ခြိုးခြံစွာ ကျင့်သုံးနေထိုင်ခြင်း သည် မင်္ဂလာတစ်ပါးဖြစ်သည်။ အောက်ပါ ပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။
ရှေးသရောအခါ ဗာရာဏာသီပြည်တွင် ကုဋေ ရှစ်ဆယ် ကြွယ်ဝသော ဗြာဟ္မဏ သူဌေးလင်မယား နှစ်ယောက် ရှိ၏ ။ သူတို့တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်။ သားကို ‘‘အကိတ္တိ’’ ဟု အမည်ပေး၍ သမီးကို ‘‘ယသဝတီ’’ ဟု အမည်ပေးသည်။
အကိတ္တိ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်သို့ သွား၍ ပညာဆည်းပူးသည်။ ပညာများ တတ်မြောက်သောအခါ မိဘတို့ထံ ပြန်လာသည်။ နှစ်အတန်ကြာသောအခါ မိဘနှစ်ပါး ကွယ်လွန်သွားသည်။ များပြားလှသော ဥစ္စာပစ္စည်းများကို အကိတ္တိတို့ မောင်နှမ ရရှိကြသည်။ သို့ရာတွင် အကိတ္တိက ဥစ္စာတို့ကို မယူ။ ရသေ့ရဟန်းပြုမည်ဟု ဆိုလျက် နှမငယ်အား ပစ္စည်းဥစ္စာ အားလုံးကို ပေးအပ်သည်။ သို့ရာတွင် နှမငယ်ကလည်း မယူပေ။
‘‘မောင်ကြီး၊ ကျွန်မသည် မောင်ကြီး စွန့်ပစ်သော တံတွေးကို ဦးခေါင်းဖြင့် မခံလိုပါ။ ဥစ္စာကို အလိုမရှိပါ။ မောင်ကြီးနှင့် အတူ ရသေ့ အဖြစ်ခံယူ နေထိုင်လိုပါသည်’’ ဟူ၍ ဆို၏ ။
သို့ဖြင့် သူတို့မောင်နှမသည် ရှိသမျှ ဥစ္စာတို့ကို လှူဒါန်းစွန့်ကြဲပြီးလျှင် ဗာရာဏာသီပြည်မှ ထွက်ခဲ့ကြ၏ ။ သုံးယူဇနာ ကွာဝေးသော တောအရပ်တွင် ကျောင်းသင်္ခမ်းဆောက်၍ ရသေ့ရဟန်းပြုကာ နေထိုင်ကြ၏ ။
အကိတ္တိရသေ့ကို ကြည်ညိုကြသဖြင့် လူအများပင် ရသေ့ပြုလာကြ၏ ။ အခြံအရံ များလာ၏ ။ လာဘ်ပူဇော်မှုလည်း များလာ၏ ။
ထိုအခါ အကိတ္တိရသေ့သည် မနှစ်မြို့။ နှမငယ်ကိုပင် အသိမပေး။ တစ်ကိုယ်တည်း ထွက်ခဲ့ပြီးလျှင် ဥယျာဉ်တစ်ခု၌ တစ်ပါးတည်း နေထိုင်သည်။ တရားကို ကြိုးစားအားထုတ်၏ ။ ထို့ကြောင့် မကြာမှီပင် ဈာန်ရ ရသေ့အဖြစ်သို့ ရောက်ရှိသွားလေသည်။ ထိုအခါ လူအများ ရောက်လာကြပြီး ပူဇော်ကြပြန်၏ ။ လာဘ်လာဘတို့ ပေါများလာပြန်၏ ။ အကိတ္တိရသေ့ မနှစ်မြို့နိုင်ပြန်။ ထိုနေရာမှ ဖယ်ခွါ၍ လူသူဝေးသော ကျွန်းတစ်ကျွန်းသို့ သွားရောက် နေထိုင်၏ ။ ထိုကျွန်းရှိ ကံပြင်းပင်ကြီးကို အမှီပြုလျက် ကျောင်းဆောက်၍ တစ်ပါးတည်း နေုထိုင်၏ ။
အကိတ္တိရသေ့သည် အလွန်ခြိုးခြံစွာ နေထိုင်၏ ။ ကံပြင်းပင်ကြီး အသီးသီးသောအခါ အသီးကို စား၏ ။ အသီးမရှိသောအခါ အရွက်ကိုပြုတ်၍ စား၏ ။ အစာကို ခြိုးခြံစားရုံမက အအိပ်၊အနေ ကိုလည်း ခြိုးခြံ၏ ။ တရားကိုသာ အထူးကြိုးစား အားထုတ်၏ ။
ထိုအခါ သိကြားမင်းသည် အကိတ္တိရသေ့ကို စူးစမ်းရန် ပုဏ္ဏားအသွင် ဖန်ဆင်း၍ လာရောက် အလှူခံ၏ ။ ထိုအချိန်မှာ အကိတ္တိရသေ့သည် အစာအတွက် ကံပြင်းရွက်ပြုတ် စားမည်ဟု ပြင်ဆင်နေချိန် ဖြစ်သည်။ ပုဏ္ဏားက ကံပြင်းရွက်ပြုတ်ကို အလှူခံရာ အကိတ္တိရသေ့က သူစားမည့်ကံပြင်းရွက်ပြုတ်အား ပေးလှူ၍ အစာမစားပဲခြိုးခြံစွာ နေထိုင်သည်။
ဤသို့လျင် သိကြားမင်းသည် သုံးရက်တိုင်လာ၍ သုံးကြိမ်အလှူခံ၏ ။ အကိတ္တိရသေ့ကလည်း ရှေးနည်းအတိုင်း လှူမြဲလှူသည်။ သုံးရက်မြောက်သောအခါ သိကြားမင်းက ကိုယ်ထင်ပြလျှက် “မည်သည့်အရာကို တောင့်တ၍ ဤသို့လှူပါသနည်း” ဟု မေးမြန်း၏။
အကိတ္တိက “ငါသည် နတ်စည်းစိမ်၊ သိကြားစည်းစိမ်ကို မလို၊ ဘုရားအဖြစ်ကို လိုသဖြင့် ဤသို့ခြိုးခြံစွာ နေထိုင်ကာ တရားအားထုတ်နေခြင်း ဖြစ်သည်” ဟု ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသော် သိကြားမင်းသည် အလွန်ကြည်ညိုလှသဖြင့် လိုရာဆုကို ပေးမည်ဟု ဆိုရာ အကိတ္တိက လက်မခံ။ “ဆုကို လက်ခံပါက လောဘ၊ ဒေါသ၊ မောဟ တို့ပွားတော့မည်။ သင်သိကြားမင်းကဲ့သို့သော နတ်၏ အဆင်းကိုမြင်နေရလျှင်လည်း ငါ့တွင်ခြိုးခြံမှု အကျင့်တို့ လျော့ပါးလေတော့မည်။ ငါ့ထံသို့ သင်မလာရန်သာ ငါ တောင်းဆိုပါ၏” ဟု ဆို၏ ။
သိကြားမင်းလည်း “ရှင်ရသေ့၊ ကောင်းလှပါပြီ။ အရှင်ရသေ့ထံမလာတော့ပါ” ဟု ဝန်ခံ၍ ရိုသေစွာ ရှိခိုးကန်တော့ပြီး မိမိနေရာ တာဝတိံသာနတ်ပြည်သို့ ပြန်သွားလေတော့သည်။

- (မင်းယုဝေ)
No comments:
Post a Comment