ဘိုကျော်.. ဘိုကျော်..၊
ဟိုမှာ ..မယုတို့ သူငယ်ချင်း ငါးယောက် လာနေပြီ ငါတို့ ရေဝိုင်းလောင်းကြရအောင်
ဟဲ့.. ကိုထွေး ကိုထွေး
တို့ကို ရေး မလောင်းနဲ့၊ တို့အားလုံး ယောဂီရောင် ဝတ်ထားနော်။ သိတယ် မဟုတ်လား၊
ဘုန်းကြီးကျောင်းကို ရေသွားလှူမလို့ ၊
ယောဂီကို ရေမလောင်းကောင်းဘူးဆိုတာ သိတယ်နော် ဟဲ..ဟဲ။
မယုရဲ့ ရယ်သံကို ကြားရင်း ကယောင်ကတန်း အိပ်ရာက နိုးထလာသည်။
အင်း…!!!
သင်္ကြန်ပိုးက နိုင်ငံခြား ရောက်တာတောင် မသေသေးပါလို့ နံက်လင်းအားကြီး အိပ်ရာမှ ထ ထိုင်ရင်း ၊ နဘေးက အိမ်ရှင်မကို ကြည့်လိုက်တော့ ၊ ကလေးတွေ ကျောင်းသွားဖို့အတွက် မီးဖိုထဲမှာ ပြင်ဆင်နေ တာတွေ့လိုက်ရသည်။
ခပ်ငယ်ငယ် လူပျိုပေါက်စအရွယ်က ၊ ရွာသင်္ကြန်ပွဲကို အိပ်မက်ထဲမှာ ပြန်လည်မြင်ယောင်မိခြင်းပင်။
လူပျိုပေါက်စအရွယ်က …၊ သင်္ကြန် အကျ ၊ အကြတ်(၂) ရက်တွေမှာတော့ ရေကုန်း ၊ရေခန်း ရွာသူ ၊ရွားသားတွေ ရေဆော့ ကစားကြသည်။ အတက်နေ့မှာတော့ လူကြီးပိုင်းနဲ့ ဥပုသ်သီလစောင့်ရ အောင် ယောဂီရောင် ဝတ်စုံဝတ်လို့ ဘုန်းကြီးကျောင်းကို သွားတတ်ကြသည်။
များသောအားဖြင့် မိန်းကလေးများ အဖွားများနှင့် အတူလိုက်ကာ ဘုန်းကြီးကျောင်းကို သွားတတ်ကြသည်။
တချို့ ကလေးမများ ယောဂီရောင် လုံချည်ဝတ်တယ် ဆိုပေမယ့် တကယ့် ဥပုသ်သည်ကြီးတော့ မထင်လိုက်ပါနဲ့နော် ၊နေလွဲညစာ စားတဲ့ ၊ ဥပုသ်သည်တွေပါ။
အဲဒီတုန်းက ကျနော်က (၅) တန်း ဘုန်းကြီးကျောင်းသား ၊ ကျောင်းအိပ်ကျောင်းစား၊ မယုက (၄) တန်းကျောင်းသူ၊ ကျနော့်အမြင်မှာတော့ ရွာမှာ အလှဆုံးမိန်းကလေး၊ လိမ္မာရေးခြားရှိသည်၊ သွက်သွက် လက်လက်ရှိသည်၊
ကျနော် အလယ်တန်းကျောင်းသားဆိုပေမယ့် ၊ ကျောင်းသွား ကျောင်းပြန် မယုနဲ့အမြန်တန်းဆုံဖြစ်သည်၊ ဆုံဖြစ်အောင်လည်း တခါတစ်လေ မယုကျောင်းပြန်လမ်းကို စောင့်ကြည့်ဖြစ်သည်။
မှတ်မှတ်ရရ ၊ (၄) တန်းစာမေးပွဲဖြေခါနီး ၊ ကျောင်းဆရာက ၊ လေးတန်းကျောင်းသားတွေ အားလုံး ညတိုင်း ဘုန်းကြီးကျောင်းမှာ စာခေါ်သင်တော့ မယု မသိအောင် ၊ ကျောင်းအောက်မှ ရည်စားစာ ပစ်ပေးခဲ့ဖူးသည်။
ယခုထက်တိုင် .. ဒီရည်စားစာ ဘယ်သူပေးသလဲဆိုတာ ၊
မယုတစ်ယောက် သိသေးမည်မဟုတ်။
ကလေးဘဝက ရွာမှာ သကြန်ကျပြီးဆို… ရွှေဝါရောင် ပိတောက်ပန်းများ ရွာရိုးတစ်လျှောက် ပွင့်ကြသည်။ တစ်တခါတလေး မိုးဖွဲဖွဲကျတတ်လို့ ၊ မိုးရနံ့နဲ့ ၊ပိတောက်ပန်း ရနံ့ဟာ သင်္ကြန်ရဲ့ ဝိသေသလက္ခာတစ်ခုဖြစ်သည်။
လူလတ်ပိုင်းများက အိုးစည် ၊ ဗုံများနဲ့ ၊ ကျေးရွာဓလေ့ သံချပ်ထိုးတပ်ကြသည်။ မန်းတောင်ရိပ်ခို၊ မြနန္ဒာ စတဲ့ သင်္ကြန်းသိချင်းများ အထူးကျက်စရာမလိုပဲ ၊ ရွာသင်္ကြန်ရောက်တိုင်း ကြားနေကြမို့ ကလေးကတည်းက အလွတ်ရနေသည်။
သက်ကြီးရွယအို အဘိုး၊အဖွားများက သင်္ကြန်အခါကြီးရက်တွင် ဘုန်းတော်ကြီးကျောင်းသွာ ဥပုသ်သီလ သွားစောင့်ကြသည်၊ အဘိုးများကတော့ သင်္ကြန်ရက် တစ်ပတ်လုံး အိပ်မပြန်ကြပဲ ၊ ဘုန်းကြီးကျောင်းမှာပဲ ကျောင်းအိပ်ပြီး ဘုရားစာအုပ်များဖြစ်သော ဇာတ်တော်ကြီး (၁၀) ဘွဲ့၊ ၅၅၀ ဇာတ်နိပါတ်တော်များကို ၊ အသံကောင်းကောင်း ၊ အသံကျယ်ကျယ် အဖိုးတစ်ယောက်က
ဖတ်ပြကာ ကျန်တဲ့ အဘိုးများက ၊ နားစိုက်ထောင်ကြသည်။
ရွာက အရက်သမားများကလည်း ၊ သင်္ကြန်းရက်ဆို ၊ သောက်ခါ ၊စားကာ လွတ်လွတ်လပ်လပ်ပျော်တတ်ကြသည်။ သို့သော်လည်း နောက်ဆုံး နှစ်ဆန်း တစ်ရက်မှာတော့ ရွာသူ/ရွာသား အားလုံး ရှစ်ပါးသီလဆောက်တည်လို့ ရွာလည်ခေါင်မှာ တစ်ရွာလုံး ၊ အန္တရာယ်ကင်း ပရိတ်တရား နာတတ်ကြသည်။
အိပ်ရာမှ ထထိုင်လိုက်ပြီး အပြင်လောကကို ပြူတင်းပေါက်မှ လှမ်းကြည့်မိလိုက်သည်။
ခုလို သင်္ကြန်ချိန်ခါတွင် ကနေဒါမှာ ၊ သင်္ကြန် ပိတောက်ပန်းကိုယ်စား၊ ချယ်ရီပန်းများ ပင်လုံးကျွတ် ပွင့်နေသည်။
ချယ်ရီပန်းက ၊ ပန်တောတ်ပန်းလို ရွှေရောင်မတောက်ပေမယ့်၊ ခရမ်းရောင်ဖျော့ဖျော့ ၊ မန်မာန ကင်းတဲ့ ပန်းပမာ၊ မြင်ရသူတိုင်းကို စိတ်ရွှင်လန်းစေသည်။ ချယ်ရီပင်အောက်ကို ဖြတ်သွားသူတိုင်း ၊ မော်ကြည့် လောက်အောင် ၊ နှစ်သက်စရာကောင်းသော ရနံ့ကိုပေးတတ်သည်။
ချယ်ရီပန်းနှင့်ပိတောက်ပန်းအကြောင်း ရွာက အတာသင်္ကြန်အကြောင်းကို တွေးနေရင်းက..
လာ…အစ်ကို… breakfast ကော်ဖီသောက်ရအောင်လို့ အိပ်ရှင်မ လှမ်းခေါ်သံကြားမှ ၊ သကြန်းအတွေးများ ပျက်သွားခဲ့သည်။
ကော်ဖီကို တစ်ကျိုက် ၊နှစ်ကျိုက်သာက်ရင်း.. အိမ်ရှင်မက
စကားဆိုလာသည်။
အစ်ကို မနေ့က ၊ သင်္ကြန်သီချင်းတိုက်သွားတယ်မဟုတ်လား ၊ဒီနှစ်သင်္ကြန်မှာ ဘာသီချင်းဆိုမှာလဲ
ညီမကလဲ .. ၊ သင်္ကြန်ဆိုမှ တူပို၊တူပိုပေါ့ကွာလို့ အလွယ်တကူပြောလိုက်လိုက်သည်။
တကယ်တော့ ၊ ကျနော်တစ်ယောက် ဒီနှစ်မှာ သင်္ကြန်ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ယောက် အဖြစ်သာ ၊ ဘာသီချင်းမှ မဆိုဖြစ်ပါ၊ တက်လူတွေ မျိုးဆက်သစ်တွေကို ဦးစားပေးလို့ ၊ ကျနော်က အခမ်းအနား အစ/အဆုံး အထွေထွေ ခုံသိမ်း ၊အမှိုက်သိမ်းကို တာဝန်ယူထားခြင်းဖြစ်သည်။
အိမ်ရှင်မက.. ၊ တူပို တူပိုလို့ ကျနော် ဖြီးလိုက်တော့ ၊အဟုတ်မှတ်လို့ .. အစ်ကို သီချင်း ဘယ်သူကမှာလဲတဲ့။
သူ မနာလိုဖြစ်ကာ မေးခြင်းဖြစ်သည်။ ကျနောက်ဆက်ဖြီလိုက်သည်၊ မင်းသိချင်ရင် …၊ အဲဒီနေကြတော့ သိရမှာပေါ့ဟုဆိုတော့ ၊ သူ မကြိုက်ဟန် မျက်စောင်းတစ်ချက်ထိုးပြီး ၊ သောက်လက်စ ကော်ဖီးကို မော့ချကာ ထိုင်းရာမှ ထကာ ၊ကလေးများအတွက် ကျောင်းအတွက် ပြင်ဖို့ သွားလိုက်သည်။
သမီးတစ်ယောက် ၊ ကျောင်းသွားဖို့ ပြင်ဆင်ကာ အခန်းထဲမှာ ထွက်လာမှ ..၊ ကလေးဘဝမှ ယောဂီရောင် ဝတ်စုံနဲ့ ၊ ဘုန်းကြီးကျောင်းကို ရေသွားလှူတဲ့ ငယ်သူငယ်ချင်း မယုကို မျက်လုံးထဲမှာ ပြန်မြင်ယောင်မိသည်။
ညီမ ..၊
တို့မိသားစု ဒီနှစ်သင်္ကြန်ဘာလုပ်ရင်ကောင်းမလဲ၊
အစ်ကိုက ဘာအစီအစဉ်တွေရှိလို့လဲ၊
ငါ့သမီးလေးအတွက် ယောဂီရောင်ဝတ်စုံချုပ်ပေးပြီး ၊ မိသားတစ်စုလုံး ယောဂီဝတ်ကာ နှစ်ဆန်းတစ်ရက်နေ့မှာ ၊ ဘုန်းကြီးကျောင်းသွား ဥပုသ်စောင့်ရင်ကောင်းမလားလို့၊
အစ်ကိုကလည်း ဒီနှစ်မှ ထူးထူးခြားခြား ဥပုသ်တွေတောင် စောင့်မယ်ဆိုပါ့လား။
အေးပေါ့ဟာ၊ တို့တတွေ အရွယ်ရကုန်ပြီမဟုတ်လား။
ကျနော့်အတွေးများက ဆက်ကာ ..ကလေးဘဝက နှစ်သက်ခဲ့ဖူး ရေလောင်းဖို့ ကြိုးစားခဲ့ဖူးတဲ့
ယောဂီကို သတိရရင်း သမီးလေးကိုလည်း သင်္ကြန်းတွင်းမှာ ယောဂီဝတ်ပေးရင်
ကောင်းမလားဟု အတွေးများဝင်လာခြင်းပင်။
ပြည်ပရောက်နေတဲ့ ကျနော့်အတွေးများ ခုလိုသင်္ကြန်အတွင်းမှာ ရွားက သင်္ကြန်ပွဲနဲ့ ၊သူကိုတော့ အမြဲသတိရလျှက်ပါ၊
သို့သော်လည်း ရွာက သင်္ကြန်းနဲ့ သူကတော့ ခုထက်တိုင် သိမည်မဟုတ်သေးပါ၊
ခုအချိန်မှာတော့ သိစရာလည်း မလိုတော့..?
No comments:
Post a Comment