Wednesday, February 9, 2011

သူငယ်ချင်း စာဥထံပေးစာ (၃)

ချစ်စွာသော သူငယ်ချင်းစာဥ
ပြီးခဲ့တဲ့ စာထဲမှာ ကနေဒီယန်တချို့ရဲ့ ရယ်စရာကောင်းတဲ့ ရိုးရာ ယဉ်ကျေးမှု ပြောခဲ့တယ်နော် ဒီစာထဲမှာတော့ ကနေဒါနိုင်ငံရဲ့ ပညာရေးကို ပြောပြမလို့။

ကနေဒါနိုင်ငံမှာရှိတဲ့ ကလေးစာသင်ကျောင်းတွေကို ကြည့်ပြီ စာဥတို့ ငါတို့ ရွာဦးဘုန်းတော်ကြီးကျောင်း အောင်ထပ် မြေကြီးပေါ်မှာ အတူ စာသင့်ခဲ့ရတာကို သိပ်သတိရတယ်ဟ။ ဒီမှာကတော့ စာသင်ကျောင်းကြီးတွေ ရပ်ကွက်တိုင်းမှာ ကောင်းမှကောင်းပဲ စာဥရေ။ ယခုတော့ ရွာမှာ ပြောင်းလဲကုန်ပြီးလား မပြောတတ်ပါဘူး။ ဒီလို မပြည့်မစုံတဲ့ ငါတို့ရွာ အမြန်ပြောင်းလဲပါစေလို့ ဆုတောင်းပါတယ်။

ကနေဒါနိုင်ငံရဲ့ ပညာရေးစနစ်ကတော့ ကလေးငယ်တိုင်းအတွက် အခမဲ့ပါပဲ။ မည်သူမဆို အစိုးရမူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းတို့ကို အခကြေးငွေ ပေးစရာမလိုပဲ တက်ရောက်နိုင်တယ်စာဥ။

ဒီရောက်လာတော့ တို့တတွေ ကလေးဘဝပြန်ဖြစ်ချစ်လိုက်တာ ၊ ဘာလို့လဲဆိုတော့ စာဥ.. မင်းမှတ်မိသေး မယ်ထင်ပါတယ်။ မင်းနဲ့ငါ လေးတန်းအောင်တော့ မင်းအမေးက ကျောင်းဆက်မထားနိုင်လို့ အိမ်မှာ ဆိတ်ကျောင်း၊ နွားကျောင်းခိုင်းမယ်ဆိုပြီး ကျောင်းထွက်ခိုင်းတာလေ။ ငါ့အမေကတော့ ငါ့သားကို ပညာတတ်ကြီး ဖြစ်အောင်ထားမယ်ဆိုပြီး တရွာတကျေး မွေးရပ်မြေနဲ့ လေးနာရီလောက် လမ်းလျှောက်သွားရတဲ့ ခါးပါတ်ရွာ တွဲဖက်အလယ်တန်းကျောင်းမှာ ကျောင်းသွားထားခဲ့လို့ ခုနှစ်တန်းလောက်ပဲ တက်ခဲ့ရတာ မင်းသိပါတယ်။ ဒါတောင် အခမဲ့ မဟုတ်ဘူးစာဥ၊ ကိုယ်ထူကိုယ်ထ ကိုယ်ဆရာ ကိုယ်ငှားပြီး သင်ခဲ့ရတာဟ။

ကနေဒါနိုင်ငံမှာ ကလေးငယ်များ အသက် ခြောက်နှစ်မှစလို ဆယ်ရှစ်နှစ်ထိအောင် ကျောင်းတက်ရတယ်။ ပြည်နယ်တိုင်မှာ အခြေခံမူလတန်းကျောင်း မတက်ခင် မူကြို (Kindergarten ) တက်ရတယ်ဟ။ တို့အဲဒီအရွယ် တုန်းကတော့ ချောင်းထဲ မြောင်းထဲမှာ ငါးနှိုက် ဖာနှိုက်ပေါ့။ မင်းတောင်မှ အသက်လေးတော်တော်ကြီးမှ ဘုန်းတော်ကြီးကျောင်းရောက်လာတာပဲ ၊ အသက်ကြီးလို့ အတန်းကျော်ပြီး တို့နဲ့အတူတူဖြစ်သွားတာပဲ မဟုတ်လား။

ဒီမှာကတော့ အသက် ခြောက်နှစ် ခုနစ်နှစ်မှစလို့ အသက် ဆယ့်ခြောက် ဆယ့်ခုနစ်ထိ ပညာရေးကို မသင် မနေရ ၊ သင်ကိုသင်ရတယ်စာဥ။ ရွာမှာကတော့ ဒီလိုမဟုတ်ပါဘူး၊ မိဘက ငွေကြေးမပြည့်စုံလို့ ကျောင်းမထားနိုင်တာနဲ့ ၊ ကျောင်းသားက ကျောင်းပျင်းလို့ ကျောင်းပြေတာနဲ့ စုံလိုပါပဲ။

ဒီမှာ အသက် ဆယ့်ခြောက်နှစ်ထိ ဘယ်ကလေးမဆို တရားဝင် ကျောင်းပြေးခွင့်မရှိဘူးစာဥ။ ရွာမှာကတော့ အသက် ဆယ့်လေးနှစ်အရွယ် ဆယ့်ငါးနှစ်အရွယ်တွေ စားစရာ နေစရာအဆင်မပြေလို့ စက်ရုံ အလုပ်ရုံတွေမှာ အလုပ် လုပ်နေရတယ်လို့ မီဒီယာတွေက မကြာကြာ ကြားနေရတယ်ဟ။

ကနေဒါနိုင်ငံ ၊ ပြည်နယ်တိုင်းမှာ ပညာရေးကို အဓိက ဦးစားပေးတယ်စာဥ၊ ဒါပေမယ့် သင်ရိုးညွှန်တန်း၊ သင်ပြမည့်ဆရာအရည်အချင်း၊ စာသင်ကျောင်းဖွဲ့စည်းပုံတွေကတော့ ကွာတာပေါ့။

ပြည်နယ်ကြီးများဖြစ်တဲ့ အွန်တေးရီယိုနဲ့ကွိဘက်မှတပါး ပြည်နယ်တိုင်းမှာ ဆယ့်နှစ်တန်းထိ ကျောင်းတက်ရပြီး မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းလို့ နှစ်မျိုးခွဲထာတယ်။

အွန်းတေးရီယိုမှာ ဆယ်သုံးတန်းထိရှိတယ်၊ဒါကို (Academic Credits year) လို့လည်းသတ်မှတ်ထားတယ်။ ကွိဘက်မှာတော့ ဆယ့်တစ်တန်းထိရှိပြီး တစ်ကျောင်းနဲ့ တစ်ကျောင်း အတန်းခွဲပုံမတူဘူး။ တချို့ကျောင်း တွေမှာ အခြေခံမူလတန်းကျောင်းပြီးတာနဲ့ အထက်တန်းကျောင်းကိုသွားရပြီး၊ တချို့ကျောင်းတွေမှာတော့ မူလတန်းပြီးရင် အလယ်တန်းတက်ရတယ် ၊ အလယ်တန်းကျောင်းပြီးမှ အထက်တန်းကျောင်းသွားရတယ်။ အလယ်တန်းကျောင်းဆိုတာကတော့ ခုနစ်တန်း၊ ရှစ်တန်းကိုခေါ်တာ။

ကွိဘက်မှာကတော့ စာသင်ကျောင်းတွေဟာ ခရစ်ယာန်သာသနာပြု ကက်သလစ်နဲ့ ၊ ပရိုတက်စ်တစ် သာသနာပြုကျောင်းတွေနဲ့ ဆက်စပ်နေတယ်။ ကက်စလစ် သာသနာ ပြုကျောင်းတွေက ပြစ်သစ်ဘာသာကို အခြေခံပြီး၊ ပရိုတက်စ်တစ်သာသနာပြုကျောင်းကတော့ အင်္ဂလိပ်ကိုအခြေခံပါတယ်။ ဒီအစီအစဉ်ကတော့ ဘာသာပေါင်းစုံ တတ်မြောက်ရေုးကို ဦးတည်ပါတယ်။ ကနေဒါနိုင်ငံတဝှမ်း ကော်မြူနတီတိုင်းမှာလိုလို ဒီလိုကျောင်းခွဲလေးတွေရှိတတ်ပါတယ်။ ယခု သာဓုတို့ဆိုလည်း မြန်မာပြည်ဖွား ကလေးများကို မြန်မာစာသင်ပေးနေတယ်လေ။ တချို့ တရုတ်၊ ကုလား ကော်မြူနတီတွေမှာလည်း ဒီအတိုင်းပါပဲ။

နောက်တစ်ခုက အခမဲ့ အစိုးရကျောင်းရယ်၊ အခကြေးငွေးပေးရတဲ့ ပုဂ္ဂလိကျောင်းရယ်လို့လည်း ရှိပြန်တယ်၊ မြန်မာနိုင်ငံ မြို့ကြီးများဖြစ်တဲ့ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ကျောင်းတွေလိုပေါ့ LIBC စသည်တို့ကတော့ အခကြေးငွေပေးရတဲ့ ပုဂ္ဂလိကကျောင်းပဲ မဟုတ်လား။

တချို့မိဘတွေကတော့ ပိုပြီးစည်းကမ်းတင်းကြပ်တဲ့ ဒီလို ပုဂ္ဂလိကကျောင်းကို ထားတတ်ကြတယ်၊ ဒီလိုကျောင်းတွေမှာတော့ အင်တာနက်တို့ ၊ သင်ထောက်ကူတို့ကတော့ ပိုမိုပြည့်ပြည့်စုံစုံပေါ့။ အခငွေးကြေးပေးရတာကို။
ကနေဒါနိုင်ငံရဲ့ ပညာရေးကို ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းတွေက ထောက်ပံ့တယ်။ နောက်အစီအစဉ်တစ်ခုကတော့ အိမ်ကနေပြီး အဝေးသင်ပညာရေးစနစ်လည်းရှိသေးတယ်။

အဲဒီလို အထက်တန်းကျောင်းပြီးရင် ကောလိပ်၊ သို့မဟုတ် တက္ကသိုလ်တွေကို လေးနှစ်တိုင်တိုင် အချိန်ပြည့် တက်မှ ဘီအေ၊ သို့မဟုတ် ဘီအက်စ်စီ ဘွဲ့ရတယ်။ တချို့တော့ မဟာဝိဇ္ဇာ၊ ဒေါက်တာဘွဲ့တွေကို ထပ်ပြီး တက်ကြတာရှိတာပေါ့။
ကွိဘက်မှာတော့ ကောလိပ်၊ တက္ကသိုလ်မသွားခင် CEGEP သုံးနှစ်တက်ရတယ်၊ ဒါကတော့ လောလောဆယ် ဘဝရပ်တည်ရေးအတွက် ဘဝအသက်မွေးဝမ်းကျောင်းပညာ နည်းပညာပိုင်းဆိုင်ရာ သူနာပြု၊ ကွန်ပျူတာ၊ ရဲသိပ္ပံ၊ စစ်မှုအတက်ပညာ၊ စက်မှုလက်မှုစသည်တို့ပါပဲ။ တခြားပြည်နယ်တွေမှာရှိတဲ့ စက်မှုလက်မှု သင်တန်းကျောင်းလိုပါပဲ။ ဒီပညာရေးဟာ ဒီပလိုမာ လတ်မှတ်ပေးပြီး အခမဲ့ပညာရေးပါပဲ။

စာဥမှာတော့ ဘာဒီပလိုမာမှ မယူရပဲ၊ ဆိတ်ကျောင်းနွားကျောင်း အတက်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေတာ ယခုထိပဲမဟုတ်လား။ -_-
သတိရလျှက်
မင်းရဲ့ သူငယ်ချင်းသာဓု၊ ကနေဒါ

1 comment:

Khun Myo Min Latt said...

ကီးဘတ် (Quebec’)မှာ ကောလိပ်တက်လည်း အကြွေးနဲ့ကျောင်းစရိတ်ယူရပါတယ် ။ သက်မွေးဝမ်ကြောင်းအတွက် တတ်ချင်သူတွေအတွက်ပါ ။ Du Universite’ ဆိုရာမှာ ပညာရေး အတွက် ပိုမို အားကောင်းပြီး အမှတ်ကောင်းများ အကြွေးစနစ်နဲ့ ကျောင်းစရိတ် များများရယူလိုသူများအတွက် တကသိုလ်အတွက် တိုက်ရိုက်တက်လှမ်းပညာသင်ယူတာပါ ။ Quebec’ ရဲ့ပညာရေးကို ကျောင်းသားတွေကိုနေရာတိုင်းမှာ ဈေးနုန်းတွေလျော့ချပေးထား တာတော့ စံပြုစရာကောင်းဆုံးပါ ။ ခရီးသွားရင်လည်း ကျောင်းသား - သူတွေအတွက် Le transportation de Quebec’ Govenme’nt က အထူးဆောင်ရွက်ထားပါတယ် ။ ၄၀ ရာခိုင်နှုန်းလျှော့ချထားတာပါ ။ ကောလိပ် တကသိုလ်သွားရင်တော့ အလကားမရပါ ။ ကနေဒါနိုင်ငံမှာ အလကား ရတာ Free ဆိုမရှိပါ ။

Followers

My Blog List