Monday, January 19, 2015

ကနေဒါစင်တာ(မြန်မာ)

၁)
၁၁.၀၁ .၂၀၁၅ တနင်္ဂနွေည  (၁၂ ) နာရီလောက်က.. ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမှ ၊ မြန်မာနိုင်ငံ၊ ကျောက်ပန်းတောင်းမြို့ ၊သနပ္ပင်ရွာတွင် တည်ဆောက်မည့် ကျေးလက်ဒေသ ပညာရေး ကျန်းမာရေး ဖွင့်ရေး ကနေဒါစင်တာ ဖြစ်မြောက်ရေးတာဝန်ခံများ…  ကျေးလက်ဒေသဆီသို့ .. ခရီးနှင်လို့သွားပါပြီ…၊

 ဒီပရဟိတခရီးစဉ်ကို  စာရေးသူ ကိုယ်တိုင် မချီတက်နိုင်သေးပေမယ့်…၊
 စာရေးသူတို့   စုပေါင်းလို့ လှူဒါန်းလိုက်တဲ့ ဒေါ်လာတွေဟာ.. ကျေးလက်ဒေသက လူများအတွက် ၊ အနာဂတ်အတွက် ဘဝအလင်းရောင်များပါလားဆိုတာကို တွေး၍ တွေး၍  ဝမ်းသာ ကြည်နှုးနေမိပါတယ်…၊

စာရေးသူတို့ ကနေဒါမှာ Starbucks ကော်ဖီ တစ်ခွက် ၂-ဒေါ်လာကျော် ပေးရပါတယ်။ တစ်နေ့ကို နှစ်ခွက်သောက်မယ်ဆိုရင် တစ်နေ့ကို (၅) ဒေါ်လာပေါ့…၊  စာရေးသူ ဆုံးဖြတ်လိုက်ပါတယ်…၊  တစ်နေ့ (၅)ဒေါ်လာပေးပြီး ကော်ဖီကို မသောက်တော့ဘူး ။ ဒီကော်ဖီဖိုး  ၅-ဒေါ်လာကို  ပညာရေး၊ ကျန်းမာရေး အမှောင်ကြနေတဲ့
 မြန်မာနိုင်ငံ ကျေးလက်ဒေသကို လှူဒါန်းမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

၂)
စာရေးသူ  ဒီလို ကျေးလက်ဒေသ ဖွင့်ဖြိုးရေး လုပ်ဖို့ စိတ်ကူးပေါ်လာတက .. ၂၀၁၂-ခုနှစ်မြန်မာပြည် ပြန်ရောက်တုန်းက ၊ ကျောင်းဆက်တက်ချင်ပေမယ့် ဆက်တက်ခွင့် မရတဲ့ တူမလေး တစ်ယောက်ကို ကိုယ်တွေ့ ခံစားခဲ့ရလို့ပါ.၊

စာရေးသူက ပြည်ပရောက်တာ (၁၂) နှစ်လောက်ရှိပြီဆိုတော့၊ စာရေးသူနိုင်ငံခြားထွက်စက..ဒီတူမလေးဟာ တစ်နှစ်ကျော် နှစ်နှစ်လောက်ပဲရှိအုန်းမှာပါ..၊ 
၂၀၁၂-ခုနှစ် စာရေးသူ မြန်မာပြည်ပြန်ရောက်တော့ ၁၂-နှစ်သမီး သတ္တမတန် ကျောင်းသူဖြစ်နေပါပြီ..၊

၁၂-နှစ်ကျော်ဝေးကွာပြီး  ဦးဘုန်းကြီးကို မမြင်ဘူးပေမယ့်…၊ ဦးဘုန်းကြီး မြန်မာပြည် ပြန်ရောက်တယ်ဆိုတော့ ကျေးလက်ဒေသမှ ရန်ကုန်ကို တက်လာပါတယ်။ သွေးက စကားပြောလားမသိ..၊ တူမလေးဟာ ဦးဘုန်းဘုန်းကို .. ရင်းရင်းနှီနှီးပဲ နုတ်ဆက်စကားပြောပြီး သူဖြစ်ချင်တွေ ပြောပြပါတော့တယ်။

တူမလေးဟာ.. ဒီနှစ် ၇-တန်းအောင်ရင် .. ရွာမှာ အထက်တန်းကျောင်းမရှိတော့တဲ့အတွက် မြို့ကို ပြောင်းပြီး ကျောင်းတတ်ရတော့မယ်၊ ဒီလိုမြို့ကို ကျောင်းတတ်ဖို့အတွက် အမေက ၊ကျောင်းစရိတ်မတတ်နိုင်လို့ ကျောင်း ဆက်မထားတော့ဘူးလို့ မျက်ရည်ဝဲကာ ပြောလာပါတယ်။

တူမလေးရဲ့ အဖေ.. စာရေးသူရဲ့ အစ်ကိုဟာ တူမလေး တစ်နှစ်သမီးလောက်ကတည်းက ဆုံးသွားခဲ့ပါတယ်။ သမီး (၃) ယောက် သားတစ်ယောက်ကျန်ခဲ့ပါတယ်။ သားကိုတော့ စာရေးသူက တာဝန်ယူပြီး ကိုရင်ဝတ်ပေးလိုက်ပါတယ်။

တူမလေးက ဒီလို ဝမ်းနည်းစွာနဲ့ လာပြောတော့ စာရေးသူက ငါကျောင်းစရိတ်ထောက်မယ်၊ ရန်ကုန်မှာ ကျောင်းလာတက်ပါလားဆိုတော့ တူမလေး သိပ်ပျော်သွားတယ် ၊ ရွာရောက်ရင် အမေ့ကို ပြောမယ်တဲ့။ စာရေးသူလည်း ဒီတူမလေးတစ်ယောက်ကိုတော့ ပညာရေးထောက်ပံ့နိုင်ပါတယ်လို့ ဝန်ခံကတိပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ခရီးစဉ်ပြီး ၊ ကနေဒါပြန်ရောက်တော့ တူမလေး ကျောင်းဆက်တက်ဖြစ်သလားလို့ ဆက်သွယ်မေးကြည့်တော့ မတက်ဖြစ်တော့ဘူးတဲ့။

ဘာကြောင့်လည်းဆိုတော့ .. အမေဖြစ်သူက.. တူမလေး ရန်ကုန်မှာ ကျောင်းတက်ရင် အိမ်မှာ ကူညီမယ့်သူမရှိလို့ ကျောင်းထွက်ခိုင်းလိုက်ပြီတဲ့ ။
စာရေးသူလည်း ဘာမှ မတတ်နိုင်တော့ပါ…၊ 
 ဒီလို့နဲ့ပဲ.. တူမလေးတစ်ယောက် အမှောင်ထဲကို ပြန်ရောက်သွားပါတယ်။

၃)
၂၀၁၄-ခုနှစ် နိုဝင်္ဘာလ လောက်မှာတော့  မိခင်ကြီးဆုံးသွားခဲ့ပါတယ်  ကျန်ရစ်သူ ညီအစ်ကို မောင်းနှမများက စားရေးသူရဲ့ဆန္ဒအတိုင်း ၊ မိခင်ကြီးအိမ်ကို ၊  ကျေးလက်ဒေသဖွင့်ဖြိုးရေးအတွက် လှူဒါန်းလိုက်ပါတယ်။

ဒီကနေဒါစင်တာကြီးဟာ.. စားရေးသူရဲ့တူမလို့.. ကျောင်းဆက်မတက်နိုင်တဲ့.. ၊အမှောင်ထဲကို ရောက်နေတဲ့  ကျေးလက်ဒေသက ကလေးငယ်အတွက် ပညာတန်းဆောင်ပြီးဖြစ်လာမှာကို တွေးပြီး ဝမ်းသာ နေမိပါတယ်။

ယခု ပထမသုတ် ကနေဒါစင်တာ ဖြစ်မြောက်ရေးအဖွဲ့ကလည်း …၊ ကျေးလက်ဒေသမှာရှိတဲ့ ကလေးငယ်များအတွက် ..၊ကျောင်းသုံးပစ္စည်းများ လှူဒါန်းသွားမှာဖြစ်ပါတယ်။

ကနေဒါစင်တာကြီး ပြီးမြောက်သွားတဲ့အခါ အကူညီမဲ့နေတဲ့ ကျေးလက်ကလေးတွေကို …၊ လက်တဖက် ကမ်းလှမ်းရင်း ..၊ လက်တွဲခေါ်ကာ …၊  ပညာအလင်းရောင်ဆီသို့… အတူ လျှောက်လှမ်းကြမည်ကို တွေးတောကာ ဝမ်းသာကြည်နှုးမိရင်းဖြင့်…..

No comments:

Followers

My Blog List