Wednesday, February 29, 2012

ကြောက်တာကို ရင်ဆိုင်လိုက် သမီးရဲ့..


အကြောက်တရား ကင်းဝေးပြီး ဘေးကင်းခြင်းသည် .. မင်္ဂလာ

စာရေးသူ ငယ်ငယ်က   နိုင်ငံခြားသတင်းထောက် နာမည်ကြီးအမျိုးသမီး “ မာဂရတ်” အကြောင်း မဂ္ဂင်းတခုမှာဖတ်ရတာ မှတ်မိနေပါသေးတယ်။ မာဂရတ်ဟာ အင်မတန် ထိတ်လန့် တုန်လှုပ် ခြောက်ခြားစရာကောင်းတဲ့ စစ်မြေပြင်တွေမှာ သတင်းယူရတဲ့ နာမည်ကြီး သတင်းထောက်တစ်ဦးပါ။  ယခုခေတ် ဆီရီယာတို့ အာဖဂန်တို့မှာ သက်စွန့်ဆံဖျား သတင်းယူနေကြတဲ့ နိုင်ငံခြား သတင်းထောက် တွေလိုပေါ့။

မာဂရတ်ကို တိုက်ပွဲတွေကြားမှာ ဘာကြောင့် မကြောက်မရွံ့ သတ္တိရှိရှိ  ပြည်သူတွေကြား သတင်းပို့ပေးနိုင်တာလဲလို့မေးတော့..

သမီးငယ်ငယ်က ဖေဖေရဲ့လေ့ကျင့်ပေးမှု့ပါလို့ ဖြေတယ်။

သမီးငယ်ငယ် သိတတ်စအရွယ်က ဖေဖေ  သမီးရဲ့ သတ္တိစမ်းလေ့ရှိတယ်။ အခါတစ်လေ.. အခန်းထဲမှာ တစ်ယောက်တည်းထားလေ့ရှိတယ်။ အစ ပထမတော့.. တစ်ယောက်တည်း ကြောက်လို့ ကလေးဆိုတော့ ငိုတာပေါ့။ ဖေဖေက သိပ်ဂရုမစိုက်ဘူး၊ နောက်တော့လည်း အခန်းထဲမှာ တစ်ယောက်တည်း နေသားကျလာတယ်။  

သိတတ်စ အချိန်ရောက်တော့ .. လူသူဝေးတဲ့ နေရာတွေ ၊ လူတွေရှုပ်ထွေးတဲ့ နေရာတွေမှာ သမီးတစ်ယောက်ထည်း ထားပြီး သမီးရဲ့ သတ္တိကို အကဲစမ်းပါတယ်။ အစမှာတော့ မေမေ ၊ ဖေဖေ မတွေ့မြင်ရတော့ဘူးဆိုရင် ငိုတော့တာပါပဲ။ 

နောက်တော့ ဖေဖေက သင်ပေတယ်…
“ ကြောက်တာကို ရင်ဆိုင်လိုက်သမီးရဲ့
တကယ်ရှိတဲ့ ကြောက်စရာတွေဆိုရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ အဖြေရှာတွေ့လိမ့်မယ်
တကယ်မရှိတဲ့ ကြောက်စရာတွေဆို..သူအလိုလို ပျောက်သွားလိမ့်မယ်” တဲ့။

မှတ်သားထိုက်တဲ့ ဆုံးမစကားပါ။

စာရေးသူတို့ ကလေးဘဝ ငယ်ငယ်က ဘောင်ဘီရှည် ..  သေနတ်နဲ့လာတဲ့ စစ်သားတို့ ၊ ရဲတို့ဆိုရင် တော်တော်ကြောက်တာပဲ  သူတို့လာရင် ပုန်းနေရတယ်။  ကြီးသူတွေကလည်း  ခြောက်ထားတာကို။  နိုင်ငံခြားရောက်နေတဲ့ မြန်မာတစ်ချို့ဆိုရင် .. ကိုယ်ဘာအပြစ်မှ မလုပ်မိဘဲ  ယာဉ်ထိမ်းရဲတွေ လမ်းမှာတွေရင် ကြောက်နေတတ်တာ တွေ့ရတတ်ပါတယ်။

ထို့အတူပါပဲ .. 
ရုံပြင်ကလနားသွားရမှာကြောက်တယ်၊ လူကြီးတွေနဲ့ စကားပြောရမှာ ကြောက်တယ်၊ မဟုတ်တာကို မဟုတ်ဘူးလို့ပြောရမှာကြောက်တယ်၊ ဒီအကြောက်တရားတွေဟာ မြန်မာပြည် မှာ ပတ်ဝန်ကျင်နဲ့ မိဘတွေကဆီက အလိုလို အမွေးရလိုက်တာပါပဲ။

ဒါကြောင့် မျိုးဆက်သစ်တွေကို အကြောက်တရားကင်းဝေးအာင် ၊ သတ္တိရှိအောင်  ငယ်ငယ်ကတည်းက သင်ပေးဖို့လိုကြောင်းတိုက်တွန်းပါရစေ…

လောကမှာ အကြောက်တရားမရှိရင် .. ဘေးဆိုတာ မရှိတော့ပါ။ 

ဘုရားရဟန္တာများကြတော့ ကိလေသာကုန်ခမ်း၍  အကြောက်တရားကင်းပြီး ဘေးမရှိတော့ပါ။

ပုထုဇဉ်လူတွေမှာတော့  ရင်ဆိုင်နိုင်တဲ့ သတ္တိ ၊ ဆင်ခြင်နိုင်တဲ့ ပညာတို့ဖြင့် အကြောက်တရား ကင်းဝေးစေပြီး  ဘေးအန္တရယ် အသွယ်သွယ်မှ ကင်းဝေနိုင်ပါတယ်။

ခေမံ- အကြောက်တရားကင်းဝေးပြီး ဘေးကင်းခြင်းသည် မင်္ဂလာ..၊

No comments:

Followers

My Blog List