Wednesday, February 23, 2011

မုန်တိုင်းနောက်က လေပြေညှင်း

နံက် ၈း၀၀ နာရီအချိန်…..
ခါးပါတ်ရွာ အထက်တန်းကျောင်း အားကစားကွင်း တစ်ကွင်းလုံး ဒေသခံ ကျေးရွာရပ်မိ ၊ရပ်ဖ ကျေးရွာသူ ကျေးရွာသားများဖြင့် ပြည့်နှက်နေသည်။ ဧည့်ပရိတ်သတ်ပေါင်း တစ်သောင်းခန့် ရှိပေမယ့်  အားကစားကွင်း တစ်ခုလုံး ငြိမ်သက်လျှက်ရှိသည်။

အထက်တန်းကျောင်း အားကစားကွင်း ပတ်ပတ်လည်တွင် လွှင့်ထူထားသော   နိုင်ငံတော်အလံများသာ   လေတိုက်သံဖြင့် တဖျက်ဖျက်ရိုက်နေသည်။   လေပြေ လေညှင်းလေးက ဖြည်းညှင်းစွာ တိုက်နေသောေ ကြာင့်  သက်မဲ့ဖြစ်သော စိမ်းလန်းနေသော သစ်ပင်များနှင့် လွင်ထူထားသော    နိုင်ငံတော်အလံများရဲ့ အသံများသည်သာ တဖျပ်ဖျပ် ထင်ထင်ရှားရှား ကြားနေရသည်။

အရှေ့ကျွန်းမှ ပေါ်ထွက်လာသော နေမင်းကြီးကလည်း နံက်ပိုင်းဖြစ်သဖြင့် ပူပြင်းလှသည်ဆိုသော အညာဒေသရဲ့ သရုပ်သဏ္ဍန်ကို တုန့်ပြန်လျှက် မအေးလွန်း မပူလွန်း သာသာယာယာ ရှိလှသည်။

အားကစားကွင်း ရှေ့ပိုင်း၏ ညာဘက်ခြမ်းတွင် နယ်ခံ အဘိုးအဘွားများက တည်ငြိမ်စွာဖြင့်    နေရာယူထားသည်။ စင်မြင့်၏ ရှေ့ပိုင်း ဘယ်ဘက်ခြမ်း ထိုင်ခုံ တစ်ရာကျော်ခန့်ကို နေရာလွတ် သီးခြား ချန်လှပ်ထားသည်ကို တွေ့ရသည်။

ဤနေရာလွတ်များသည် အားကစားကွင်း ဝင်လမ်းတွင် နိုင်ငံတော်အလံများကို   ဝှေ့ရမ်းကာ   စောင့်နေသော မူလတန်းကျောင်းသားလေးများအတွက် ချန်လှပ်ထားခြင်းဖြစ်သည်။

ထူးထူးကဲကဲ ဤပွဲတွင် နိုင်ငံခြားသို့ ဤကျေးလက်ဒေသမှ သာသနာပြုကြွရောက်နေသော ဆရာတော်များ လည်း စတိတ်ခုံ စင်မြင့်ပေါ်တွင် သီးခြားနေချထားသည်ကိုတွေ့ရသည်။ ပိုမိုထူးခြားသည်မှာ ဤဒေသမှ နိုင်ငံရပ်ခြား အသီးသီးသို့ရောက်နေသော ၊ စီးပွားရေးသမားများ၊ ပညာရှင်များအားလုံး စုံစုံညီညီ တက်ရောက် လာခြင်း ဖြစ်သည်။

ထိုပြင် ဤရွာကလေးမှ နိုင်ငံတော်တွင် ကျရာတာဝန်ကို နယ်အသီးသီး သွားရောက်ထမ်း ဆောင်နေသော ဆရာ၊ ဆရာမများ၊ ရှေ့နေများ၊ သစ်တောဌာနနှင့် စိုက်ပျိုးရေးဌာနမှ မန်နေဂျာများ စသော ဤဒေသမှ နိုင်ငံတော် ဝန်ထမ်းများအားလုံးနီးပါး ဤအခမ်အနားသို့ စုံညီစွာရောက်ရှိနေသည်။

ဤဒေသတွင် လွန်ခဲ့သော နှစ်လေးဆယ်ခန့်က အစိုးရမူလတန်း တစ်ကျောင်းသာရှိခဲ့သည်။ အသက် လေးဆယ်ကျော် ငါးဆယ်အရွယ်ရှိ ဒေသခံများသည် ဘဝမုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရသည်။ ဘဝမုန်တိုင်းဟု ဆိုခြင်းထက် နိုင်ငံရေး အပြောင်းအလဲ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရသည်ဟု ဆိုလျှင် ပို၍မှန်မည်ဟုထင်ပါသည်။

သို့သော်လည်း ဤရွာ၏ ရပ်မိရပ်ဖများသည် ပညာရေးကို ဦးစားပေးသည်။ ရွာ၏ မိရိုးဖလာ အလုပ်အကိုင်မှာ တောင်ယာ လယ်ခုတ်ဖြစ်သော်လည်း အမျှော်အမြင်ကြီးစွာဖြင့် သားသမီးများ၏ ပညာရေးကို ဦးစားပေး ကျောင်းထားလေ့ရှိသည်။ ထို့ကြောင့် ၁၉၈၃-ခုနှစ်လောက်စ၍ ကိုယ်ထူကိုယ်ထ ကျာင်းဆရာများ ငှားကာ တွဲဖက်အလယ်တန်း ကျောင်းကိုဖွင့်နိုင်ခဲ့သည်။ ကျေးလက်ဒေသမှ ဆယ်တန်းအောင်သော ကျောင်းသားများနှင့် ဘွဲ့ရပုဂ္ဂိုလ်များကလည်း တက်စွမ်းသလောက်   ကျေးလက်ဒေသ၏ တွဲဖက်အလယ်တန်းကျောင်းတွင် ပြန်လည် လုပ်အားပေးလေ့ရှိသည်။ သို့အတွက်ကြောင့် ညာတတ်များ အချိန်တိုအတွင်း ပေါ်ထွက်လာခဲ့ပြီး ၊ အစိုးရ အလယ်တန်းကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည်။

ထိုမှတဆင့် တွဲဖက်အထက်တန်းကျောင်း ၊ အစိုးအထက်တန်းကျောင်းများကို ကိုယ်ထူကိုယ်ထ ကြိုးစားမှုဖြင့် တိုးမြင့်နိုင်ခဲ့သည်။ ဤကျေးလက်ဒေသမှ မွေးထုတ်ပေးလိုက်သော အစိုးရအရာရှိများ၊ နိုင်ငံခြားသို့ အခြေအနေ အမျိုးမျိုးကြောင့် ရောက်ရှိနေကြသော စီးပွားသမား များနှင့် နိုင်ငံခြားသာသနာပြုဆရာတော်များက ကျေးလက်ဒေသကျောင်းကို သံယောဇဉ်ဖြင့်    ပြန်လည် ထောက်ပံ့လှူဒါန်းကြသည်။ ပညာရေးကို ကူညီအားပေး ကြသည်။ လက်ရှိ နှစ်ထပ်ဆောင် အထက်တန်းကျောင်းကြီးဆိုလျှင် နိုင်ငံခြားသို့ ရောက်ရှိနေသော ဤကျေးလက်ဒေသမှ ဆရာတော်များနှင့် လုပ်ငန်းရှင်းများမှ စုပေါင်းလှူဒါန်းထားဖြစ်သည်။

ပြီးခဲ့သောနှစ် (၂၀) ကာလအတွင်း ဤကျေးလက်ဒေသလေးသည် အတော်ပင် ပြောင်းလဲသွားသည်။ ကိုယ်ထူကိုယ်ထ တောင်ကျ ချောင်းရေများကို တားဆီး၍ ပြုလုပ်ထားသော ဆယ်မြောင်းတာတမံများမှ လျှပ်စစ် မီးများကြောင့် ကျေးလက်ဒေသတစ်ခုလုံး၊ တစ်ရွာလုံး မီးထိန်ထိန်လင်းနေသည်။ ဆက်သွယ်ရေး တယ်လီဖုံးလိုင်းများလည်း အိမ်တိုင်းလိုလို ရှိလာခဲ့သည်။ ကုန်ထုတ်လုပ်မှုများမှာလည်း အရင်တုန်းကနှင့် မတူတော့။ နိုင်ငံခြားရောက် ပညာရှင်များ အကူအညီးဖြင့် ဤဒေသထွက် ကုန်ကြမ်းပစ္စည်းများကို ဤဒေသ၌ပင် ကုန်ချော ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်သည့် အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။

 ဤကျေးလက်ဒေသမှ ထွက်သောပဲ၊ ကြက်သွန်များကိုလည်း နိုင်ငံခြားသို့တိုက်ရိုက် တင်ပို့နိုင်သော အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ဤကျေးလက်ဒေသမှ ထွက်ရှိသော သစ်တောထွက်ပစ္စည်းများကို သစ်တောဌာနတွင် လုပ်ကိုင်နေသော ဤနယ်မှ ပညာရှင်များအကူအညီဖြင့် နိုင်ငံခြားသို့တင်ပို့နိုင်သော လူသုံးကုန်ပစ္စည်းများဖြစ် ထုတ်လုပ်နိုင် သည့်အဆင့်ထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ ဤဒေသမှထွက်သော ဝါဂွမ်းများကို လွန်ခဲ့သော နှစ် (၂၀) ကျော်က ဒေသခံအမျိုးသမီးများ လက်ယက်ကန်းဖြင့် ကိုယ့်အဝတ် ကိုယ်ချုပ်ဝတ်ခဲ့သော်လည်း ယခုဆိုရင် ခေတ်မှီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အညီ စက်ရက်ကန်းမျာဖြင့် ယက်ကာ နိုင်ငံခြားသို့ တင်ပို့နိုင်သည့်အပြင် အထည်ချုပ် စက်ရုံများလည်း တည်ရှိနေပြီဖြစ်သည်။

 စိုက်ပျိုးရေးတွင်လည်း ဤကျေးလက်ဒေသမှ စိုက်ပျိုးရေးပညာရှင်များ၏ အကူအညီဖြင့် ဒေသခံ တောင်သူ ဦးကြီးများသည် သီးထပ်၊ သီညှပ် စိုက်ပျိုးခြင်း ၊ အတန်းလိုက်စိုက်ပျိုးခြင်း၊ကို လုပ်ဆောင်နိုင်ခဲ့သည်။ မိုးရေကို အလဟဿမဖြစ်အောင် လယ်ကန်သင်းများကို ကောင်းစွာတည်ဆောက်နိုင်ခြင်းတို့အပြင် ဆည်မြောင်းတာတမံများတည်ဆောက်၍ လယ်ယာမြေများဆီသို့ ရေအလုံအလောက် ပို့ဆောင်နိုင်ပြီ    ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း (၂၀)ခန့်က ဤကျေးလက်ဒေသတွင် မော်တော်ကား မြင်တွေ့ရန်မှာ ခက်ခဲလှသည်။ တခါတရံ ခရီးကြုံလို့ မော်တော်ကားများ ရွာထဲသို့ရောက်လာလျှင် ကလေးငယ်များ အပြေးအလွှား ထွက်ကြည့် ကြသည်။ ကျေးရွာအဘိုးအဘွားများအနေဖြင့် လျှပ်စစ်မီးဆိုတာ မြို့သူမြို့သားတို့ရဲ့ အသုံး အဆောင်ဟု ခံယူ ထားပြီး အိမ်မက်ပင် မမက်ခဲ့ဘူးကြ။ ဖရောင်းတိုင် ၊ ရေနံဆိမီးခွက်ကို အသုံးပြုကာ ဘဝရပ်တည်ခဲ့ကြရသည်။ အချို့ အဘိုးအဘွားများ နိုင်ငံခြားဆိုတာဝေလာဝေးလို့၊ ရန်ကုန်မြို့ကိုပင် မရောက်ဘူးကြ။ ဒေသခံ အဘိုးအဘွားများ တယ်လီဖုန်းဆိုတာ ဘာမှန်းမသိခဲ့ကြ။

ယခုတော့ အတော်ပင်ပြောင်းလဲသွားခဲ့ပြီ။ ဤဒေသကျေးရွာမှ မြို့သို့ နေ့ချင်းပြန်သွားနိုင်သော ကားများ ဆိုင်ကယ်များ ပိုင်ဆိုင်ထားကြပြီ။ ဤကျေးလက်ဒေသမှ ကမ္ဘာ့နေရာအနှံ့အပြားသို့ ရောက်နေသော မိတ်ဆွေ သူငယ်ချင်းများကို ဂဏန်းခြောက်လုံး နှိပ်လိုက်ရုံဖြင့် မိနစ်ပိုင်းအတွင်း စကားပြောနိုင်ပြီဖြစ်သည်။
ဤကျေးလက်ဒေသ ဤနယ်လေးကား အပြောင်းအလဲကြီး ပြောင်းခဲ့ပါပြီ။

ဤကျေးလက်ဒေသကား ဘဝမုန်တိုင်းဒဏ်မှ သားယာအေးချမ်းသော လေပြေလေညှင်းများ တဖြည်းဖြည်း ချင်းတိုက်ခိုက်နေပါပြီ။

အားကစားကွင်း တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်ရာမှ…
အခမ်းအနားမှူးရဲ့ ပထမဆုံး စကားသံပေါ်ထွက်လာသည်…
“ လူကြီးမင်များနှင့် ရပ်မိရပ်ဖများအားလုံး “…..” ကိုကြိုဆိုသောအားဖြင့် နိုင်ငံတော် သိချင်းကို သံပြိုင်ရွက် ဆိုကြပါရန်…”

“ ကမ္ဘာ မကျေ မြန်မာပြည်
တို့ဘိုးဘွား အမွေစစ်မို့
ချစ်မြတ်နိုးပေ။
ပြည်ထောင်စုကို အသက်ပေးလို့
တို့ကာကွယ်မလေ။
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။
တို့ပြည် တို့မြေ အကျိုးကို
ညီညာစွာ တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ
တို့တာဝန်ပေ
အဖိုးတန်မြေ။”

ကြွရောက်လာသော ပရိတ်သတ်များအားလုံးက လက်ခုံသြဘာပေး၍ ကြိုဆိုကြသည်။ သူလည်း ကျောင်းသူ၊ ကျောင်းသားလေးများနှင့် အဘိုးအဘွားများကို သေသေချာချာ တစ်ဦးစီ ဝမ်းပန်းတသာ လိုက်လံ နှုတ်ဆက်နေသည်။ ထိုသို့ နှုတ်ဆက်ပြီးနောက် စကားပြောကြားရန် စင်မြင့်ပေါ်သို့ ရောက်ရှိသွာသည်။

သူက….

ဤပွဲကြီးကို ဖြစ်မြောက်အောင် ဦးစီးလုပ်ဆောင်းကြသော ၊ ဖြစ်မြောက်ရေးကော်မတီများ၊ ဤဒေသမှ ပြည်ပ နိုင်ငံအသီးသီးတွင်ရောက်နေသော သာသနာပြုဆရာတော်များနှင့် စီးပွားရေး ပညာရှင်များ၊ ဤဒေသမှ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြသော   နိုင်ငံတော်ဝန်ထမ်း များ၊ ဒေသခံရပ်မိ ရပ်ဖများ ကျောင်းသား ကျောင်းသူများအား ဦးစွာကျေးဇူး တင်ကြောင်း..

အထူးကျေးဇူးတင်စကား ပြောကြားလိုသည်မှာ ဤအခမ်းအနားတွင် ရှေ့ဆုံးမှ ထိုင်နေသော အသက်(၈၀) အရွယ် ကျေးဇူးရှင် မိခင်ကြီးအား အထူးကျေးဇူးတင်ရှိကြောင်း….

ပရိတ်ကြီးမှ လက်ခုတ်သြဘာသံများ အားကစားကွင်း တစ်ခုလုံးဆူဆူညံသွားသည်။
မိခင်ကြီးလည်း ကျေနပ်ဝမ်းသာပီတိဖြင့် ထိုင်ရာမှထကာ ပရိတ်သတ်များအား လက်ပြနှုတ်ဆက်သည်။
ခေတ္တမျှ ငြိမ်သက်ပြီးနောက်… သူ့ထံမှ…. စကားသံ ပြန်လည်ပေါ်ထွက်လာသည်။ ဤပွဲကို အမေလို မတက်ရောက်နိုင်သော ဘဝတပါးမှ အဖေအားလည်း ကျေးဇူးတင်ကြောင်း။ သူ.. ငါးနှစ်ခန့်က ဘဝတစ်ပါး ပြောင်းသွားသော ဖခင်ကြီးသည် သား…ကို ယခုလိုမြင်တွေ့ရလျှင် ဝမ်းသာမှာ ဖြစ်ကြောင်း ၊ ဖခင်ကြီးသည် သူ့ကို တမလွန်မှ မြင်နိုင် ကြားနိုင်မှာဖြစ်ကြောင်း သူ ..စင်မြင့်ပေါ် ရောက်လာရခြင်းသည် ဖခင်ကြီး၏ အိမ်မက်ကို အကောင်းအထည် ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း..။

ဖခင်ကြီးမှာ... ကျေးလက်ဒေသ ဆေးပညာဖွံ့ဖြိုးမှု နောက်ကျသောကြောင့် မသေသင့်ပဲ.သေခဲ့ရကြောင်း၊ ဖခင်ကဲ့သို့ပင် မသေသင့်ပဲ သေကြရတဲ့ သူတွေ မြန်မာနိုင်ငံ နေရာ အနှံ့အပြားမှာ ရှိနေကြောင်း၊ ဖခင်ကြီးသည် အသေစောပေမဲ့ ၊သားသမီးများအတွက် အနာဂတ် အိမ်မက်ကောင်း များကို မွေးထုတ်ပေးခဲ့ကြောင်း သူကိုယ်တိုင် ဘဝမုန်တိုင်း ၊ နိုင်ငံရေးမုန်တိုင်းဒဏ်ကြောင့် နွားများကို ခိုင်းကာ တောင်ယာလုပ်ခြင်းမှ ခေတ်မှီ ဖွင့်ဖြိုးတိုးတက်တဲ့ နိုင်ငံများလို စက်များကို အသုံးပြုကာ   တောင်ယာလုပ်ကိုင်ခြင်းကို အိပ်မက် မက်ခဲ့ကြောင်း ယခုအခါ ဖခင်ကြီး၏ အိပ်မက်ကို သူက… အကောင်အထည်ဖေါ် လုပ်ဆောင်နေပြီဖြစ်ကြောင်း..။

ပရိတ်သတ်များထံမှ သြဘာလက်ခုတ်သံများ ထွက်ပေါ်လာသည်။

ထိုနောက်.. ဤအခြေအနေသို့ရောက်အောင် ပြုစုပျိုးထောင်ပေးသော မိခင်ကြီးအားလည်း အထူးကျေုးဇူး တင်ကြောင်း ၊ အမေရဲ့ ရဲရဲတောက်သတ္တိဖြင့် စောင့်ရှောက်မှု မပါဘဲ သူ.. ဘယ်လိုမှ ယခုလိုစင်မြင့်    ပေါ်သို့ ရောက်လာမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

သူ.. အသက် ငါးနှစ်လောက်မှာ ဖခင်ကြီးကွယ်လွန်သွားပေမယ့် ၊ မိခင်ကြီးသည် ရဲရဲတောက် သတ္တိနဲ့ သားငါးယောက် သမီးနှစ်ယောက်ကို ပြောင်မြောက်စွာ ဘဝတည်ဆောက်ပေးနိုင်ခဲ့ကြောင်း ၊ မိခင်ကြီး၏ အားပေးမှုကြောင့် ၊ မြန်မာနိုင်ငံတွင် အဆင့်မြင့်ပညာကို လေ့လာသင်ကြားခွင့်ရပြီး နိုင်ငံခြား တိုင်းပြည်အထိ နိုင်ငံတကာ ဥပဒေပညာရပ်များကို သင်ယူတက်မြောက်ခဲ့ကြောင်း၊ နိုင်ငံခြားတွင် ဘွဲ့ယူပြီး မိမိတိုင်းပြည် မိမိလူမျိုးတို့ လူသားအာလုံး၏ လူအခွင့်အရေးကို နားလည်အောင် ၊ ကုန်ထုတ်လုပ် မှုတွင် နိုင်ငံတကာအဆင့်မှီ ပြုပြင်ပြောင်းလဲ လိုသော ၊ ဖခင်ရဲ့ ဆန္ဒကို အကောင် အထည်    ဖော်ဆောင်လိုသောကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ကြောင်း ၊ ယခုတော့ ဖခင်ရဲ့ အိပ်မက်နှင့် သူရဲ့ အကြံအစည်များသည် ကျေးလက်ဒေသခံလူကြီးများ နှင့် မြန်မာနိုင်ငံတဝှမ်း အာပေး မှုကြောင့် နိုင်ငံတကာအဆင့်မှိ စီးပွားရေးလမ်းကြောင်းပေါ်သို့ ရောက်နေပြီ ဖြစ်ကြောင်း…။

ယခုပွဲသည်လည်း မိမိမွေးရပ်မြေကျေးလတ်ဒေသမှ ပညာရှင်များ စုပေါင်းလှူဒါန်းထားသော နိုင်ငံတော် အဆင့်မြင့် အထက်တန်းကျောင်းဆော်ဖွင့်ပွဲနှင့် ကွယ်လွန်သွားသော ဖခင်ကြီးအားဂုဏ်ပြုသောအားဖြင့် “ အဖေ ပညာသင်ဆု” ကို နှစ်စဉ်နှစ်တိုင်း ဤကျေးလက်ဒေသမှ ထူးချွန်သူ ကျောင်းသာ (၁၀) ရောက်ကို အပြည်ပြည်ဆိုင်ရာ ပညာသင်ဆု ချီးမြှင့်မှာဖြစ်ကြောင်း…….မိန့်ကြားသံကြားရသောအခါ…။

ကြွရောက်လာကြသော ပရိတ်သတ်များနှင့် ကလေးသူငယ်များလည်း ဝမ်းသာအားရ လက်ခုပ် သြဘာများ ပေးကြလေသည်။

ပရိတ်သတ်များ အားလုံးထဲတွင် ပီတိမျက်ရည်ဝေခဲ့သူကား သူရဲ့ မိခင်ကြီးပင်ဖြစ်ပါသည်။
သူဆိုသည်ကာ.. လွတ်လပ်သော တရားမျှတသော မြန်မာနိုင်ငံရှိ ပြည်သူများ၏ မဲဆန္ဒဖြင့် သမ္မတဖြစ်လာသော ၊ ဒီမိုကရတ်တစ် မြန်မာနိုင်ငံ၏ ဒုတိယမြောက် “ သမ္မတ ” ပင်ဖြစ်ပါသည်။

2 comments:

ရသဝတ္ထုတိုရွေးချယ်ခြင်း said...

လာရောက်ဖတ်ရှုပါတယ်။

minn thuka said...

လာရောက် မှတ်သားလေ့လာသင်ယူသွားပါသည်။

Followers

My Blog List