ကွမ်ယင်ဆိုတာ ယောက်ျားလား ၊ မိန်းမလား?
ကွမ်ယင်မယ်တော် ဘယ်ကစ..?
စိတ်ဝင်စားဖွယ်။ ။ကွမ်ယင်မယ်တော် ရုပ်ထု ပူဇော်မူသည် ပုဂံခေတ် အရည်ကြီးများ ခေတ်စားခင်ကတည်းက မြန်မာပြည်ကို ရောက်ဖူးသည်ဟုဆိုသည် ၊ အနော်ရထာနှင့် အရှင်အရဟံတို့ ကျေးဇူးကြောင့် အရည်းကြီးများနဲ့ ပျောက်ကွယ်သွားခဲ့သည်။ တချို့ပညာရှင်များက ယခု တရုတ်များ ကိုးကွယ်သော ကွမ်ယင် မယ်တော်ရုပ်ထု အဝတ်အစားများသည် ပုဂံခေတ်က အဝတ်အစားနှင့်တော်တော်ဆင်တူသည်ဟု သုံးသပ်ကြသည်။ ပုဂံအချို့ ဘုရားများတွင် အဝလောကိတေဿရခေါ် တရုတ်လို ကွမ်ယင်ပုံများတွေ့ရတတ်သည်။
တကြော့ပြန် မြန်မာပြည် ကွမ်ယင် ကိုးကွယ်မှု..
တရုတ်ယဉ်ကျေးမှု၏ ကွမ်ယင်မယ်တော် ပူဇော်မူသည် ယနေ့ခေတ် မြန်မာနိုင်ငံ ထေရဝါဒဘုရား ကျောင်းများတွင်သာမက ၊ နတ်ကနားပေးပွဲ များတွင်ပါ ထဲထဲဝင်ဝင်ရှိလာသည်ကို လေ့လာတွေ့ရှိရပါတယ်။ မြန်မာလူမျိုးများသည် အကျိုးရှိတယ်ဟုမိန့်ကြားလိုက်ရုံနှင့် မစဉ်းစားတော့ပဲ ကိုးကွယ်ရာ စာရင်းတွင် ပစ်သွင်းလိုက်တတ်ကြပါတယ်။ ကွမ်ယင်မယ်တော်ဆိုသည်မှာ မဟာယာနဗုဒ္ဓဘာသာအနွယ် တန္တရ၊ မန္တရဂိုဏ်တွေရဲ့ ကိုးကွယ်ရာ ဗောဓိသတ္တ အဝလောကိတေဿရကို မိန်းမအသွင် ဆောင်ထားခြင်းဖြစ်ပါတယ်။
အဝလောကိတေဿရအကြောင်းနှင့်မဟာယန ကိုးကွယ်မူသမိုင်းကို အနည်ငယ်လေ့လာကြည့်သော်..။
ညီညွတ်ခြင်းကွဲပြားရကစ၍.. ကိုးကွယ်မှုများ ရှုပ်ထွေးလာ..
မြတ်စွာဘုရာ ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်း ၃၀၀ လောက်တွင် စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ အတိအကျ ဆိုရသော် တတိယသင်္ဂါယနာ မတိုင်ခင် အိန္ဒိယဘုရင် အသောကမင်း လက်ထက်က သံဃာ့ ဂိုဏ်ပေါင်းစုံ ကြား ကွဲလွဲမှုများက စခဲ့သည်ဟု ဆိုနိုင်ပါတယ်။
ပထမသင်္ဂါယနာနောက်ပိုင်တွင် ဝေသာလီပြည်သာ ရဟန်းတချို့က
၁။ သေရည် အနုစားမျိုး ယခုခေတ်ခေါ် ပင်ကျ ထန်းရည် ၊ ဘီယာမျိုးကို သောက်ခွင့်ရှိရမယ်။
၂။ ရွှေ၊ငွေ အသပြာ ရတနာများကို ကိုင်ဆောင် သုံးစွဲခွင့်ရှိရမယ်။
၃။ နေမွန်းတည့်ပြီးနောက် အရိပ်လက်နှစ်သစ်ထွက်သည်အထိ ဆွမ်းစားခွင့်ရှိရမယ်။
၎။ ကိုယ့်ဆရာပြောဆိုတာကို ဘုရားဟောနဲ့ ညီညီ မညီညီ လုပ်ကောင်းတယ် စတဲ့ ဝိနည်းသိက္ခာပုဒ် ဆယ်ချက်ကို ပြဋ္ဌာန်းကျင့်သုံးလာကြတယ်။
ဒီလိုဝိနည်းပျက် ရဟန်းတွေရဲ့ မှားယွင်းတဲ့ လုပ်ချက်တွေကြောင့် သီလ၊သမာဓိရှိတဲ့ ရဟန်းကောင်းတွေက မြတ်စွာဘုရားရဲ့ တရားတော်တွေကို ပထမသင်္ဂါယနာမူအတိုင်း ဆက်လက်ထိမ်သိမ်းဖို့ ညှိနှိုင်းပြီး ဒုတိယ သင်္ဂါယနာကို တင်ခဲ့ကြတယ်။ ဒါကမကြေနပ်တဲ့ အကျင့်ပျက် ရဟန်းတချို့က အုပ်စုဖွဲ့ကာ “မဟာသံဃိက” ဂိုဏ်တည်ထောင်ကာ စင်ပြိုင်သံဂါယနာတင်ခဲ့ကြပါတယ်။
အေဒီ ၆၂၉ မဇ္ဈိမဒေသရောက် တရုတ်ရဟန်းတော် ဟူဆင်ယင် ( Hiuentsang) ရဲ့မှတ်တမ်းအရ ဆိုရင် ပထမ သံဃာယနာကတည်းက သံဃာဂိုဏ်ကွဲကြသည်ဟု ဆိုပါတယ်။
အဲဒီနောက် ထေရဝါဒသံဃာတော်တွေမှာလည်း မဟိသာက၊ ဝိဇ္ဖိပုတ္တက၊ သဗ္ဗတ္တိကဝါဒ စတဲ့ ဂိုဏ်ပေါင်း (၁၁) ဂိုဏ်ကွဲထွက်သွားခဲ့တယ်။ မဟာသံဃိကဖက်မှလည်း ခြောက်ဂိုဏ်ကွဲသွားရာ သံဃာ့ဂိုဏ်ကြီး (၁၈) ဂိုဏ် ဖြစ်သွားပါတယ်။
အဲဒီတုန်းက အိန္ဒိယမှာ မြတ်စွာဘုရား သားတော်ရဟန်းများရဲ့ ရွှေခေတ်လို့ ဆိုရမှာပေါ့ ၊ ရဟန်းတော်မျာ လာဘ်လာဘ ပေါများလာတာနဲအမျှ သာသနာပ ဗြဟ္မဏပုဏ္ဏားတွေ၊ ဂျိမ်းရဟန်းတွေမှာ အခြံအရံ လာဘ်လာဘ ရှားပါးလာပါတယ်။ အန္ဓတိုင်းမှာ ရှိတဲ့ ဘာသာခြားများက ၊ အခြံအရံလာဘ်လာဘများ ပြောအောင် ဗုဒ္ဓဘာသာကို မယုံကြည်သော်လည်း သင်္ကန်းဝတ်ကာ သူတို့ရဲ့ မူလအယူဝါးများနဲ့ ရောနှောကာ အန္ဓကဂိုဏ်တည်ထောင်လာကြပြန်တယ်။
ဒီလိုနဲ့ အန္ဓကကိုးဂိုဏ်မှာ ပါဝင်တဲ့ ဝေတုလ္လဝါဒဟာ ခေတ်အဆက်ဆက် ထေရဝါဒထဲကို စိမ့်ဝင်လာခဲ့တယ်။ ထေရဝါဒရဲ့ နောက်ဆုံးခံတပ်ဖြစ်တဲ့ သီရိလင်္ကာမှာတောင် အဲဒီဂိုဏ်ရဲ့ အဆက်အနွယ်သံဃမိတ္တရဲ့ ထိုးနက် ချက်ကြောင့် သာသနာသက္ကရာဇ်ကိုးရာစုမှာ ထေရဝါဒရဟန်းတွေ အကြီးအကျယ် ဒုက္ခရောက်ဖူးတယ်။
အဲဒီဝေတုလ္လပိဋကတ်အလိုအရ မြတ်စွာဘုရားအစစ်အမှန်ဟာ တာဝတိံသာမှာ စံမြန်းနေပြီး လူတွေကို ကင်တင်ဖို့ နိမ္မိတ ရုပ်ပွားတော်ဖန်ဆင်းပြီး လူပြည်ကို ဆင်းလာခဲ့တယ်ဟုဆိုပါတယ်။
ဟိန္ဒူအယူနှင့် ဗုဒ္ဓဝါဒတွေ ရောနှောလာ..။
ဒီအယူအဆဟာ “ ဗိဿနိုးနတ်ဘုရားများက လူလောကကို ဆင်းသက်ပြီး ကယ်တင်ရှင် အဝတာရ အဖြစ်နဲ့ သတ္တဝါတွေကို ကယ်တင်လေ့ရှိတယ်ဆိုတဲ့ ဟိန္ဒူအယူအဆကို ဗုဒ္ဓဝါဒထဲ မသိမသာ ထည့်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအန္ဓက ဂိုဏ်ထဲမှာပါတဲ့ ဂုဠဝိနယကျမ်းပြုစုတဲ့ ဝါဇီရီယဂိုဏ်ကလည်း သူတို့ရဲ့ကျင့်စဉ်အတိုင် ကျင့်ရင် လူရဲ့ခန္ဓာကိုယ်ဟာ စိန်လို့ မာကြောပြီး သက်တမ်းအသင်္ချေနေတိုင်တယ်၊ ထာဝရအသက်ကို ရနိုင်တယ်လို့ မှတ်တမ်းမှာ တွေ့ရှိရပါတယ်။
ဒီဂိုဏ်ရဲ့ အယူအဆ မြန်မာပြည်ကူလာပုံရပါတယ်။ ဝိဇ္ဖာလမ်းလိုက်နေကြတဲ့ ဘိုးတော်တွေ ဘွားတော်တွေ ထွက်ရာပေါက်ပြီး သက်တမ်းအသင်္ချေနေနိုင်ကြောင်း ပြောဟောနေတာကိုလည်း တွေ့ရပါတယ်။
ဒီအယူအဆတွေဟာ နောက်ပိုင်း နီပေါ ၊တိဗက်၊ ဘူတန်၊ တရုတ်၊ ကိုရီးယား ၊ ဂျပန်စတဲ့ မြောက်ပိုင်း ဗုဒ္ဓဘာသာ နိုင်ငံမှာ ပျံနှံ့သွားခဲ့ပါတယ်။
မဟာယာနတွင် ရှေးအိန္ဒိယ အယူဝါဒများ ရောနှောပါဝင်နေ
ဒုတိယ သံင်္ဂါယနာ အပြီးမှာတော့ မဟာသံဃိကဂိုဏ်ဝင်တချို့က ဗြဟ္မဏတွေရဲ့ ထာဝရဘုရား အယူအဆကို အတုယူပြီး “မြတ်စွာဘုရားဟာ နိဗ္ဗာန်ဘုံမှာ အသင်္ချေအနန္တကာလပတ်လုံး စံမြန်းနေတယ်လို့ ဆိုလာပြန် ပါတယ်။ တစ်ခါ ဂျိမ်းဝါဒကို အားကျပြီး ဂင်္ဂါဝါဠု သဲစုမက ပွင့်ပြီးသမျှ ဘုရားတွေဟာ အရပ်ဆယ်မျက်နှာမှာ တည်ရှိနေတယ်” လို့ ဆိုပြန်တယ်။ ထေရဝါဒက ခွဲထွက်တဲ့ မဟိသာသကဂိုဏ်ကတော့ “သင်္ခါရတရားတို့ ကင်းလွှတ်ရာ အသင်္ခတဓာတ်ဟာ အာကာသကောင်းကင်ကြီးပဲဖြစ်တယ်။ ကောင်းကင်ဟာ နိဗ္ဗာန်ပဲလို့ အယူလွဲကြသလို၊ ဝိဇ္ဖီပုတ္တကဂိုဏ်ကလည်း “သတ္တဝါတိုင်းရဲ့ သန္တာန်မှာ ဘဝတစ်ခုကနေ တစ်ခုကို ကူးပြောင်းနိုင်တဲ့ အတ္တဝိညာဉ်ကောင်ရှိတယ်လို့ အယူအဆတွေ လွဲကြပြန်သေးတယ်။ အဲဒီလွှဲမှားတဲ့ အယူအဆများ အားလုံးကို အခုခေတ်မဟာယာနက အမွေးဆက်ခံခဲ့ပါတယ်။
နောက်ပိုင်းမှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်ဟာ အသောကမင်းကြီးရဲ့ အကူအညီရယူပြီး ဗုဒ္ဓဝါဒ အမည်ခံ အယူမှားတွေကို ရှင်းလင်းခဲ့ဖူးတယ်။ ရဟန်းတု အယူဝါဒတွေရဲ့ မှားယွင်နေပုံကို ဖော်ပြတဲ့ “ကထာဝတ္ထုကျမ်း” ကိုရေးသားပြုစုတော်မူခဲ့တယ်။ သို့သော်လည်း တချို့ကလက်မခံလို့ ရာဇဂြိုလ်ပြည် နာလန္ဒမှာ စင်ပြိုင် သင်္ဂါယနာ တင်ကြတာ မဟာယနဗုဒ္ဓဘာသာရဲ့ အယူဝါဒ ဖြန့်ဖြူးရာ ဋ္ဌာနချုပ်ကြီး ဖြစ်လာခဲ့တယ်။
အမှန်တရားနှင့် ခွန်အား.. အားပြိုင်လာသောအခါ...
ဒီနေရာမှာ ထေရဝါဒ ဂိုဏ်သားတွေက “ အမှန်းတရားသာလျှင် ခွန်အား”ဆိုတာဆွဲကိုင်ကြပြီး၊ အပါယ်ခံ ဂိုဏ်သားတွေကတော့ “ ခွန်အားသာလျှင် အမှန်တရား” လို့ လက်ကိုင်ပြုလာကြတယ်။ ဒီလိုနဲ့ ထေရဝါဒဟာ ဘာသာဝင်များရေးကို ဦးစားမပေးပဲ အမှန်တရားကို ဦးစားပေးပြီး၊ အပယ်ခံဂိုဏ်များက ဘာသာဝင်များရေးကို ဦးတည်ကာ သိပ်ပြီးစီစီစစ်စစ်မလုပ်တော့ပဲ အဲဒီခေတ်က အင်အားအတောင့်ဆုံးဖြစ်တဲ့ သဗ္ဗတ္တိကဝါဒနှင့် ပေါင်းကာ သူတို့စိတ်ကြိုက်ဖန်တီးထားတဲ့ ပိဋကတ်တွေကို ဘုရားဟောအဖြစ် လုပ်ကြံဖန်တီး ဖြည့်စွက် ကြပါတယ်။
အဲဒီလို အမှန်တရားရဲ့ အန္တရာယ်တွေကို မြင်တဲ့ အသောကမင်းနဲ့အရှင်မဟာမေဂ္ဂလိတိဿ မထေရ်တို့ဟာ သီရိလင်္ကာ ၊ သုဝဏ္ဏဘူမိစတဲ့ ကိုးတိုင်းကိုးဋ္ဌာန သာသနာပြုတွေ စေလွှတ်ခဲ့ပြန်ပါတယ်။ အသောကမင်းကြီး ကွယ်လွန်တာနဲ့ အိန္ဒိပြည် မဇ္ဈိမဒေသမှာ ဗုဒ္ဓအယူဝါဒတွေ မှေးမှိန်လာပြီး ဗြဟ္မဏအယူဝါဒတွေ ပြန်လည် ကြီးစိုးလာပြန်ပါတယ်။
ဘာသာတိုင်းကိုးကွယ် ယုံကြည်မှုတွင် ထူးခြားသော အချက်များကို ပုံတူကူးယူလေ့ရှိ..
ဗုဒ္ဓသာသာနာ ၆၀၀ ဝန်းကျင်လောက်မှာ ဂိုဏ်ကွဲတွေ အမျိုးမျိုးထပ်ပေါ်ကြပြီး အထူးခြားဆုံးကတော့ တြိကာယ ( Trikara) အယူအဆပဲ။ တြိကာယဆိုတာ..
၁) မြတ်ဗုဒ္ဓရဲ့ သဗ္ဗညုတဥာဏ်ကို ဓမ္မကာယ
၂) ဈာန်ဝင်စားနေတဲ့ ဈာန်ဗုဒ္ဓကိုတော့ သမ္ဘောသကာယ
၃) လူလောကမှာ လူသဏ္ဍာန်ဆောင်ပြီးတရားဟောတဲ့ ဗုဒ္ဓကိုတော့ နိမ္မာနကာယ လို့ဆိုတယ်။
ဒီအယူအဆဟာ ခရစ်ယာန်ဘာသာရဲ့
၁) သန့်ရှင်းသော ဝိညာဉ်တော်
၂) အဘဘုရားသခင်
၃) သားတော် သခင်ယေရှု သုံးခုပေါင်း တြိနတိ( Trinity) နဲ့တော်တော် အယူအဆနေတာလေ့လာ တွေ့ရှိရပါတယ်။
ဟိန္ဒူမှာလည်း တြီမူရတီ ( TriMurthy) ဆိုပြီး ၁)ဗြဟ္မာ ၂) ဗိဿနိုး ၃)သျှီဝ ဆိုပြီး သုံးခုရှိပြန်တယ်။ ဒါကို လေ့လာကြည့်ခြင်းအားဖြင့် .. ဟိန္ဒူအယူဝါဒတွေ ဗုဒ္ဓအယူမှာ မသိမသာ သွတ်သွန်းလာတာဖြစ်ပြီး တစ်ဘာနဲ့ တစ်ဘာသာ လူထူကိုဆွဲဆောင်ရာမှာ ဆင်တူ ရိုးမှားလုပ်လာတာကို မြတ်စွားဘုရား နောက်မှာ ပေါ်ပေါက်လာတဲ့ ခရစ်ယာန်ဘာသာမှာလည်း လေ့လာတွေ့ရှိရပါတယ်။
ထေရဝါဒနှင့် မဟာယာန ထူးခြားချက်
မဟာယာနတွေရဲ့ အယူအဆအရဆိုရင် ဗုဒ္ဓဂေါတမဟာ လူသားဘုရားမဟုတ်ပဲ နိဗ္ဗာန်ဘုံမှာ ချမ်းသာခံစားနေတဲ့ အလိုအလျှောက် ဗုဒ္ဓဖြစ်နေတဲ့ အာဒိဗုဒ္ဓလို့ဆိုပါတယ်။ အဦးအစကတည်းကဖြစ်နေတဲ့ အာဒိဗုဒ္ဓတွေ ၆-ဆူတောင်ရှိပါတယ်။ အထင်ရှားဆုံးကတော့ အတိုင်းအဆမရှိ ရောင်းခြည်တော်တွေနဲ့ တောက်ပနေတဲ့ အမိတာဘာပါပဲ။ အတိုင်းအဆမဲ့ သက်တမ်းရှည်လို့ အမိတာယု လို့လည်း ခေါ်ပါတယ်။ လူသားတွေ တရားဟောဖို့ နိမ္မိတကာယဗုဒ္ဓတွေဖြစ်တဲ့ ကောဏာဂုံ၊ ကဿပ၊ ဂေါတမတို့ကို စေလွှတ်လေ့ရှိသလို ဗောဓိသတ္တဘုရားလောင်းများကိုလည်း ကျိုကြားကျိုကြား စေလွှတ်ပါသတဲ့။
အဲဒီဗောဓိသတ္တတွေကလည်း လူပြည်ကို ပါရမီဖြည့်ဖို့လာတာမဟုတ်ပဲ လက်ရှိဘုရားကိုကူဖို့ လာတဲ့ ကယ်တင်ရှင်တွေပေါ့။ အထင်းရှားဆုံကတော့ “အဝလောကိတေဿရ- လောကကို အစိုးရ၍ ကြည့်ရှု စောင်မသူ” ဖြစ်ပါတယ်။
ဒါကြောင့် မဟာယာနဗုဒ္ဓဘာသာတွေမှာ ဘုရားလောင်းတွေ တော်တော်များများတွေ့ရပါတယ်။ သူတို့ အယူအဆအရ လူတိုင်ဟာ ဘုရားဆုပန်ပြီး ဘုရားဆုကိုရယူကာ သတ္တဝါတိုင်းကို ဓမ္မစကြားတရားကို ဟောကြားကာ ချွေချွတ်ပြီး ပရိနိဗ္ဗာန်ပြုကြရမှာဖြစ်ပါတယ်။ သူတို့အယူအဆအရ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ အဖြစ်ဖြင့် နိဗ္ဗာန်မဂ်ဖိုလ်ကို မျက်မှောက်ပြုသူတွေမရှိပါဘူး။ ဒီလိုနဲ့ပဲ သူတို့ကို သူတို့ မြင့်မြတ်သော လမ်းစဉ်ကို လိုက်နာသူတွေဖြစ်လို့ မဟာယာနလို့ ခေါ်တွင်ကြပြီး။ ဘုရားလောင်းဝါဒကို လက်မခံသူတွေကိုတော့ ဟီနယာန ဝါဒီတွေလို့ နှိမ့်ချ ခေါ်ဝေါ်လေ့ရှိပါတယ်။
အဲဒီလိုနဲ့ အန္ဒိယပြည် အနောက်နဲ့ အနောက်မြောက်ဖက် ယခုခေတ်တော့ ပါကစ္စတန်နဲ့ အာဖဂန်ဒေသမှာ ဗုဒ္ဓဘာသာ ဂိုဏ်ကွဲတွေအကြား မဟာယာန၊ ဟီနယာန၊ကသ္မီယ၊ ဂန္ဓစတဲ့ ဂိုဏ်တွေလည်း အသီးသီး ပေါ်ပေါက် လာပြန်ပါတယ်။ အဲဒီလို အစိတ်စိတ် အမွှာအမမွှာ ဖြစ်ချိန်မှာ ကုရှန်မျိုးနွယ် ကန်နစ်သျှမက မင်းက စုပေါင်းပြီး သံဃာယနာတင်ဖို့ အကြံရလာခဲ့တယ်။ သာသာနာနှစ် (၆၀၀) ရောက်မှာ အရှင်ဝသုမိတြနဲ့ အရှင်အဿဃောသတို့ဟာ မဟာယနဂိုဏ်တွေရဲ့ နောက်ဆုံး သံဃာယနာတင်ခြင်းပါပဲ။ သူတို့ရဲ့ သံင်္ဂါယနာ တင်ပွဲမှာ ဗြဟ္မဏဝါဒီတွေသုံးတဲ့ သက္ကတဘာသာနဲ့ တင်ခဲ့ကြပါတယ်။ အခု နီပေါ ၊ ဘူတန်၊ တိဗက်၊ တရုတ်၊ ဂျပန်စတဲ့ မြောက်ပိုင်း ဗုဒ္ဓဘာသာတွေမှာရှိတဲ့ မဟာယာနပိဋကတ်အများစုဟာ သက္ကဘာသာကနေ ပြန်ဆိုထားကြတာပါ။
ရုပ်ထုများ ထုလုပ် ကိုးကွယ်လာခြင်း
အဲဒီခေတ်မှာ မြတ်စွာဘုရားကို ချီမွမ်းခန်းလို့် ခေါ်ရတဲ့ ကဗျာဆရာ အရှင်အဿဃောသက ဗုဒ္ဓစရိတ အမည်ရတဲ့ ကဗျာစာအုပ်မှာ ဗုဒ္ဓကို ဖန်ဆင်းရှင် ၊ ကယ်တင်ရှင်အဖြစ် တင်စားလိုက်ပါတယ်။ ဒါဟာ မဟာယာန အယူဝါဒကို မျိုးစေ့ချပေးခဲ့တာလို့ ဆိုနိုင်ပါတယ်။ တချိန်တည်းမှာပဲ ဂရိနွယ်ဖွား ဂရိတိုင်းသားတွေက ပန်းပု ထုလုပ်မှု ထွန်းကားလာနဲ့အတူ သကျမုနိဂေါတမဗုဒ္ဓ၊ အရိမေတ္တေယျ ဘုရားလောင်းနတ်သား၊ အဝလောကိတေဿရ စတဲ့ သူတို့ကိုးကွယ်ရာ ပုဂ္ဂိုလ်တွေရဲ့ ပုံသဏ္ဍန်ကို ကျောက်ဆစ်ရုပ်တွေ လုပ်လာကြပါတယ်။ ဗြဟ္မဏဝါဒီတွေကို သူတို့ ကိုးကွယ်ရာ နတ်ဘုရားတွေကို ပန်း ၊ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော်ကြတဲ့ ဘက္တိ( Bhakti) အယူအဆကို အတုယူပြီး ဗုဒ္ဓဘက္တိကို တီထွန်လာကြပြန်တယ်။
ဒါကြောင့် ရုပ်ထု ကိုးကွယ်မှုအစ မဟာယာနကလို့ ဆိုနိုင်ပါတယ်။ ဟိန္ဒူနဲ့ဂရီအယူဝါဒတွေ ရောမွေထား တာပါပဲ။
ဒီလိုနဲ့ မဟာယာနဂိုဏ်ကွဲတချို့သည့် သူတိုရဲ့ကယ်တင်ရှင် ဘုရာလောင်းဗောဓိသတ္တ အဝလောကိတေဿရက ဗုဒ္ဓဂေါတမထက် မြင့် မြတ်တယ်လို့ ယူဆကြကာ သူပိုင်တဲ့ စွမ်းအင်သတ္တိအမျိုးမျိုးကို ရည်စူးပြီး နာမည် အမျိုးမျိုး ပုံသဏ္ဍန် အမျိုးမျိုး၊ မုဒြာအဖုံဖုံနဲ့ ထုလုပ်ကိုးကွယ်လာကြတာ စုစုပေါင်း ( ၁၀၈) မျိုးအထိရှိပါတယ်။
ပုဂံပြည် မဟာယာန အနွယ် တန္တရ၊ မန္တရဂိုဏ်ဝင် အရည်းကြီတွေ ကောင်းစားစဉ်က အဝလောကိတေဿရ ထုလုပ်ကိုးကွယ်ကြလို့ အပယ်ရတနာ ၊ မြင်းကပါ၊ ဂူပြောက်ကြီး ၊ မင်းနန်းသူက ဘုရားသုံးဆူနဲ့ နန္ဒပညာ ဘုရားတွေမှာ တွေ့နိုင်ပါတယ်။ တကယ်တော့ အဝလောကိတေဿရဆိုတာ ဗြာဟ္မဏဝါဒီတွေရဲ့ သျှီဝခေါ် မဟေသရကို အပါယ်ခံဂိုဏ်သားတွေ အတုယူဖန်တီးထားတာပါ။
အဲဒီမဟေသရမှာ သူ့ရဲ့သတ္တိကို ကိုယ်စားပြုတဲ့ ကြင်ယာတော် ပညာပါရမိတာ နတ်သမီးရှိပါတယ်။ ဒါအပြင် အဝလောကိတေဿရမှာ ခမည်းတော် အမိတာဘာနဲ့ မယ်တော် ပါဏ္ဍရာတနတ်ဘုရားမတို့တောင်ရှိပါတယ်။
တိဘတ်ကလာတဲ့ “ဥုံ မဏီပဒ္ဓ မေဟုံ” ဆိုတာ အဝလောကိတေဿရကို ပူဇော်တဲ့ဂါထာပါ။
အဲဒီနောက် နာဂဇ္စုန ရေးသားတဲ့ ပညာပါရမီစာပေတွေဟာ တော်တော် ရေပန်းစားလာခဲ့ပါတယ်။ ဒီစာတွေရဲ့ လိုရင်းကတော့ ဗောဓိသတ္တဟာ သတ္တဝါတွေကို ကယ်တင်ဖို့ မေတ္တာကရုဏာ ထားရှိရာမှာ ပညာဥာဏ် မပါလို့ မဖြစ်ဘူး၊ ပညာပါရမီကို မဖြစ်မနေ ဖြည့်ကျင့်ရမယ် ပညာပါရမီနဲ့ မေတ္တာကရုဏာတို့ ပေါင်းစည်းမှုနဲ့ ပြည့်စုံသော ဗောဓိသတ္တအဖြစ်ရောက်နိုင်ကြောင်းရေးသားကြပါတယ်။ ဒီလိုနဲ့ မေတ္တာရှင် အဝလောကိ တေဿရဟာ အဖိုဓာတ်ဖြစ်ပြီး ၊ ပညာပါရမီဟာ အမဓာတ်ဖြစ်တာမို့ အဖို့နဲ့ အမပေါင်းစပ်ခြင်းအားဖြင့် မဟာသုခ ရရှိစေတယ်လို့ နောက်ပိုင်းမှားချဲ့ထွင် ဟောပြောကြပြန်ပါတယ်။ ဒီလိုနဲ့ အဝလောကိတေဿရရဲ့ အစွမ်းသတ္တိတစ်ခုဖြစ်တဲ့ ပညာပါရမီကို ဣတ္ထိလိင်ဆောင်စေပြီး ၊ ပညာပါရမီတာ နတ်သမီးရယ်လို့ ရုပ်ထုတွေ ကိုးကွယ်လာကြတာပါ။
အဝလောကိတေဿဂရနှင့်တကွ ဗောဓိသတ္တရုပ်ထုမျိုးစုံတွေဟာ မဟာယာန အယူအဆတွေကို သင်္ကေတ အဖြစ်ပုံဖော်ရာက စတင်ခဲ့ပြီး နောက်ပိုင်းကျမှ တကယ့်သတ်ရှိ ထင်ရှား နတ်ဘုရားတွေလို့ မှတ်ယူပူဇော် ပသခဲ့ကြတာဟု သမိုင်းသုတေသီများကဆိုကြပါတယ်။
တရုတ်ပြည် အဝလောကိတေဿရခေါ် ကွမ်ယင်စတင်ရောက်ရှိ
အဲဒီ အဝလောကိတေဿရ ပညာပါရမီတာနတ်သီး ကိုးကွယ်မှုဟာ သာသာနာနှစ် ( ၈၀၀) ဝန်းကျင်မှာ တရုတ်ပြည်ကို ရောက်သွားခဲ့ပါတယ်။ အဲဒီနောက်မှ ကိုရီးယား၊ ဂျပန်စတဲ့ အရှေးဖျားနိုင်ငံတွေမှာ ပြန့်နှံ့သွား ခဲ့တာပါ။ မဟာယာနတို့ရဲ့ အရေးကြီးဆုံး ကျမ်းတစ်ဆူဖြစ်တဲ့ သဒ္ဓမ္မပုဏ္ဍရိကကျမ်းကို တရုတ်လို ပြန်ပြီတဲ့ အခါမှာတော့ မဟာယာနဝါဒဟာ တရုတ်ပြည်မှာ အကြီးအကျယ် ထွန်းကားလာခဲ့ပါတယ်။
သူတို့ရေးသာတဲ့ ကျမ်းကိုအခြေခံပြီး ယနေ့ခေတ်တိုင်အောင် သုခဝတီနိဗ္ဗာန်ဘုံဝါဒဆိုတာ ခေတ်စား နေပါတယ်။ အဲဒီဘုံမှာ အမိတာဘာဘုရား စံမြန်နေတယ်လို့ဆိုပါတယ်။ အဲဒီသုခဝတီ ဗျူဟာ သုတ်မှာ အမိတာဘာဗုဒ္ဓရဲ့သားတော် အဝလောကိတေဿရလည်းပါလာပါတယ်။ သူကို တရုတ်လို့ ကွမ်ယင် ( Kwan Yin) လို့ခေါ်ပြီး၊ ဂျပန်လိုတော့ ခမ်နွန်း (Kam Non) လို့ခေါ်ပါတယ်။
ကွမ်ယင်ဟာ ယောက်ျလား ၊ မိန်းမလား ?
တကယ်တော့ အဝလောကိတေဿရဖြစ်တဲ့ ကွမ်းယင်ဟာ အစကတော့ ယောင်္ကျားပါပဲ တရုတ်ပြည် ရှေးဟောင်း ဘုရားကျောင်းတွေမှာ ကွမ်ယင်ကို နှုတ်ခမ်းမွေးကားကား ကျားကျားလျားလျားနဲ့ ယောင်္ကျား သဏ္ဍန်ထုထားတာတွေ့ရပါတယ်။ အေဒီ ရှစ်ရာစု နောက်ပိုင်းကျမှ ကွမ်ယင်ကို ဣတ္ထိလိင်အဖြစ်ပြောင်းပြီး ထုလုပ်ကိုးကွယ်လာကြကြောင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။ တချို့သုတေသီတွေကလည်း ကွမ်ယင်ကို ပုရိသလိင်အဖြစ်ထားစဉ်က တရုတ်ပြည်မှာ အမျိုးသမီးတွေ ကိုးကွယ်ခွင့်မရလို့ နောက်ပိုင်း အမျိုးသမီးတွေကိုပါ ကိုးကွယ်နိုင်အောင် ဣတ္ထိလိင် ပြောင်းပေးတယ်လို့ ဆိုပြန်ပါတယ်။ ကွမ်းယင်ဟာ လောကသားတွေ အပေါ် မိခင်တစ်ယောက်က သားသမီးတွေ အပေါ် မေတ္တာကရုဏာမျိုးနဲ့ ကယ်တင်စောင်မ ကြည့်ရှုတတ်လို့ လောက အပေါင်းရဲ့ မိခင်တစ်ဦးအဖြစ်တင်စွားပြီး ဣတ္ထိလိင် အသွင်ပြောင်း ထုလုပ်ကိုးကွယ်ကြတယ်ဟုလည်း ဆိုကြပြန်ပါတယ်။ အဲဒီနောက်မှာတာ့ ကွမ်ယင်မယ်တော်နဲ့ ပတ်သတ်တဲ့ ရုပ်ရှင် ပုံပြင်ဒဏ္ဍာရီတွေ တော်တော်များများ ပေါ်ထွက်လာပါတယ်။ ခြုံငုံပြောရရင်တော့ ပညာပါရမီတာနတ်သမီး၊ မဟာဇိနတရာဒေဝီ၊ တရုတ်လို ကွမ်ယင်မယ်တော် စသည်ဟာ အဝလောကိတေဿရဆိုတဲ့ ဗောဓိသတ္တရဲ့ အမည်ခွဲတွေပါပဲ။
အေဒီ ၇-ရာစုလောက်က မဇ္ဈိမဒေသ ခရီးထွက်ခဲ့တဲ့ တရုတ်ရဟန်းတော် ဟူရင်ဆင်းဟာ ဂိုဘီသဲကန္တာရဲ အရောက်မှာ မှင်စာ အခြောက်ခံရတော့ ကြောက်လန့်ပြီး ကိုးကွယ်ရာ ကွမ်းယင်ကိုတပြီး ဆုတောင်းတာ မရဘူးတဲ့၊ ပညာပါရမီတာသုတ်ရွတ်ဆိုလိုက်မှ မှင်စာ အခြောက်ခံရတာ ပျောက်သွားတယ်လို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
အချူပ်ဆိုရသော် ကွမ်ယင်ဆိုတာ ဗြဟ္မဏဝါဒမှ ဆင်းသက်လာပြီး အဝလောကိတေဿရ ဗောဓိသတ္တရဲ့ ပညာပါရမီကို အမျိုးသမီးအသွင်ထုလုပ် ကိုးကွယ်တာဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။
၁၉၉၂- ကိုဝင်းသိန်းဦး မြတ်မင်္ဂလာဆောင်းပါးကို အခြေခံပြီးတင်ပြပါသည်။
1 comment:
တကယ်ကျေးဇူးတင်ပါတယ်။ သိချင်တဲ့အကြောင်းအရာတွေ သိလိုက်ရလို့ပါရှင်။
Post a Comment