Friday, August 8, 2014

ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့


ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံကတော့ ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့ မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို ယူဆောင်
၍ တောအုပ်တစ်ခုတွင် ၀ါဆိုဝါကပ်တော်မူကြပါတယ်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့်နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့် တရားကိုဖြောင့်
အောင် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်တွေခြောက်ခြားပြီး ၀ါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ
သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ ပြန်သွားကြပါတယ်။

         မြတ်စွာဘုရားက မေတ္တာလက်နက်ကို ယူဆောင်ပြီး တောအုပ်သို့ ပြန်သွားကြရန် တိုက်
တွန်းပြီး မေတ္တာသုတ်ဒေသနာကို ဟောကြားပေးလိုက်ပါတယ်။ ရဟန်းတော်တို့၏ မေတ္တာဓာတ်
ကြောင့် နတ်များက ချစ်လာကြပြီး အေးချမ်းစွာ နေတော်မူကြရပါတယ်။
         ရဟန်းတော်ငါးရာတို့ဟာ ထိုတောအုပ်မှာပင် ၀ါခေါင်လအတွင်း ဒုတိယ၀ါ ကပ်တော်မူကြပြီး မေတ္တာတရားကို ပွားများ၍ ၀ိပဿနာတရားကို ဆက်လက်အားထုတ်ကြရာ ၀ါမကျွတ်မီ
အားလုံး ရဟန္တာ ဖြစ်တော်မူကြပါတယ်။ ဘုရားရှင်က (၁) ရဟန်းတော်ငါးရာကို အကြောင်းပြု၍မေတ္တာသုတ်ကို ၀ါတွင်းကာလ၌ ဟောတော်မူပါတယ်။ (၂) ရဟန်းတော်ငါးရာတို့ တောအုပ်သို့
ပြန်၍ ၀ါခေါင်လ၌ ပစ္ဆမ၀ါကပ်တော်မူပါတယ်။ ဒီအကြောင်းများကိုထောက်၍ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာရပါတယ်။

မေတ္တာဘာဝနာအကြောင်း သိကောင်းစရာများ
*********************************************
မေတ္တာဘာဝနာသည် မိမိကိုလည်း ချမ်းသာစေသည်။ သူတစ်ပါးကိုလည်း ချမ်းသာစေသည်။ မိမိကိုလည်း ဘေးကင်းစေသည်။ သူတစ်ပါးကိုလည်း ဘေးကင်းစေသည်။
မေတ္တာ၏ လက္ခဏာသည် သက်ရှိသတ္တ၀ါမှန်သမျှတို့၏ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းဖြစ်၏။ မိဘအပေါ် သားသမီးအပေါ်တွင်သာ မဟုတ်ဘဲ သက်ရှိ သတ္တ၀ါအားလုံးတို့၏ အကျိုးစီးပွားကို ကျင့်ဆောင်မှသာလျှင် မေတ္တာဘာဝနာအစ်ဟု ခေါ်ဆိုနိုင်၏။
မေတ္တာ၏ ပြုလုပ်တတ်သည့် ကိစ္စသည် အာဃာတကို ပယ်ဖျောက်ပေးခြင်းဖြစ်၏။
မေတ္တာ၏ ထင်ရှားသော အခြင်းအရာသည် စိတ်ထဲတွင် အမြဲတမ်းအေးမြ ငြိမ်းချမ်းနေခြင်းဖြစ်၏။
မေတ္တာဖြစ်ခြင်း၏ အနီးဆုံးအကြောင်းသည် သတ္တ၀ါတို့၏ ကောင်းကွက်ကို ရှာကြံ ကြည့်ရှုတတ်ခြင်းဖြစ်၏။

မေတ္တာပွားနည်းများ
မေတ္တာဘာဝနာ ပွားများအားထုတ်လိုသူတို့သည် မိမိကိုယ်၌ သက်သေပြုခြင်းငှာ မိမိကိုယ်ကို ရှေးဦးစွာ ပွားများအားထုတ်ရသည်။ ကိုယ်ချင်းစာသကဲ့သို့ဖြစ်သည်။
၁။ ငါသည် ရန်ကင်းလို၏။ ရန်ကင်းပါစေ။
၂။ စိုးရိမ်ခြင်း ကင်းလို၏၊ စိုးရိမ်ခြင်း ကင်းပါစေ။
၃။ ဆင်းရဲခြင်း ကင်းလို၏။ ဆင်းရဲခြင်း ကင်းပါစေ။
၎။ မိမိကိုယ်ကို ချမ်းသာအောင် ရွက်ဆောင်လို၏။ ချမ်းသာအောင် ရွက်ဆောင်နိုင်ပါစေ- ဟုပွားပြီးလျှင် ပိယ-ကြည်ညိုဖွယ် ဂုဏ်ထူးရှိသောဆရာ၊ ဆရာအရွယ် ပုဂ္ဂိုလ်မြတ်ကို သီလ စသော ဂုဏ်ကို ဆင်ခြင်၍ အဖန်ဖန်ပွားရသည်။

သီမသမ္ဘေဒ
သီမသမ္ဘေဒ ဖြစ်အောင် ပြုလိုသေးမူကား ရှေးဦးစွာ ပိယ= ချစ်သော ပုဂ္ဂိုလ်၌ မေတ္တာလိုတိုင်း ရအောင်ပွားရသည်။ ထိုနောက် မဇ္ဈတ္တ= အလယ်အလတ် ပုဂ္ဂိုလ်၌၊ ထိုနောက် ဝေရီ=ရန်သူ ပုဂ္ဂိုလ်၌ မေတ္တာလိုတိုင်း ရအောင် ပွားရသည်။

ဩဓိမေတ္တာ အနောဓိ မေတ္တာ
ယင်းသို့ မေတ္တာဘာဝနာ ပွါးများအားထုတ်ရာတွင် ပုဂ္ဂိုလ် တဦးတည်းကို ဖြစ်စေ၊ ပုဂ္ဂိုလ်တစုကို ဖြစ်စေ ပိုင်းခြား ကန့်သတ်၍ ပွါးများလျှင် ဩဓိမေတ္တာ ဖြစ်၏။ မည်သည့် ပုဂ္ဂိုလ်ဟု မပိုင်းခြား မကန့်သတ်ပဲ တလောကလုံးရှိ သတ္တဝါ အားလုံးကို အာရုံပြု၍ ပွါးများလျှင် အနောဓိမေတ္တာ ဖြစ်၏။

ထို့အပြင် အရပ်(၁၀)မျက်နှက်နှာ ဒိသာဖရဏ မေတ္တာပွားနည်း၊ မေတ္တသုတ်တော်လာ မေတ္တာပွားနည်း (၁၁)နည်းများကိုလဲ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး ရေးစပ်တော်မူသည့်အတိုင်း မြန်မာလို မေတ္တာပို့ ကဗျာများဖြင့်လဲ မေတ္တာပို့ကာ ပွားများအားထုတ်နိုင်သည်။

မေတ္တာဘာဝနာ ပွားကျိုး (၁၁) မျိုး
မေတ္တာပွါးသူသည်-
၁) ချမ်းချမ်းသာသာ အိပ်ရခြင်း၊
၂) ချမ်းချမ်းသာသာ နိုးရခြင်း၊
၃) အိပ်မက်ကောင်းကိုသာ မြင်မက်ခြင်း၊
၎) လူအများ ချစ်ခင်ခြင်း၊
၅) နတ်တို့ ချစ်ခင်ခြင်း၊
၆) နတ်တို့ စောင့်ရှောက်ခြင်း၊
၇ လက်နက်၊ အဆိပ်၊ မီး စသည်တို့ကြောင့် မသေခြင်း၊
၈) လျင်မြန်စွာ သမာဓိရခြင်း၊
၉) ရွှင်ကြည်လန်းဆန်းသော မျက်နှာရှိခြင်း၊
၁၀) မတွေမဝေ သတိရှိလျက် သေရခြင်း၊
၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရောက်ရခြင်း။

အိပ်လဲချမ်းသာ၊ နိုးချမ်းသာ၊ ကောင်းရာ အိပ်မက်သည်။
လူရော နတ်ပါ၊ ချစ်ခင်တာ၊ စောင့်ရာ နတ်တို့သည်။
လက်နက် ဆိပ်မီး၊ မဖျက်ဆီး၊ အပြီး စိတ်တည်ကြည်။
မျက်နှာကြည်လေ၊ မတွေဝေ၊ အသေ ကောင်းလှသည်။
ဗြဟ္မာ့ဘုံလား၊ ဆယ့်တပါး၊ ကျိုးများ မေတ္တာရည်။
( အင်္ဂုတ္တရ၊ ဧကာဒသက၊ ၅၄၁ )

မေတ္တာအာနိသင် သာဓကဇာတ်တော်များ
သီလဝမင်းကြီး ဇာတ်တော်၌ အမတ်ယုတ်မာသည် မိဖုရားကို ပြစ်မှား၏။ မင်းကြီး၏ တိုင်းပြည် စည်းစိမ်းကို မင်းတစ်ပါးလက်သို့ ရောက်အောင်ပြု၏။ မင်းကြီးသည် အမတ်တစ်ထောင်နှင့်တကွ သုဿန်၌ လည်ပင်းအထိ အရှင်လတ်လတ် အမြှုပ်ခံရသည့်တိုင်အောင် အမျက်မထွက်။ တောခွေးတို့ မြေယက်၍ဖော်ခြင်း၊ ဘီလူးတို့ ပြန်ပို့ခြင်းဖြင့် စည်းစိမ်ပြန်ရ၏။ ရန်သူမင်းလည်း မိတ်ဆွေမင်းအရာ၌တည်၏။
ခန္တီဝါဒီရသေ့ ဇာတ်တော်၌ ကလောဗုမင်းသည် ဆူးရှိသော ကြိမ်ဖြင့်ရိုက်ခြင်း၊ နား, နှာ, လက်, ခြေ ဖြတ်ခြင်း စသည်ပြုသော်လည်း ဟဒယဝတ္ထု၌ တည်သော ခန္တီကို မထိခိုက်အောင် အမျက်ထိန်း၏။ နှလုံးရည် စွမ်းလှ၏။
စူဠဓမ္မဇာတ်တော်၌ ပက်လက်အရွယ်မင်းသားငယ်ကို ခမည်းတော် မဟာပတာပမင်းသည် ခြေလက်လေးဘက်မျှစ်ကဲ့သို့ခုတ်ဖြတ်၍ အာဏာသားတို့ကို ခေါင်းဦးဖြတ်ခိုင်း၏။ ဦးခေါင်းဖြတ်သူ အာဏာသား၊ စေခိုင်းသူ ခမည်းတော်၊ ငိုကြွေးသူ မယ်တော်၊ ဒုက္ခသည်မိမိ ဤ လေးယောက်၌ စိတ်ညီမျှအောင် ခိုင်မြဲစွာ ဆောက်တည်သည်။ ဒေါသအခြင်းအရာ မပြု။
ဆဒ္ဒန်ဆင်မင်း ဇာတ်တော်၌ မြှားဖြင့် ချက်မှပစ်ဖောက်သော မုဆိုးကြီးကိုသော်လည်း အမျက်မယူ အစွယ်ဖြတ်လှူသေးသည်။
မဟာကပိဇာတ်တော်၌ ချောက်မှလူကို ကယ်ဆယ်၍ ပင်ပန်းစွာအိပ်နေခိုက် ကျောက်ခဲဖြင့် ထိုသူက ထုသော်လည်း အမျက်မဖို့၊ ဘေးကင်းရာသို့ အရောက်ပို့သေး၏။
ဘူရိဒတ် နဂါးမင်း၊ စမ္ပေယျနဂါးမင်း၊ သင်္ခါပါလနဂါးမင်း၊ မတုပေါသထ ဆင်မင်းဇာတ်တော်တို့၌လည်း အမျက်မထား မေတ္တာပွားကာ ကျင့်ကြံအားထုတ်ခဲ့သော သာဓကများ များစွာရှိခဲ့ပါသည်။

ဤသို့ဖြင့် မေတ္တာအကြောင်း ကောင်းကောင်းသိရှိနားလည်ကြကာ မေတ္တာဘာဝနာကို ကျိုးစား၍ ပွားများအားထုတ်နိုင်ကြပါစေ။ ကမ္ဘာသူကမ္ဘာသား သတ္တ၀ါအာလုံး ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာ ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

No comments:

Followers

My Blog List