ကုသိုလ်ကံရဲ့ အကျိုးကို မပြောခင် ကုသိုလ်တာ ဘာလဲ ?၊ ကံဆိုတာ ဘာကိုဆိုလိုတာလဲ? ဆိုတာကို အရင် လေ့လာကြည့်အောင်ပါ။
ကုသိုလ်ဆိုတာဘာလဲ?
ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း ၊ မိမိ၊သူတစ်ပါးအား ကောင်းသော အကျိုးကို ဖြစ်စေ တတ်တဲ့ လုပ်ငန်းဟူသမျှဟာ ကုသိုလ်ပါပဲ။
ဒါနကုသိုလ်၊သီလကုသိုလ်၊ဘာဝနာကုသိုလ် စသည်ဖြင့် ကုသိုလ် လုပ်ငန်းတွေကလည်း အများကြီးပါ။ ကုသိုလ်လုပ်တဲ့အခါမှာလည်း အမြတ်စားကုသိုလ်၊ အလတ်စားကုသိုလ်၊ အညံ့စားကုသိုရယ်လို့ အဘိဓမ္မာမှာ သုံးမျိုးရှိပါတယ်။
အမြတ်စားကုသိုလ်ဆိုတာ.. ကုသိုလ်ပြုလုပ်စဉ်မှာ ဝမ်းပန်း တသာ ပျော်ပျော်ရွှင်ရွှင် ဥာဏ်နဲ့ယှဉ်ပြီး မည်သူမှ မတိုက်တွန်းပဲ ကိုယ့်အသိဥာဏ်နဲ့ လုပ်တဲ့ ကုသိုလ်ကိုခေါ်ပါတယ်။
အညံ့စားကုသိုလ်ဆိုတာ… ကုသိုလ်လုပ်စဉ်မှာ မပျော်မရွှင်၊ မလုပ်ချင် လုပ်ချင်နဲ့ သူများတိုက်တွန်းလို့ ဥာဏ်မပါပဲ လုပ်လိုက်ရတဲ့ ကုသိုလ်မျိုးပါ။ ဥပမာအားဖြင့် ရက်ကွက်လူကြီးက လုပ်အားပေးခေါ်လို့ ရက်ကွက် သန့်ရှင်းရေးကို သွားလုပ်ရတယ် ၊ စိတ်ထဲမှာတော့ မပါဘူးဆိုရင် ဒီကုသိုလ်ဟာ အညံ့စား ကုသိုလ်ဖြစ်ပါတယ်။
ကံဆိုတာဘာလဲ?
ကမ္မ-ဟူသော ပါဠိစကားကို မြန်မာလို ‘ကံ’ ဟု အလွယ်တကူ မွေးစားလိုက်တာပါ။ အတိအကျ မြန်မာ ပြန်ရရင် ကမ္မ-ကံဆိုတာ အလုပ်၊ အမှုလို့ အဓိပ္ပါယ်ပြန်ရပါမယ်။ ကိုယ်မှု၊ နုတ်မှု၊ စိတ်မှု အားဖြင့် သုံးမျိုးကွဲပြားပါတယ်။
ဥပမာ - သူ့အသက်ကို ကိုယ်တိုင်းသတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင် ပြုလုပ်ခြင်းဟာ ကိုယ်မှု၊ ဟိုအကောင်းကို သတ်လိုက်စမ်း၊ ဘုန်းဘုန်းတွေကို ဆွမ်းလောင်းလိုက်ပါဦး၊ သတ္တဝါတွေ ကျန်းမာပါစေ ၊ ချမ်းသာပါစေ စသည်ဖြင့်
စေခိုင်းတိုက်တွန်းခြင်နဲ့ရွတ်ဆိုပွားများ မေတ္တာပွားခြင်းတွေဟာ
နှုတ်မှုဖြစ်ပါတယ်။
ကိုယ်လည် မလုပ် နှုတ်လည်းမပါ စိတ်ထဲ၌သာ စဉ်းစာ ကြံစည် စိတ်ကူးမှုဟာ စိတ်မှုဖြစ်ပါတယ်။ ဥပမာ- ဘဏ်ထဲကငွေတွေ ငါ့ငွေဖြစ်ရင်ကောင်းမှာပဲ စသည်ဖြင့် မကောင်းကြံစီခြင်း၊ သူတစ်ပါးကို သနားကြင် နာခြင်း၊ ချမ်းသာစေလိုခြင်း ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းများဟာ နှုတ်မှုဖြစ်ပါတယ်။
စေတနာသည်ကံ ၊ ကံသည်စေတနာ..
ထိုကဲ့သို ကိုယ်မှု၊နှုတ်မှု၊ စိတ်မှုများဟာ အလိုအလျှောက် သူ့ဘာသာ ပေါ်လာခြင်းမဟုတ်ပါဘူး။ နောက်မှ စေ့ဆော်တိုက်တွန်းပေးသော စိတ်၊ စေတသိတ်များရှိပါတယ်။ ထိုစိတ်စေတသိတ်တို့ရဲ့ တွန်းအားကြောင့် ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတွေဖြစ်ပေါ်လာရတာပါ။ ထိုကဲ့သို့ အထမြောက်အောင် တိုင်တွန်းပေးတဲ့ စေတနာကိုပင် ကံလို့ခေါ်ပါတယ်။
မထင်ရှားသော ကုသိုလ်/အကုသိုလ်
တစ်ခါတရံ ကုသိုလ်ကောင်းမှု လုပ်တယ်ဆိုပေမယ့် စိတ်မဝင်စားလို့သော်လည်းကောင်း၊ စိတ်တွေ
လေလွင့်နေလို့သော်လည်းကောင်း တွေးမိတွေးရာ ငေးမိငေးရာနဲ့ ကုသိုလ်လုပ်မယ်ဆိုရင် အဲဒီကုသိုလ်ဇောတွေဟာ ကံ-အထမမြောက်ပဲ အမှတ်တမဲ မသိမသာဖြစ်စော ဇောစေတနာများသာ ဖြစ်သွားရပါတယ်။ အကုသိုလ်မှားလည်း ဒီအတိုင်းပါပဲ။
ထင်ရှားသော အကုသိုလ်စေတနာ..
သူတစ်ပါးကို သတ်ဖို့ ကြံစည်သောအခါ ဒေါသဇော စေတနာဟာ အလွန်ထင်ရှားပါတယ်။ ကာမမှုကို ကြံစည်လိုသော အခါ၌လည်း လောဘဇောစေတနာဟာ အလွန်ထင်းရှားပါတယ်။ ထိုအတွင်းစေတနာရဲ့ တွန်းအားကြောင့် ကိုယ်ခန္ဓာကြီးလည် လှုပ်လှုပ်ရွရွဖြစ်လာပြီး ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု အကုသိုလ်များ ထင်ထင်ရှားရှားဖြစ်လာရပါတယ်။
ထင်ရှားသော ကုသိုလ်စေတနာ…
လှုဒါန်းပေကမ်းသောအခါ၊ ဥပုသ်သီလ ဆောက်တည်းသောအခါ၊ လူကြီးသူမများကို ပြုစုစောင့်ရှောက်ရသောအခါ၊ ဘာဝနာတရားများကို ပွားများရသောအခါမှာ ကုသိုလ်စေတနာတွေ လွန်စာတက်ကြွလာ၍ ၊ ထိုကိုယ်တွင် ကုသိုလ်စေတနာရဲ့ စေ့ဆော်တိုက်တွန်းမှုကြောင့် ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု ကုသိုလ်များထင်ထင်ရှားရှားဖြစ်လာရပါတယ်။
ခန္ဓာကိုယ်၌ ကံ၏သတ္တိစွမ်းအားများ ကျန်ရှိပုံ
ထိုကဲ့သို ထင်ထင်ရှားရှားဖြစ်သော ကုသိုလ် ၊အကုသိုလ်
စေတနာဇောတွေကို ကံ-လို့ ခေါ်ပါတယ်။ ကံတရားတွေဟာ ထုးံစံအတိုင်း ချုပ်ပျောက်သွားတယ် ဆိုသော်လည်း ပြီးပြီး ပျောက်ပျောက် ချုပ်ပျောက်သွားတာ မဟုတ်ပါဘူး။ ကံအစွမ်းသတ္တိ ခန္ဓာမှာ မြုပ်နှံပြီး ချုပ်ပျောက်သွားပါတယ်။
မထင်ရှား မထက်မြက် သတ္တိနည်းတဲ့ စေတနာဇောတွေကတော့ မသိမသာ ချုပ်ပြောက်သွားပါတယ်။
ဥပမာအားဖြင့်.. ထက်ထက်မြက်မြက်ရှိသော မိဘတို့
ကွယ်လွန်သွားသောအခါ မိဘရဲ့ အရှိန်အဝါဟာ သားသမီးမှာ ကျန်ရစ်ခဲ့သလိုပါပဲ။ လတ်တလော ဥပမာပေးရရင် ဗိုလ်ချုပ်အောင်ဆန်းသမီး ၊ ဒေါ်အောင်ဆန်းစုကြည်မှာ ဗိုလ်ချုပ်ရဲ့ သတ္တိစွမ်းတွေ ကျန်ရစ်ခဲ့သလိုပါပဲ။
ခန္ဓာအစဉ်၌ သတ္တိများလိုက်ပါပုံ…
အသီးသီးသော သစ်ပင်မျိုးမှာ အသီးသီးစေတတ်သော ဓာတ်သဘောပါရှိသလို ထို့အတူ အစဉ်မပြတ် ဆက်ကာဆက်ကာ ဖြစ်နေသော ရုပ်နာမ်ခန္ဓာအစဉ်ဝယ် ချုပ်ပြောက်လေပြီးသော ထိုစေတနာ ကံ၏ အစွမ်းသတ္တိလည်း အမြဲလိုက်ပါနေပါတယ်။ ဘဝတစ်ခု စုတေပြီးနောက် ပဋိသန္ဓေတည်ရာမှားလည်း ထင်ရှားသော ကံရဲ့အစွမ်းသတ္တိများ ပါသွားပါတယ်။
ကံပြုသူ၌ ကံအကျိုး တိုက်ရိုက်ပါလာ
သတ္တဝါတွေ ဘဝတစ်ခုမှ တစ်ခု ပြောင်းကြရသော်လည်း ရှေးဘဝက အဝိဇ္ဖာ၊ တဏှာ ကုသိုလ်/ အကုသိုလ် ၊ကံအစွမ်း သတ္တိတွေ ဟာ ဖြစ်လေရာဘဝမှာ မချုပ်ပျောက်ပဲ အရိပ်ပမာ နောက်က လိုက်ပါလာပါတယ်။
ကံတူအကျိုးပေး
“တူသောအကျိုးကို ပေးတယ်” ဆိုတဲ့ အတိုင်း ကံတူအကျိုးပေးပုံတွေ ဇာတ်တော်မှာ အများကြီးပါပဲ။ ဇနီးမောင်နှံ တစ်ယောက် ကုသိုလ်/ အကုသိုလ်ကို သမ္မာဆန္ဒ တဏှာဖြင့် စိတ်တူ ကိုယ်တူလုပ်ရင် ဘဝသံသရာမှာ လည်း အတူ အကျိုခံစားရတတ်ပါတယ်။
ရှေးရှေးတုန်းတုန်းက ဇနီးမောင်နှံ နှစ်ယောက် လှေပျက်၍ လူမရှိသော ကျွန်းငယ်တစ်ခုသို့ ရောက်သွားပါတယ်။ ထိုနေရာ၌ အစာမရှိလို့ ငှက်ကလေးများကို သတ်စားကြပါတယ်။ ဤအကုသိုလ်ကြောင့် ငရဲကျပြီးနောက် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ ဥတေနမင်းကြီးရဲ့သားတော် ဗောဓိမင်းသားနဲ့၊ မိဖုရားဖြစ်လာပါတယ်။ အတိတ်ဘဝက ငှက်ကလေးတွေကို သတ်စားခဲ့တဲ့ အကုသိုလ်ကံကြောင့် သား၊သမီးမရပဲဖြစ်နေတယ်။ ငှက်ကလေးများကို သတ်စားတုန်းက စိတ်တူ ကိုယ်တူ အတူသတ်စားခဲ့လို့ ကလေးမရခြင်းပါ။ အကယ်၍ ဤအချိန်ခါက တစ်ယောက်ယောက်က သဘောမတူခဲ့လျှင် ကလေးမရ စရာ အကြောင်းမရှိပါ။
ကုသိုလ်ကံ အကျိုးပေး အာနိသင်
လောက၌ မိမိ မိသားစုထဲမှ တော်တဲ့ တတ်တဲ့ သူတစ်ယောက်ကို အကြောင်းပြုပြီး မိသားတစ်စုလုံ ကောင်းကျိုးချမ်းသာ ကုသိုလ်အကျိုပေးခံစားရတတ်တာ တွေမြင်ဘူးကြမှာပါ။
ရှေးရှေးတုန်းတုန်းက သိဟိုဠ်ကျွန်းမှာ ဘာတိကမင်းတစ်ပါး အုပ်စိုးဖူးပါတယ်။ သူလက်ထက်မှာ တိုင်းသူ ပြည်သားများ နွားသား မစားရေးကို ဥပဒေပြဋ္ဌာန်းပြီး စားသုံးသူများအား ဒဏ်ပေးလေ့ရှိပါတယ်။ တစ်နေ့တော့ မိသားစု တစ်စုမှာ နွားသားစားမိ၍ ဒဏ်ငွေ ဆောင်ခိုင်းရာ မပေးဆောင်နိုင်သောကြောင့် ဒဏ်ထားသောအနေဖြင့် နန်းတွင်းမှာ အမှိုက်သိမ်းတဲ့ အလုပ်ကို မိသားတစ်စုလုံး လုပ်ရပါတယ်။
ထိုမိသားစုထဲမှာ အလွန်ရုပ်ရေ လှပတဲ့ ကလေးမကလေး တစ်ယောက်ပါလာလို့ ဘုရင်မင်းမြတ်က “ သာမာဒေဝီ” ဟူသောဘွဲ့ဖြင့် နန်းတွင်းမှာ အကြွမ်းတဝင် ထားကာ ထိုကလေးမကို အကြောင်းပြု၍ ဆွေမျိုးများလည်း အပြစ်မှလွှတ်ကာ ချမ်းသာစွာ အသက်မွေးမြူနိုင်လောက်အောင် မင်းကြီးမှ ချီးမြှောက် မ,စဘူးပါတယ်။
ဤကား ရုပ်ရေလှပတဲ့ ကလေးမကို အကြောင်းပြု၍ မိသားတစ်စုလုံး ကောင်းးကျိုးချမ်းသာ ရကြခြင်း ပင်ဖြစ်ပါတယ်။
အရာရာပြည့်စုံမှ ကုသိုလ်အကျိုးပေးခွင့်သာ
ကုသိုလ်အကျိုးပေးခွင့်ဆိုတာ အဘက်ဘက်ကပြည့်စုံမှ အကျိုးပေးခွင့်သာပါတယ်။
ဒါကြောင့် ကုသိုလ်ကံအကျိုးပေခွင့်သာတဲ့ သမ္ပတ္တိအခါ၊ အကျိုးပေးခွင့်မသာတဲ့ ဝိပတ္တိအခါရယ်လို့ရှိပါတယ်။
သမ္ပတ္တိ ၄-ပါး
၁) ဂတိသမ္ပတ္တိ ရရှိသော ဘဝကောင်းခြင်း။
၂)ဥပဓိသမ္ပတ္တိ ရုပ်အဆင်းလှပခြင်း။
၃) ကာလသမ္ပတ္တိ အခါကာလ ကောင်းခြင်း။
၎) ပယောဂသမ္ပတ္တိ ဥာဏ်၊ဝိရိယစသော ပယောဂ ကောင်းခြင်း။
ဝိပ္ပတ္တိ ၄-ပါး
၁) ဂတိဝပ္ပတ္တိ ရရှိသော ဘဝမကောင်းခြင်း။
၂) ဥပဓိဝိပ္ပတ္တိ ရုပ်အဆင်းမလှပခြင်း။
၃) ကာလဝိပ္ပတ္တိ အခါကာလ မကောင်းခြင်း။
၎) ပယောဂဝိပ္ပတ္တိ ဥာဏ်ဝိရိယ စသော ပယောဂ မရှိခြင်း။
ကုသိုလ်ကောင်းမှု ဘယ်လောက်ပင်ရှိရှိ အကျိုးပေးခွင့် မသာတဲ့ ဂတိဝိပ္ပတ္တိအခါမျိုးမှာ လူဖြစ်ရရင် ကိုယ်ရဲ့ အကျိုးပေးခွင့် မရပါဘူး။ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ဝိပတ္တိဖြစ်ပုံတွေကို ပြောရရင် ကာလဝိပတ္တိလို့ခေါ်တဲ့ အခါကာလက မကောင်းဘူး၊ ကုသိုလ်ကံရှိသော်လည်း ခေတ်အခါ မကောင်းရင် ဆင်းရဲတတ်တယ်။
ခေတ်အခါကောင်းသော်လည်း ပယောဂသမ္ပတ္တိလို့ခေါ်တဲ့ စဉ်းစားတွေးခေါ်တတ် လိမ္မာပါးနပ်မှု မရှိခြင်း၊ ကြိုးစားအာထုတ်မရှိခြင်း၊ မေ့မေ့လျော့လျော့နေတတ်ခြင်းတို့ကြောင့်လည်း ကုသိုလ်ရဲ့ အကျိုးပေးခွင့်မသာပါဘူး။
ဒါကြောင့် ကုသိုလ်ကံတွေကို တားမြစ်တတ်တဲ့ ကြီးမားတဲ့ ကုသိုလ်ကံ ပယောဂတွေ မလုပ်မိဖို့၊ အသက်သိက္ခာ ကြီးမားတဲ့သူတွေကို မပြစ်မှားမိဖို့လည်း အရေးကြီးပါတယ်။ ပြစ်မှားမိရင်လည်း ဝန်ချ ကန်တော့ တောင်းပန်ရပါတယ်။
အချုပ်ပြောရရင်… ကုသိုလ်ကောင်းကျိုးရဖို့ အရေးမှာ
ရှေးကုသိုလ်ကံများကိုသာ အားမကိုးသင့်၊ ယခုဘဝပြုသော ပယောဂများကိုလည်း အားကိုးရပါမယ်။ ပယောဂသမ္ပတ္တိဟာ ရှေးကကုသိုလ်ကို အခွင့်သာအောင်
ရေလာမြောင်းပေး ပြုလုပ်ခြင်းနဲ့တူပါတယ်။
ထို့ကြောင့် ( ရုတ်တရက် ထီပေါက်ခြင်း၊ရွှေအိုးငွေအိုး တွေ့ခြင်းမှတစ်ပါး ကူးသန်းရောင်းဝယ်ခြင်း စသာည်တို့ကြောင့် ကောင်းကျိုးခံစားရာ၌ တစ်ကျပ်မှာ ရှေးကံ၏ သတ္တိက တမတ်သားလောက်သာ ပါဝင်၍ ယခုဘဝ သတိ၊ဝိရိယ၊ ဥာဏ်ဟူသော ပယောသမ္ပတ္တိက သုံးမတ်သား လောက် ပါရှိကြောင်း ကောင်းကောင်းနားလည်းဖို့လိုပါတယ်။
နောက်တစ်ပတ်ကျမှ ပယောသမ္ပတ္တိကြောင့် ကုသိုလ်ကောင်းကျိုးများ ပေးပုံကို တင်ပြပါဦးမယ်။
ကျမ်းကိုး / ကိုယ်ကျင့်အဘိဓမ္မာ
No comments:
Post a Comment