သည်းခံလျှင် နိဗ္ဗာန်
၊
မခံသာ မှန်ပါသည့်
ဤတရား၊ ခံသာလျှင် သံသရာကြော မျှောလိမ့်အများ။
(စွန်းလွန်းဆရာတော်)
မိမိရဲ့ ရင်သွေးငယ်များက
..မိမိအားပုတ်ခတ်နေသည်ကို ကျေနပ်စွာ သည်းခံနိုင်သကဲ့သို့ သူများတကာ ဆဲရေးတိုင်းထွာ
ပုတ်ခတ်လာခြင်းကို လက်တုန့်မပြန် ကျေနပ်စွာ သည်းခံနိုင်ခြင်းကို “ခန္တိမင်္ဂလာ” ဟုခေါ်ပါတယ်။
တစ်ယောက်နှင့် တစ်ယောက် သည်းခံ၊ခွင့်လွှတ်တတ်ခြင်းသည် ကြီးပွားကြောင်း တရားဖြစ်၍ သာယာအေးချမ်းသော
မိသားစု၊ တိုးတတ်သော တိုင်းနိုင်းငံများတွင် တစ်ယောက်နှင့် တစ်ယောက်၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ သည်းခံ၊ခွင့်လွတ်တောင်းပန်သော
စနစ်ကို ကျင့်သုံးကြသည်ကို လေ့လာ တွေ့ရှိရပါတယ်။
ဒီတခါတော့ ငါမနိုင်လို့
သည်းခံလိုက်မည် ကြုံလာလျှင် ပြန်ဆော်မည်ဟု စိတ်ထားမျိုးဖြင့် အောက်သီးအောက်သက် သည်းခံလိုက်ရခြင်းသည်
ခန္တိအစစ်မဟုတ်။
သိကြားမင်းရဲ့
ခန္တီမင်္ဂလာ
တခါက တာဝတိံသာ
အသုရာစစ်ပွဲမှာ တာဝတိံသာနတ်တို့က နိုင်လို့ ဖမ်းလာသော ဝေပစိတ္တိ အသုရာကို သုဓမ္မာစရပ်မှာ
တုပ်နှောင်ထားပါတယ်။ သကြားမင်းကို သုဓမ္မာသဘင်မှာ ဝင်တိုင်း၊ ထွက်တိုင်း ဝေပစိတ္တိ အသုရာက
မကြားဝံ့မနာသာ အမျိုးမျိုး ဆဲရေးပါတယ်။ ဆဲရေးတိုင်းထွာသမျှအားလုံးကို
သိကြားမင်းက လက်တုန့်မပြန် သည်းခံတော်မူပါတယ်။
ဤအချင်းအရာကို
တွေ့နေမြင်နေရတဲ့ မာတလိနတ်သားက သကြားမင်းကို “ဤကဲ့သို သည်းခံနေသည်မှာ ဝေပစိတ္တအသုရာကို
ကြောက်နေလို့လား ၊ ပြန်လည်လက်တုန့် မပြန်နိုင်အောင် အင်အားမရှိလို့လား” လို့ မေးပါတယ်။
ထိုအခါ သကြားမင်း က “ မာတလိ.. ငါသည် ကြောက်လို့လည်း မဟုတ်..၊ အင်အားမရှိလို့ လည်းမဟုတ်..
ငါကဲ့သို့သော ပညာရှိသည် သူလို လူမိုက်နှင့် ဖက်ပြိုင်နေလို့ ဘာမှအကျိုးမရှိ” လို့ဖြေဆို၏။
တဖန်မာတလိက. “သကြားမင်း လူမိုက်တို့မည်သည် ထိုက်ထိုက် တန်တန် ပြစ်ဒဏ်ဖြင့် မနှိပ်ကွပ်နိုင်က.. သာ၍ ကဲလာနိုင်သောကြောင့်
ပညာရှိုတို့မည်သည် လူမိုက်ကို ပြင်းပြင် ထန်ထန် အပြစ်ပေးသင့်ကြောင်း” ဆိုပြန်၏။ သကြားမင်းက..
“မာတလိ.. သူတပါး အမျက်ထွက်သည်ကို သိ၍ မိမိမှ
အမျက်မထွက် ငြိမ်သက်နေခြင်းဟာ လူမိုက်အား ဆုံးမခြင်းမဟုတ်လား” လိုဆို၏။ မာတလိက မကျေနပ်၍.. “ သကြားမင်း.. ဤကဲ့သို့ သည်းခံနေခြင်းဟာ အပြစ်ရှိ၏၊
လူမိုက်က ငါ့ကို ကြောင်လို့ လက်တုန့် မပြန်ခြင်းလို့ ထင်ပြီး ပြေနေသော နွားများကို
နွားများက ဖိလိုက်တတ်သကဲ့သို့ ရန်သူကို ဖိတ်ခေါ်သလို
ဖြစ်တတ်ပါတယ်လို့” ဆို၏။
အဆုံးမှာ သိကြားမင်းက.. အကျယ် တဝင့် တရားပြသည်မှာ “ငါကြောက်၍ သည်းခံ သည်ဟု ထင်လိုထင် ၊ မထင်လိုနေ၊
ခန္တီထက်သာလွန်သော ကောင်းကျိုးကို ငါမမြင်၊ လောက၌ အားနည်းသူသာလျှင် အမြဲသည်းခံတတ်ရာ၊
အားရှိသူဖြစ်လျှက် သည်းခံခြင်းမျိုးကို အမြတ်ဆုံး”ဟု ပညာရှိတို့ဆိုကြ၏။ အားရှိသူမှ လက်တုန့်ပြန်ခြင်းမှာ လူမိုက်အားမျိုးဖြစ်၍
အားမဟုတ်သည်ကို အားထုတ်ခြင်းဖြစ်၏။
သည်းခံတရား
စောင့်ထိမ်းခြင်းဖြင့် အားထုတ်ခြင်းကိုသာ မြင့်မြတ်သော အားထုတ်ခြင်းဟု ဆို၏ “ ကိုယ့်အာ
အမျက်ထွက် သူကို ပြန်စိတ်ဆိုးသူမှာ ထိုသူအောက် ယုတ်ညံ့သူသာဖြစ်ပါတယ်။ စိတ်ဆိုးသူကို ပြန်မဆိုးသည်မှာ အောင်နိုင်ခဲ့သော
စစ်ပွဲကို အောင်နိုင်သူမည်၏။ တချို့လူဗာလများက မိမိ၊သူတပါး အကျိုးစီးပွားအတွက် သည်းခံလိုက်ခြင်းကို
အလကား သတ္တိမရှိသူဟု မှတ်လို့ကြ၏။ သကြားမင်း၏ သည်းခံ စွမ်းရည်မှာ လောကရေး ဓမ္မရေးမှာ
မှတ်သားထိုက်ပေစွ။
ခန္တီတရားမရှိသူများ၌
အပြစ်ငါးပါး
၁) လူမုန်းခံရခြင်း
၂) ရန်များခြင်း
၃) အပြစ်များခြင်း
၎) တွေတွေ ဝေဝေသေရခြင်း
၅) သေသော် အပါယ်သို့ရောက်ရခြင်း။ ( ဗုဒ္ဓ)
ဝေဒေဟိကာ
တချို့သည်းခံနိုင်သည်ဟု
ဆိုသော်လည်း အရာရာပြည့်စုံနေ၍ အမြတ်မထွက်ဖြစ်၏ ၊ ပြဿနာနှင့် ရင်ဆိုင်တွေ့ ရသောအခါ သည်းခံလိုစိတ်မရှိကြ။
အရေးကြီးသည်မှာ တရားသဘောပေါက်၍ ကောင်း၊ဆိုနှစ်တန်ပေါ်မှာ သည်းခံနိုင်ဖို့ အရေးကြီး၏။
ရှေးက သာဝတ္ထိပြည်မှာ
ဝေဒေဟိကာ အမည်ရှိသော အိမ်ရှင်မ တစ်ယောက်ရှိ၏။ အကျင့်ကောင်းသူ၊ နှိမ့်ချတတ်သူ၊ တည်ငြိမ်သူ၊
အေးဆေးသူအဖြစ် ဂုဏ်သတင်းမှာ ကျော်ကြား၏။ ထိုအိမ်ရှင်မ၌
အလုပ် ကျွမ်းကျင်၍ မပျင်းမရိ ဝတ္တရားကျေပွန်သော ကာဠီမည်သော ကျွန်မတစ်ယောက်ရှိ၏။ ကာဠီက
“ ငါ့အရှင်မ ကောင်းတသင်းမှာ အပြောများလျှက်ရှိ၏။
ငါ့အရှင်မ တကယ်ပဲ ဒေါသမရှိသလား ၊ ငါက ကောင်းနေလို့ သူကောင်းနေခြင်းဖြစ်နေသလား”
ဟု စုံစမ်းရန်အကြံဖြစ်၏။ နောက်တစ်နေ့ နေမြင့်မှ
အိပ်ရာကထ၏။ “ ဟဲ .. ကျွန်မ ဘာ့ကြောင့် အိပ်ရာထ နေမြင့်သလဲ” ဟုမေးသော် “ဘာမှ မဖြစ်ပါ
အရှင်မ” ဟု ပြော၏။ ဝေဒေဟိကာ စိတ်ဆိုး၍ မျက်မှောင်ကြုတ်၏။ ထိုအခါ ကာဠီိက “ငါ့သခင်မ စိတ်ဆိုးတတ်ပါတယ် ငါကောင်းလို့
သူကောင်းနေတာပါ” ဟု အမှတ်ပြု၏။ နောက်တနေ့ ထပ်မံစုံစမ်းလို့၍ ထိုထက် နေမြင့်အောင် အိပ်ပြန်၏။
ထိုအခါ မျက်မှောင်ကြုတ်ရုံတင်မကတော့ပဲ ပါးစပ်က ရေးရွတ်ကြိမ်းမောင်းသည်အထိ ဆို၏။ နောက်တနေ့ ထိုထက် ပိုနေမြင့်အောင်အိပ်ပြန်ရာ ထိုအခါ ပါးစပ်ပါမက
လက်ပင်ပါလာတော့ပြီး တံခါးမင်းတုပ်နှင့် ခေါင်းကို ရိုက်ခွဲရာ ကာဠီခေါင်းကွဲရှာလေသည်။
ကာဠီလည်း သွေးတွေယိုနေသော
ခေါင်းကွဲဖြင့် အိမ်နီချင်းတွေထံ လျှောင်ကာ ကြည့်စမ်းပါ အကျင့်ကောင်းလှ သည်ဆိုတဲ့ သခင်မရဲ့လုပ်ပုံ
၊ တစ်ယောက်တည်းသော ကျွန်မကို အိပ်ရာထ နေမြင့်အောင် အိပ်ရကောင်းလား ဆိုပြီး တံခါးမင်းတုပ်နှင့်
ရိုက်ခွဲတယ်”ဟု ကဲ့ရဲ့အောင်ပြော၏။ ထိုအခါကျမှ ဝေဒေဟိကာ ကြမ်းတန်းသည် မာန်မာနကြီးသည် ဆူပူတတ်သည်ဟု မကောင်းသတင်ထွက်ပြန်၏။ ထိုကြောင့်
ဓမ္မနှင့်မယှဉ်သော သည်းခံခြင်းတရား သည်လည်း ဖောက်ပြန်တတ်ကြောင်း သာဓကပင်ဖြစ်၏။
ထိုကြောင့် သည်းခံခြင်းတရားသည်
မြင့်မြတ်သောပုဂ္ဂိုလ်တို့ရဲ့လမ်းစဉ်ဖြစ်၍ ၊ သည်းခံခြင်းတရားကိုကျင့်သုံးခြင်း ဖြင့်ဘဝမှ
မလိုလားအပ်သော ဆိုးကျိုးများမှ ဝေးကွာနိုင်ပါသည်။
သည်းခံခြင်းဖြင့်
ဘဝအောင်မြင့်မှု ရကြပါစေ
ပရိတ်ကြီးနိဿယသစ် ၊ သပြေကန်ဆရာတော်
No comments:
Post a Comment