Monday, March 12, 2012

ညီညွတ်ခြင်းဟာ မင်္ဂလာ


မင်္ဂလာတရားတော်မှာလာတဲ့ ‘တပမင်္ဂလာ’ ဆိုတာကတော့ အရိယာလမ်းကို လျှောက်လှမ်းဖို့ရာ ကိလေသာတွေ ငြိမ်းအေးစေဖို့ ဣနြေ္ဒတွေထိမ်းထိမ်းသိမ်းသိမ်း ကြိုးစားအားထုတ်ခြင်းကို ခေါ်ပါတယ်။ အချို့အဋ္ဌကာဆရာတွေကလည်း “ ခန္တီ” သည်းခံခြင်းအကျင့်ကိုလည်း ‘ တပမင်္ဂလာ’ လို့ ဆိုပြန် ပါတယ်။ မည်သို့ဖြစ်စေ.. ကိလေသာငြိမ်းကြောင်း အကျင့်တွေကို ကြိုးကြိုးစားစား အားထုတ်တာဟာ တပမင်္ဂလာပါပဲ။

စာရေးသူ ဓမ္မပဒမှာ မြတ်စွာဘုရားဟော ကြားတဲ့ “ သမဂ္ဂါနံ တပေါ သုခေါ” မှာပါတဲ့ ရဟန်းတော်များ ညီညီညွတ်ညွတ် ရဟန်းတရား ကြိုးစားအားထုတ်ခြင်းဟာ ချမ်းသာ၏ ဆိုတာကို သဘောကျလို့ “ညီညွတ်ခြင်းဟာ မဂ်လာ” လို့ နာမည်ပေးထားတာပါ။ စာဖတ်ပရိတ်သတ်ကလည်း လူငယ်များ ဆိုတော့ လူငယ်များအတွက်လည်း ခွန်အားတွေဖြစ်စေဖို့လည်းပါပါတယ်။


မြတ်စွာဘုရားလက်ထက်က ရဟန်းတွေ စကားဝိုင်းမှာ … “လောကမှာ ဘာအကောင်းဆုံးလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားဝိုင်းဖွဲ့နေကြပါတယ်။ အချို့က .. အစားအသောက် ကောင်းကောင်းမွန်မွန် စားသောက်ရတာ ကောင်းတယ်၊ အချို့က .. ကာမဂုဏ် စည်းစိမ်တွေကို ခံစားရတာ ကောင်းတယ်၊ အချို့ရဟန်းတွေကတော့..  မင်းစည်းစိမ်ဟာ ကောင်းတယ်လို့ တစ်ယောက် တပေါက် ပြောဆိုနေကြပါတယ်။

ဒီစကားဝိုင်းပြောဆိုသံကို ကြားရတော့  မြတ်စွာဘုရာက.. ရဟန်းတော်များ တရားမှန် ရရေးအတွက်  “ချစ်သားတို့.. မင်းတို့ပြောနေကြတဲ့ ကောင်းတယ်ဆိုတဲ့ လောကီးစည်စိမ်းတွေဟာ ကောင်းတယ် ဆိုပေမယ့် စာမဖွဲ့လောက်သေးပါဘူး။ လောကကြီးမှာ .. ကောင်း ၊ဆိုးနှစ်မျိုးကို ပြောပြနိုင်မယ့် ဘုရားရှင် ပွင်တော်မူလာတာ ကောင်းတယ်။ သူတော်ကောင်း တရားတော်တွေကို နာကြားရတာ ကောင်းတယ်။ သံဃာအချင်းချင်း မိတ်ဆွေအချင်းချင်း ညီညွတ်တာ ကောင်းတယ်၊ ညီညွတ်ကြတဲ့  ရဟန်းတော်တွေ .. အတူတကွ ကြိုးစားပြီး ရဟန်းတရားပွာများတာဟာ အကောင်းဆုံးပဲလို့  မြတ်စွာ ဘုရား ဟောတော်မူပါတယ်။ 

မြတ်စွာဘုရား ဆိုလိုတာက.. သီတင်းသုံးဖော်အချင်းချင်း ၊ မိတ်ဆွေအချင်းချင်း ညီညွတ်ကြမယ် ဆိုရင် နိဗ္ဗာန်ရောက်ကြောင်း တရားတွေ ကောင်းကောင်း ကျင့်နိုင်ပါတယ်ဟု ဆုံးမထားခြင်းပါ။ 
မှန်ပါတယ်…၊ မိသားစုမှာ မညီညွတ်ရင် .. စီးပွားရေးလည်းမဖြစ် စိတ်လည်း မချမ်းသာ ၊ လောကုတ္တရာ ချမ်းသာဆိုတာကတော့ ဝေလာဝေးပါ။ 

ရဟန်းတော်တွေမှာလည်း ဒီအတိုင်းပါပဲ.. အချင်းချင်းမညီညွတ်ရင်.. ဘယ်လိုရဟန်းတရားမှ အားထုတ်လို့ မရတာ ဇာတ်သာဓကတွေ အများကြီးပါပဲ။

လူငယ်များအတွက် .. “ညီညွတ်ခြင်းသည် အင်အား” ဆိုတာကို ပြောချင်လို့ပါ…၊ ဒီပုံပြင်လေးက စာဖတ်သူတိုင်း ကြားဘူးကြမယ့် .. မရိုးတဲ့ မိသားပုံပြင်လေးပါ။

တခါက… ဖခင်တစ်ယောက် အသက်ရွယ်ကြီးရင့်လာပြီး သေးခါနီးမှာ .. မညီညွတ်ကြတဲ့ သားလေးယောက်ကို ကြည်ပြီး  ညီညွတ်ရေး ဆုံးမစကားတွေ ပြောရင်ကောင်းမှာပဲလို့ အကြံရလို့ သားယောက်ကို ခေါ်လိုက်ပါသတဲ့။ အဖိုးကြီးက.. သားကြီးကို .. ထင်းစည်းချိုးခိုင်းပါတယ်။

ထင်းချောင်းများ အားလုံးညီညီညွတ်ညွတ် စုပေါင်းထားတာဖြစ်လို့ ၊ ဘယ်လိုပင် ခွန်အားစိုက် ချိုးသော်လည်း မကျိုးပါဘူးတဲ့။ ဒုတိယသားက .. မာန်အပြည့်နဲ့ ငါကတော့ ကျိုးအောင်း ချိုးနိုင်ပါတယ် ဆိုတဲ့ သဘောနဲ့ ထင်းစည်းကိုကောက်ကိုင်ပြီး ချိုပြန်ပါတယ်။ တစ်စု တစည်းတည်း စည်းထားသော ထင်းများမှာ တုပ်တုပ်မျှမလှုပ်ပါ။ တတိယကြတော့လည်း ထို့အတူပါပဲ။ နောက်ဆုံး အငယ်ဆုးံဖြစ်တဲ့  သွက်သွက်လက်လက်ရှိတဲ့ သားငယ်ကတော့ အဖိုးပေးတဲ့ ထင်းစည်းကို တစ်ချောင်းစီ တစ်ချောင်းစီ ထင်းချောင်းများ အားလုံးကုန်အောင်  ချိုးပြလိုက်ပါသတဲ့။ 


အဖိုးက .. ထင်းချောင်းလေးတွ သက်သေ သာဓကပြပြီး .. ညီအကိုလေးယောက်ကို.. သားတို့ မင်းတို့ လေးယောက်လည်း မညီညွတ်ရင်..  ညီငယ် ထင်းချောင်းလေးမျာ တစ်ချောင်းစီ ချိုးလို့ ကျိုးသလို .. မင်းတို့မှာလည်း ပတ်ဝန်ကျင်ရဲ့ အနိုင်ခံရလိမ့်မယ်။  မင်းတို့ ညီအကို လေးယောက် ညီညီညွတ်ညွတ် ..စည်းစည်းလုံးလုံး   နေကြမယ်ဆိုရင် မည်သူမှ မင်းတို့ကို နိုင်ထက် စီးနင်းလုပ်လို့ မရပါဘူးလို့ ဆုံးမတော့ ညီအကိုလေးယောက် သဘောပေါက်ပြီး တစ်ယောက်ကို တစ်ယောက် သည်းခံ ၊ခွင့်လွတ်ကာ .. သာယာအေးချမ်းတဲ့ စည်းလုံးညီညွတ်တဲ့ မိသားစုလေးဖြစ်သွားပါတယ်။

ပုံးပြင်လေးက ရိုးပေမယ့် အဓိပ္ပါယ်ရှိပါတယ်.. မိသားစုမှာပဲဖြစ်ဖြစ် ၊ အသင်းဖွဲ့မှာပဲဖြစ်ဖြစ် ၊   နိုင်ငံတည်ဆောက်ရာမှာပဲဖြစ်ဖြစ် ညီညွတ်ဖို့ အရေးကြီးပါတယ်၊ နွားကွဲရင် ..ကြားဆွဲဆိုသလို .. မညီညွတ်ရင်… အေးချမ်းမှု အောင်မြင်မှု ပန်းတိုင်တွေကတော့ လိုက်လေ ဝေးလေပါပဲ။

ညီညွတ်အောင် ကျင့်ခြင်း ၊ နေထိုင်းခြင်းဟာ မင်္ဂလာပါ..၊

No comments:

Followers

My Blog List