိမ်ကလေး မပြိုကွဲအောင် ထိမ်းထိမ်းသိမ်းသိမ်းလုပ်သင့်သည်။ သားက ငယ်သေးလို့ ဘာမှ မသိတတ်ရင်တောင် မိခင် တစ်ယောက်အနေနှင့် အမျိုးမျိုးဆုံးမသင့်သည်၊ အချစ်လည်း မြန်မာဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်အနေနှင့် သားကို နားဝင်အောင် မိဘကို မပြစ်မှားသင့်ကြောင်း အဖေဆိုတာ ကျေးဇူးရှင်ဖြစ်ကြောင်း ၊ သားကို လိမ္မာစေချင်လို့ ဆုံးမတာဖြစ်ကြောင်း ၊ ပြောဆို ဆုံးမသင့်သည်။ သို့သော် .. ဤသို့မဟုတ် မီးလောင်ရာ လေပင့် ဆိုသလို ပြဿနာ သေးသေးကို ကြီးကြီး ပညာသားပါပါ ဖန်တီးလိုက်သည်။


နောက်တနေ့နံက် အထုပ်ပိုက်ခါ စောင်ပိုက်ခါဖြင့် အိမ်ပေါ်မှ ဆင်းခဲ့ရသည်၊ အချစ်နဲ့တော့ တစ်ပတ်တစ်ခါ သမီးကို သွားတွေ့ရင်းနဲ့ တွေ့ဖြစ်သည်၊ ထွေထွေထူးထူး စကားသိပ်မပြောဖြစ်တော့၊ သားကတော့ လုံးဝ ထွက်မတွေ့တော့။ နောင်တော့ မိဘမေတ္တာ သားနာလည်းလာမှာပါဟုသာ မျှော်လင့်ခဲ့ရသည်။


မောင် .. အိပ်ပေါ်ကဆင်းခဲ့ရတော့ အချစ်ပြောပြဖူးတဲ့ မေတ္တာသုတ် နောက်ခံဇာတ်ကြောင်းကို ပြန်ပြောင်းသတိရမိသည်။ ရဟန်းတော်များ တောတဲမှာ တရားသွားအားထုတ်တော့ ရဟန်းတော်များရဲ့ သီလ၊ သမာဓိ တခိုးကြောင့် တောစောင့်နတ် တောင်စောင့်နတ်များ ကောင်းကောင်းမနေနိုင် ၊ ရဟန်းတော်များ ပြန်ပြေအောင် မကောင်းသော အနံ့များပေး၊ မကောင်းဆိုးဝါ ပြ၍ ခြောက်လှန့်ပြီး ရဟန်းတော်များ တောထဲမှာ မနေနိုင်အောင် လုပ်ခဲ့ပုံကို ပြန်ပြောင်း သတိရမိသည်။ သို့သော်လည်း ရဟန်းတော်များမှာ အားကိုးစရာ မြတ်စွာဘုရားရှိသည် မြတ်စွာဘုရားထံ အကူအညီ တောင်းတော့ မေတ္တသုတ်ပရိတော်ကို သင်ကြားပေးပြီး တောစောင့်နတ် တောင်စောင့်နတ်များ ပြန်လည် သင့်မြတ်ရေး လုပ်ပေးခဲ့သည်။


မောင်တို့ကော မည်သူ ပြန်ပေါင်းထုပ်လုပ်ပါမည်နည်း။


တို့နောက် သိပ်မကြားပါ။ အချစ်က တဆင့်တက်၍ .. နှစ်ဦး သဘောတူ ကွာရှင်း ပြတ်စဲကြောင်း စာချုပ်လက်မှတ် ထိုးပေးဖို့ပြောလာသည်။ အချစ်က ဒီစကား စပြောတုန်းက မောင် ယုံတောင် မယုံနိုင် အချစ်ကော မောင်ပါ စဉ်းစာပါဦးဟု တလကျော်ကျော် အချိန်ဆွဲထားခဲ့သည်။


အချစ်ပြောပြခဲ့သော ဓမ္မာစရိယ ဦးဋ္ဌေလှုင်ရဲ့ မေတ္တာဝါဒ စာအုပ်မှာပါတဲ့ တရားများကိုလည်း ထပ်ခါ ထပ်ခါကြားယောင်နေသည်၊

“စားသောက် နေထိုင်ရေး ကျန်းမာရေး ကိစ္စမျိုးကား အသိဥာဏ်ပညာရှိသူများ မဆိုထားဘိ ၊ အဟိတ်တိရစ္ဆာန် တို့ပင်လျှင် ကျန်းမာ မျှတ၍ တစ်ဝမ်း တစ်ခါးဝရုံကိုမူ အလွယ်တကူ ပြုနိုင်ကြပေသေး၏။

သို့ရာတွင် သတ္တဝါတို့သည် တစ်ယောက်တည်းကိုပင် (ကိုယ့်စိတ်နှင့်ကိုယ်) တည်အောင်မနေနိုင်ကြ၊ ဆန္ဒလည်း အမျိုမျိုးရှိကြသဖြင့် လူများလေ ကွဲပြားလေဖြစ်ရကာ လူလောက၊ နတ်လောက ၊ တိရစ္ဆာန်လောက တစ်လောကလုံး၌ပင် ခိုက်ရန် ငြင်းခုံရင်ပင် တစ်သက်တာ ကုန်နေကြရရှာ၏။ဒီစကားကို မောင်ထပ်ခါ ထပ်ခါကြားယောင်နေသည်။


မောင်တယောက်တည်း ဦးဆောင် ရှာဖွေလုပ်ကိုင်းစဉ်က ဘာမှ ပြဿနာမဖြစ်ခဲ့ ၊ မောင်တထမ်း၊ မယ်တရွက် နိုင်ရာတာဝန်ထမ်းခါမှ မိသားစု ပြိုကွဲရမလိုဖြစ်နေပြီ ။ အချစ်အိမ်ကလေး ပြိုကွဲမလိုဖြစ်နေပြီ။ မောင်.. ဘာဆို ဘာမှမစဉ်စားတတ် ၊ မိတ်ဆွေတွေမှ တဆင့် ပြန်လည်သင့်မြတ်ရေး မောင်ကြိုးစားကြည့်ပါသည်။ အချစ် စိတ်များပြောင်းမလားလို့ အချစ်ကတော့ နဲနဲလေးမှ စိတ်မပြောင်းပါ ၊ နှစ်ဦးသဘောတူ ကွာရှင်ရန် ရှေနေတောင် ငှားထားပြီးဖြစ်နေသည်၊ မောင် ဘာမှ မတတ်နိုင် အချစ်သဘောအတိုင် လက်မှတ်ထိုးပေးလိုက်ရသည်။ အဲဒီနောက် ပိုင်ဆိုင်မှု ခွဲဝေရေးကိစ္စများ စသည်ဖြင့် အလုပ်တွေ ရှုတ်ချက်ခတ်သွားပါသည်။ မောင်ကတော့ ဘာဆိုဘာမှ မပြောတော့ အချစ်စိတ်တိုင်းကျ ဆောင်ရွက်စေခဲ့သည်။


တိတ်ဆိတ်သော စနေနေ့ နံက်ခင်း မောင် တယောက်တည်း စဉ်းစားလိုက်တာ ဘယ်တွေတောင် ရောက်သွားမှန်းမသိ အချစ်ရဲ့ ပဟေဠိများ…နောက်ဆုံး အဖြေတခု စိတ်ထဲမှ Hip Pop အဆိုတော် ဘာဘူရဲ့ သီချင်း တစ်ပုဒ်ကို အော်ဆိုလိုက်မိသည်။

အချစ်..

အချစ်ဆိုတာ..

အချစ်ဆိုတာ ဆားလိုပဲ..

သူမရှိတဲ့အခါ ပေါ့နေတာ။


အချစ်ဆိုတာ ဆားလိုပဲ..

များများထည့်ရင် ငန်တယ်ဗျာ။


အချစ်ဆိုတာ ဆားလိုပဲ..

အများကြီးစားရင် သွေးတိုးတာ။


အချစ်ဆိုတာ ဆားလိုပဲ..

ဒါက ကျွန်တော့်ရဲ့ တကယ့်အဖြစ်ပါ။


အချစ်ဆိုတာ..

ကျေနပ်ရင် တီတီတာတာ။

အချစ်ဆိုတာ..

မကျေနပ်ရင် အော်တာ..အော်တာ..။

နောက်ဆုံးတော့ ကွဲကြ ပြဲကြ

ဒါကတော့ ကျွန်တော့်ရဲ့ တကယ့် အဖြစ်အပျက်ပါ။


အင်း..ဟု သက်ပြင်းများဖြင့် စဉ်းစားနေတာကတော့ .....အဖြေမသိသေးသော အချစ်ရဲ့ ပဟေဠိမျာသာ..။

No comments:

Followers

My Blog List