Wednesday, August 7, 2013

မေတ္တာလေ့ကျင့်ခန်း

ပြီးခဲ့တဲ့နှစ်က မြန်မာပြည် ပြန်ရောက်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျောင်းနေဖက် သူငယ်ချင်းတွေကို သွားရောက်တွေ့ဖြစ်တယ်။ သူငယ်ချင်းတွေအားလုံးထဲမှာ ပျဉ်မနား ခေမာသီဝံကျောင်းက သူငယ်ချင်း ဘုန်းကြီးကို ဖူးတွေ့ရတာ တော်တော်လေးစိတ်ချမ်းသာတယ်။ စကားပြောတာကလည်း သိပ်ပြီး သိမ်မွေ့နှုးညံ့တယ်။ကြည်ညိုစရာလည်းသိပ်ကောင်းတယ်။ ဖူးတွေ့ရ တာမျက်နှာလေးက ကြည်နေတာပဲ။

စာရေသူးက အရှင်ဘုရားတွေ့ရတာ စိတ်ချမ်းသာစရာကောင်းလောက်တာ ဘာတရားတွေများ ပွားများနေပါသလဲလို့မေးလျှောက်ကြည့်တော့ သူငယ်ချင်းက  မေတ္တာတရားကို ပွားများတယ် လို့ဖြေပါတယ်။
စာရေးသူက အရှင်ဘုရား မေတ္တာတရားပွားများခြင်းရဲ့အကျိုးကို လက်တွေခံစားရဖူးပါသလား လို့မေးတော့။သူငယ်ချင်းက ရယ်သံနှောက… “ငါရှင်တို့ ကိုယ်တိုင်ပဲ တွေ့ရပြီး မဟုတ်လား”တဲ့။

ဒီတော့မှ စာရေးသူက သဘောပေါက်လို့
“ဟုတ်ပါ့ဗျာ..ဟုတ်ပ” လို့ ဖြေလိုက်တယ်။

သူငယ်ချင်းရဟန်းက ဆက်ပြီး သူရဲ့မေတ္တာ ကိုယ်တွေ့ကို ပြောပြတယ်။
လွန်ခဲ့သော ဆယ်နှစ်ကျော်က ဝိသုဒ္ဓိမဂ်လာ မေတ္တာပွားနည်းနဲ့ မေတ္တာအစွမ်းကို စမ်းသပ်ဖူးတယ်လို့ ဆိုတယ်။

သူငယ်ချင်းက သူ့ဘဝမှာ ကျေးဇူးလည်းရှိ၊ အမေတစ်ယောက်လိုဖြစ်နေတဲ့ ရဟန်းဒကာမတစ်ယောက် ကို မေတ္တာအာရုံထားပြီး  အဆက်မပြတ်ပွား များကြည့်တယ်တဲ့။ မေတ္တာအချိန်ရလာပြီး မေတ္တာထားရမည့် ပုဂ္ဂိုလ်လေးယောက် ထပ်တူနီးပါးရှိနေချိန်မှာ ရဟန်းဒကာမကြီးအား အာရုံစိုက်ခါ မေတ္တာပွားပြီး “ဒီနေ့ ဒကာမကြီး ဘုန်းကြီးကျောင်း ရောက်လာရင် ကောင်းမယ်”လို့ စိတ်ထဲက မေတ္တာပို့ကာ ပြောလိုက်ပါသတဲ့။

မကြာခင်မှာပဲ ရဟန်းအမကြီးကျောင်းကို ရောက်လာပြီး ရဟန်းအမကြီးက "အရှင်ဘုရာ တပည့်တော်ကို မေတ္တာပို့လွတ်ကာ ကျောင်းလာခိုင်းတာမဟုတ်လား" လို့ မေးပါတယ်။
အဲဒီကတည်းက တပည့်တော်မေတ္တာအစွမ်းကို ယုံကြည်လို့ ယခုထက်တိုင် ဆက်လက်ပွားများ နေတယ်လို့ ဆိုပါတယ်။

ကဲ..စာဖတ်သူကော … ဘဝမှာ အေးချမ်းတဲ့ အပူအပင်ကင်းတဲ့ မျက်နှာ ပိုင်ရှင်ဖြစ်အောင် မေတ္တာမပွားချင်ဘူးလား ၊ပွားချင်တယ်ဆို ဝိသုဒ္ဓိမဂ်လာ မေတ္တာပွားနည်းလေတွေကို မှတ်ထားလိုက်ဦးနော်။

မေတ္တာလေ့ကျင့်ခန်း
လူတွေပြောပြောနေကြတာကတော့ မေတ္တာပို့တယ်။ မေတ္တာပွားတယ်လို့ ပြောပြောနေကြတယ်။ စာပေလာအရဆိုရင် မေတ္တာကို တစ်ခေါက်တည်း ပွားရုံနဲ့ မလုံလောက်သေးဘူး အထပ်ထပ်အခါခါ ပွားရတယ်။ အထပ်ထပ်အခါခါပွားမှ မေတ္တာကအစွမ်းထက် သက်ရောက်မှုရှိတယ်။ သနပ်ခါး၊ မိတ်ကပ်တို့ကို အထပ်ထပ်အခါခါ လိမ်ချယ်ပေးရင် အသာအရေ ပိုမိုနူးညံလာသလိုပေါ့။

မေတ္တာကို ထိထိရောက်ရောက်ပွားမယ်ဆိုရင်  ပုဂ္ဂိုလ်လေးယောက် ထပ်တူဖြစ်သွားအောင်ပွားရမယ်
 ၁။ မိမိရယ်
၂။ အချစ်ဆုံးသူရယ်။
၃။ မချစ်မမုန်းသူရယ်။
၎။ အမုန်းဆုံးသူရယ်လို့  ပုဂ္ဂိုလ်လေးယောက်ကို  အရင်မှတ်ထားလိုက်ပါ။

မိမိကိုယ်ကို “အဆင်ပြေပါစေ”လို့မေတ္တာ စပွားရမယ်။ ဘယ်သူမဆို ကိုယ့်ကိုကိုယ်တော့ အဖြစ်ပြေစေချင်တာပေါ့နော်။ဒါကြောင့် မိမိကိုယ်ကို မေတ္တာပွားတာပါ။ သို့သော်လည်း မိမိကိုယ် မေတ္တာပွားတာဟာ
  မေတ္တာဘာဝနာထဲမှာတော့ မပါသေးပါဘူး။  ဘာကြောင့်မိမိကိုယ်ကို အရင်မေတ္တာပွားရသလဲဆိုတော့ မိမိနဲ့နှိုင်းယှဉ်ပြီး သူတပါးကိုလည်း မေတ္တာပွားတဲ့အခါ လွယ်ကူအောင်လို့ပါ။

ကျန်းမာပါစေ
ချမ်းသာပါစေ
အဆင်ပြေပါစေ
အောင်မြင်ကြီးပွားပါစေ။  စသည်ဖြင့် မိမိကြိုက်ရာတစ်ခုခုကို ရွေးပွားလို့ရတယ်။
မိမိကိုယ်ကို ကျေနပ်လောက်အောင် မေတ္တာပွားပြီးရင် မိမိနဲ့ အရင်းနှီးဆုံးသူကို
 မေတ္တာပွားရမယ်။

ဒီနေရာမှာ မှတ်လို့လွယ်အောင်
 အချစ်ဆုံးသူကို၁။ မောင်ပီယ၊
သာမာန်လူကို။ ၂ မောင်အဇ္ဈတ္တ၊
 ကိုယ်ရန်သူကိုတော့၃။ မောင်ဒေါသလို့
အရင်ဆုံး နာမည်လေးတွေ ပေးထားရအောင်ပါ။

အရင်းနှီးဆုံးသူဆိုလို့ ဦးစွာပထမ လိင်တူချင်းကို ပွားရမယ်။ လိင်ကွဲကို စတင်မပွားရဘူး။ ဘာကြောင့်လည်းဆိုတော့ ယောကျာ်းလေးက အချစ်ဆုံး မိန်းကလေးကို အာရုံထဲမှာ မြင်ယောင်ပြီး ကျန်းမာပါစေလို့ မေတ္တာပွားနေရင် မေတ္တာမှ တဏှာကို ပြောင်းသွားနိုင်လို့ပါ။ မေတ္တာလေ့ကျင့်ခန်း ရင့်သန်လာရင်တော့ လိင်ကွဲကိုလည်း မေတ္တာပွားလို့ရပါတယ်။

“အဆင်ပြေပါစေ” စသည်ဖြင့် မောင်ပီယ မျက်နှာကို မြင်ယောင်ပြီး အထပ်ထပ်အခါခါ အဖန်တလဲလဲ ပွားများရမယ်။  ဘယ်လောက်ထိအောင်ပွားရမလဲဆိုရင် သွားလည်းဒီစိတ် စားလည်းဒီစိတ်၊ အိပ်ခါနီးထိအောင် သူ့မျက်နှာလေး မြင်ယောင်နေပြီး
 မေတ္တာစိတ်လေး ဖြစ်နေအောင်ပွားရမယ်။

ဓားကို အဖန်ဖန်အထပ်ထပ် သွေးတဲ့အခါ ဓားသွားထက်လာသလိုပေါ့။  မေတ္တာကလည်း ထပ်တလဲလဲ ပွားတဲ့အခါ မေတ္တာအစွမ်းထက်လာတယ်။  အဖန်တလဲလဲပွားပါများတော့ သီးသန့်ကြီး  မောင်ပီယကို အာရုံယူတွေးနေစရာမလိုတော့ပဲ  သမာဓိရကာ မိမိစိတ်ကလေး တည်ငြိမ်၊ရင့်ကြပ်၊ကျေနပ်ကာ စိတ်ကလေး ချမ်းမြေ့နေတာကို တွေ့ရလိမ့်မယ်။

ဒီအခြေအနေရောက်ရောက်လပြီးဆိုရင် မေတ္တာစိတ်လေးတည်ငြိမ်သွားပြီး၊ဒီမေတ္တာစိတ်လေးကို ချစ်လည်း မချစ်၊ မုန်းလည်း မမုန်းတဲ့ သာမန် မောင်မဇ္ဈတ္တဆီကို ပို့ကြည့်လိုက်ပါ။

 အဆင်ပြေပါစေ စသည်ပေါ့။ မောင်မဇ္ဈတ္တဆီမေတ္တာပို့တဲ့အခါမှာ ကိုယ့်အချစ်ဆုံး မောင်ပီယနဲ့ အတူတူဖြစ်သွားပြီးဆိုရင်တော့ မေတ္တာလေ့ကျင့်ခန်း ဒုတိယဆင့် အဆင်ပြေသွားပြီပါပြီ။ တကယ်လို့ မောင်မဇ္ဈတ္တနဲ့မောင်ပီယ မေတ္တာအတူ မထားနိုင်သေးရင်တော့ ၊ မောင်ပီယဆီကိုပြန်သွားပြီး မေတ္တာလေ့ကျင့်ခန်း ပြန်လုပ်ရမယ်။

မောင်မဇ္ဈတ္တဆီပို့လွှတ်တဲ့မေတ္တာအဆင်ပြေသွားပြီး တည်ငြိမ်၊အေးချမ်းမှုကိုရတယ်ဆိုရင် ကိုယ့်ရန်သူ ၊ ကိုယ်နှင့်မတည့်တဲ့ မုန်းတီးနေတဲ့ မောင်ဒေါသဆီကို မေတ္တာပို့လွှတ်ကြည့်လိုက်ပါ။ “မောင်ဒေါသလည်း အဆင်ပြေပါစေ” ပေါ့။

 မောင်ဒေါသဆီပို့လွှတ်တဲ့မေတ္တာဟာ မောင်ပီယဆီပို့လွှတ်တဲ့ မေတ္တာနဲ့ထပ်တူ
 ဖြစ်သွားပြီးဆိုရင်တော့ မေတ္တာက တော်တော်လေးခိုင်မာသွားပြီလို့မှတ်ပါ။ ဒီလိုမဟုတ်ပဲ မောင်ဒေါဆီပို့လွှတ်တဲ့အခါမှာ၊ စိတ်မချမ်းသာစရာ အကြောင်းအရာတွေကို တွေးမိနေသေးတယ် ဆိုရင် မေတ္တာက မကြံ့ခိုင်သေးဘူး ၊ မေတ္တာကို ပြန်လေ့ကျင့်လိုက်ပါဦး။

နောက်ဆုံး ပုဂ္ဂိုလ်လေးယောက်ဖြစ်တဲ့ မိမိ၊ မောင်ပိယ၊ မောင်မဇ္ဈတ္တ၊ မောင်ဒေါသတို့အပေါ်မှာ
 မေတ္တာစိတ်အတူ ထားနိုင်ပြီးဆိုရင် တစ်လောကလုံးနဲ့ အဆင်ပြေသွားပြီး ဘယ်လို ကိစ္စပဲကြုံကြုံ စိတ်မဆိုးတော့ဘူး။ ကိုယ့်ကို မုန်းသူလည်းမရှိတော့ဘူး၊ ကိုယ်က ဘယ်သူကိုမှ  မမုန်းပဲကို။

အဲဒီလို မေတ္တာဓာတ်တွေ ပြည့်ဝလာရင် နောက်ဆုံး မဂ်ဥာဏ်ဖိုလ်ဏဥာဏ်နိဗ္ဗာန်ကိုတောင် ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

ချစ်သူ၊မုန်းသူ၊သာမန်လူတို့အပေါ်မှာ မိမိနှင့်တန်းတူ မေတ္တာထားနိုင်ကြပါစေ…

No comments:

Followers

My Blog List