• ဆောင်းအကုန်နွေအကူး လေးရှုးထတဲ့ ခုလို တပေါင်းလရာသီမှာ စာရေးသူတို့ဆယ်ကျော်သက်အရွယ်က အလယ်တန်း ကျောင်းတက်ခဲ့ရတဲ့ ၊ ကျောက်ပန်းတောင်းမြို့နယ်က ၊ခါးပါတ်ရွာ တပေါင်းလ ဘုရားပွဲကို သတိရမိပါတယ်။
အလယ်တန်းကျောင်းတက်ရတဲ့ ခါးပါတ်ရွာဆိုတာ မွေးရပ်မြေတော့မဟုတ်ပါ။
သို့သော်လည် မိတ်ဆွေ အပေါင်းအသင်းကို ခင်တတ်မင်တတ်၊ ကြင်နာတတ်တာဟာ အဲဒီလို ဆယ်ကျော်သက်ရွယ် မဟုတ်ပါလား။
ယခုထက်တိုင်.. အတွေးထဲမှာ ထင်ထင်ရှားရှား သတိရနေတဲ့ တပေါင်းပွဲအမှတ်တရတွေကတော့ .. ကျောင်းနေဖက်သူငယ်ချင်းက တပေါင်းဘုရာပွဲမှာ ပေးသွားတဲ့ ကျောက်ပန်းခတ်လေးပါ။
ဒီကျောက်ပန်းခတ်က ..စာရေးသူတို့ အညာကျေးလတ်ဒေသမှာ မရှိပါဘူး၊ သူက ရှမ်းပြည်နယ် တောင်ကြီးက
ကျောင်းလာတတ်တာမို့ နွေရာသီ ကျောင်းပိတ်ရန် အပြန်မှာ လက်ဆောင်အဖြစ်ယူလာခဲ့တာပါ။
ဒီပန်းခတ်လေးကို ၊ သူကမြတ်မြတ်နိုးနိုး သူရဲ့ မှတ်စုစာအုပ်ထဲမှာ ညှပ်ထားလို့မူလအစိမ်းရောင်မှ၊ ဖြူဖျော့ဖျော့အောရာင် ပြောင်းပြီး၊ ပြားပိနေပါတယ်။ စာရေးသူလည်း မြတ်မြတ်နိုးနိုး သိမ်းထားလိုက်ပါတယ်။
နောက် တစ်ခု အမှတ်ရနေတာက…၊ ရွာဦးကျောင်းက ဘုရားဇာတ်ပွဲပဲဖြစ်ပါတယ်။ တစ်နှစ်ခါ တစ်ခါဆိုသလို ခုလိုနွေးဦးပေါက်ရာသီမှာ ရွားဦးကျောင်း ဘုရားပွဲမှာ ဇာတ်ပွဲများကိုထည့်လေ့ရှိပါတယ်။ ဒီလိုဇာတ်ပွဲပါပြီးဆိုရင်.. ဆယ်ကျော်သက်တို့ကတော့ အပျော်ဆုံးပေါ့။
သူငယ်ချင်းတွေနဲ့ ပွဲဈေးတန်းလျှောက်လယ်မယ်။ ဘုရားပွဲဈေးတန်းက အကြော်ပေါင်းစုံဝယ်စားမယ်၊ ရွယ်တူ ကလေးမလေးတွေကို လိုက်စကြမယ်ပေါ့။
စာရေးသူတို့ ပညာသင်တဲ့အရွယ်ရောက်တော့ ရန်ကုန်ကို ရောက်လာပါတယ်။
ရန်ကုန် ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်ဟာလည်း သိပ်စည်ကားပါတယ်။ စာရေးသူတို့ ရန်ကုန်ရောက်စမှာ (၅)ရက်တိုင်တိုင် ကျင်းပလေ့ရှိတဲ့ ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်ကို မကြာခဏရောက်ပါတယ်။ ငယ်ရွယ်သူတို့အဖို့ ဘုရားပွဲဆိုသော်လည်း စေတီတော်ကို ပုဆိန်ပေါက် ဦးချပြီး ပျော်ပွဲရွှင်ပွဲတွေဆီ သွားနေတာများပါတယ်။
အစားအစာမျိုးစုံ၊ ပျော်ပွဲမျိုးစုံ၊ ပစ္စည်းမျိုးစုံတို့ ဆုံတဲ့နေရာပါ။ မြန်မာပြည်နယ်အနှံ့က ဘုရားဖူးများနဲ့ အစဉ်အ မြဲ ပြည့်နက်နေတတ်ပါတယ်။ ရင်ပြင်တော်ပေါ်မှာ ဆွမ်းတော်ကြီးတင်၊ ရေသပ္ပါယ်၊ သံဃာတော်များ ပဌာန်းနဲ့ပူ ဇော်၊ ဆွမ်းဆန်စိမ်းလောင်းလှူတာတွေနဲ့ လူက ကြက်ပျံမကျ စည်ကားလှပါတယ်။ ဟိုတုန်းက ရွှေတိဂုံစေတီ တော် တပေါင်းပွဲတော်ရောက်ပြီဆိုရင် မြန်မာနိုင်ငံသားများသာမက ထိုင်း၊ ကမ္ဘောဒီယား၊ လားအို၊ ဂျပန်၊ ကိုရီး ယားစတဲ့ တိုင်းပြည်တွေကပါ ဘုရားလာဖူးတတ်ကြောင်း သိရပါတယ်။ ယနေ့ ရွှေတိဂုံစေတီတော် တပေါင်းပွဲ တော်ကတော့ အရင်နဲ့မတူတော့ပါ။ မြန်မာတွေ ဘ၀အခြေမကောင်းလို့ တပေါင်းပွဲတော်တွေလဲ တိမ်ကောစပြု လာပြီထင်ပါတယ်။
ဟော ! ခုလိုပြည်ပတိုင်းပြည်ရောက်တော့လည်း ..မြန်မာ့ရိုးရာမပျက် တပေါင်းလ ရွာဘုရားပွဲကို သတိရမိပါတယ်။ ဒီမှာကတော့ ရာသီလည်း အေး ဘုရားစေတိကလည်း မရှိသေးတော့ ဘုရားပွဲတော်အစား ၊ နိဗ္ဗာန်ဈေးပွဲတော်ကို ကျင်းပဖြစ်ပါတယ်။
ပြည်ပရောက် နိဗ္ဗာန်ဈေးပွဲတော်ကလည်း ဆယ်ကျောက်သက်စကားနဲ့ပြောရရင် ၊ရင်ခုန်လွမ်း စရာလေးတွေနဲ့ ပြည့်နှက်လို့ပါ။
မတွေ့ရတာ ကြာပြီဖြစ်တဲ့ မိတ်ဟောင်းဆွေးဟောင်းတွေနဲ့ တွေကြမယ်၊ ပြောကြဆိုကြမယ်ပေါ့။
မြန်မာနိုင် အပူပိုင်းအညာဒေသမှာ ကြီးပြင်လားတဲ့ စာရေးသူတို့အဖို့ အောက်တိုဘာလနေ ၊ မတ်လဆန်းပိုင်ထိအောင် ခိုက်ခိုက်တန်အေးတဲ့ မြောက်ဝန်ရိုးစွန်းမှာ အိမ်းတွင်းအောင်း နေရတာ၊ သိပ်ကို အထိကျန်ဆန်လှပါတယ်။
တဆောင်းတွင်းလုံး နေရောင်ကို ကောင်းကောင်းမမြင်ရလို့ တခါတစ်လေ ရှုးချင်စိတ်တောင်ပေါက်နေသလိုပဲ၊ အပြင်ရာသီဥတု ဒဏ်က အေးလွန်းလွန်းလို့ နွေးနွေးထွေးထွေး ဖြစ်ဖို့ ဝတ်ထားတဲ့ အနွေးထည်ကုတ်အင်္ကျီ ကိုယ်အလေချိန်ထက်တောင် ပိုမယ်ထင်ပါတယ်။
ခုလို ပွင့်လင်းရာသီရောက်လာပြီဆိုတော့ .. သူသူငါငါ လှလှပပ သစ်လွင်တဲ့ အဝတ်အစားလေးတွေ ဝတ်ကာ ၊ အိမ်ပြင်ထွက်လို့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အလာပ၊သလာပပြောကာ ရယ်လို့ မောလို ၊ ရပြီမဟုတ်လား။
လာမည့် မတ်လ ၁၆-ရက်နေ့ တနင်္ဂနွေနေ့က ၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းရဲ့ နိဗ္ဗာန်ဈေးပွဲတော်ဖြစ်ပါတယ်။ ဗန်ကူးဘားရောက်မြန်မာများ ၊ ကနေဒါဆောင်းရာသီဒဏ်က ၊ကျွတ်လွတ်ခါစမို့၊တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြဖို့၊ မြန်မာအစားအစားများကိုလည်း အထူးအားခဲ့ စာသောက်ကြဖို့ အားခဲထားကြပါတယ်။
ဒီပုံရိပ်ကလေးတွေကလည်း .. ဆယ်ကျော်သက်အရွယ်က ၊ ရွာဦးကျောင်း တပေါင်းဘုရားပွဲနဲ့တထပ်ထည်း ခံစားရသလိုပါပဲ။
ဒီလို တပေါင်းအကြောင်းတွေကို တွေးမိလေတိုင်း အင်းဝခေတ်စာဆိုကျော် ရှင်အုံးညိုကို ပြန်ပြောင်း သတိရမိပြန်ပါတယ်။
"သာသည်ညင်းညင်း
မြောက်လေကြွင်းနှင့်
ဆီးနှင်းမကုန်
ပူဟုန်မသည်း
ပျံ့ပျံ့ဖြည်းသား"
သူရဲ့ ရာသီကဗျာတွေက ယခုခေတ်အထိအောင် ရှင်သန်နေဆဲပါ။
မြန်မာရာသီဥတုအရဆိုရင် တပေါင်းလဆိုတာ ဆောင်းအကုန် နွေအကူး ထူးခြားတဲ့ရာသီ သဘာဝတခုပင်ဖြစ်ပါတယ်။
တပေါင်းရဲ့ နေ့ခင်းပိုင်းရာသီဟာ အတန်အသင့် ပူသော်လည်း ညပိုင်းမှာ မြောက်ပြန် လေညင်းလို့ ဆောင်းကြွင်းလက်ကျန်
ငွေနှင်းတို့ကျနေတတ်ပြန်တယ်။ မပူလွန်း မအေးလွန်းသည်မို့ သာယာလှပ မျှတပြီး အလွန်နေထိုင်၍ ကောင်းတဲ့ ရာသီပင်ဖြစ်ပါတယ်။
ပူပန်ခြင်းကောင်းသောလ၊ ပူသောနွေရာသီသို့ ကျရောက်သောလ၊ ထန်းချက်လ၊ ထန်းရည်ကို ကျို၍ ထန်းလျ က်ချက်သောလ စတဲ့ အဓိပ္ပါယ်ဆိုလိုချက်များမှ တပေါင်းဆိုတဲ့ ဝေါဟာရထွက်ပေါ်လာခဲ့ကြောင်း ပညာရှင်များက ဆိုထားပါတယ်။ တ=ထန်း+ပေါင်း=ချက်သောလ၊ တပေါင်း=ထန်းချက်လဟု ဆိုလိုကြပါတယ်။
ရှေခေတ်က တပေါင်းလရဲ့ ထင်းရှားသောပွဲတော်များမှာ သဲပုံစေတီပွဲနဲ့ တပေါင်းပွဲပင်ဖြစ်ပါတယ်။ သဲပုံစေတီပွဲတော်သည် ဗုဒ္ဓသာသနာနဲ့အတူ ပေါ်ထွန်းခဲ့သောပွဲတော်ဟု ယူဆနိုင်ပါတယ်။ ပုဂံခေတ်တွင် အနော်ရထာမင်းကြီးဟာ ဧရာဝ တီမြစ်ကမ်း သဲသောင်ခုံပေါ်တွင် သဲပုံစေတီပွဲကို ပူဇော်ကျင်းပလေ့ရှိပါတယ်။ ရွှေစည်းခုံစေတီမှာ ထင်ရှားသော သာဓက တရပ်ပင်ဖြစ်တယ်။ စည်းခုံ=စဲခုံ=သဲခုံ ဟု သနဲ့စ အက္ခရာများကို အပြောင်းအလဲလုပ်လိုက်လျှင် ရွှေ စည်းခုံစေတီတော်ရဲ့ မူရင်းသမိုင်းအစနဲ့ ပုဂံခေတ်သဲပုံစေတီပွဲအကြောင်းကို မြင်နေရပါတယ်။
တပေါင်းလတွင် မြစ်၊ ချောင်းများ၌် ရေကျသွားသဖြင့် သဲသောင်ခုံများ ပေါ်လာလေ့ရှိပါတယ်။ သဲပေါများ သော ထိုလတွင် ကောင်ပဲသီးနှံ၊ စပါးဆန်သိမ်း၍ ငွေစရွှင်နေတဲ့ တိုင်းသူပြည်သားများဟာ စုပေါင်း၍ သဲပုံစေတီပွဲ တော်ကို ကျင်းပကြပါတယ်။ အလှူဒါနနဲ့ ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ပြုလုပ်ကြပါတယ်။
ဝါးဖြင့်ပြုလုပ်ထားသော ရိုင်ပတ်အ၀န်းအ၀ိုင်းအတွင်းသို့ သဲများကိုသွန်းလောင်းကာ သဲပုံစေတီကို တည်ထား ကိုးကွယ်ကြပါတယ်။ ပထမအဆင့် (အရစ်) ပြီးတဲ့အခါ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နဲ့ ပဉ္စမအ ဆင့်များကို ဆက်လက်တည်ဆောက်ကြပါတယ်။ မြင်းမိုရ်တောင်ရှိ အာလိန်ငါးဆင့်ပုံကို ရည်ညွန်း၍ သဲပုံစေတီ များကို ငါးဆင့်ပြုလုပ်တည်ဆောက်ခြင်းဖြစ်ပါတယ်။
နှစ်ကာလ ကြာမြင့်လာတဲ့အခါ သဲပုံစေတီတော်များကို အုတ်များဖြင့်ငုံ၍ စေတီတော်ကြီးများအဖြစ်တည်ထား ကိုးကွယ်ကြပါတယ်။ စေတီလေးမျိုးကိုးကွယ်မှုသည် ဗုဒ္ဓဘာသာဝင်များအတွက် ကုသိုလ်ရွှေအိုးမြုတ်နှံရာတခု ဖြစ်ကြောင်း ခုဒ္ဒကပါဌပါဠိ၊ နိဓိကဏ္ဍသုတ်မှာ မြတ်ဗုဒ္ဓမိန့်မှာခဲ့ပါတယ်။
မြတ်ဗုဒ္ဓဒေသနာနှင့်အညီ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာလို တပေါင်းဘုရားပွဲကို ပွဲကြီးပွဲလမ်းနဲ့ စည်စည်ကားကား မကျင်းနိုင်ပေမယ့် ၊ ပြည်ပရောက်မြန်မာများ တစ်ပိုင် တစ်နိုင် ကုသိုလ်ရွှေအိုး မြှုပ်နှံနဲ့အနေ နဲ့ ဘုန်းတော်ကြီး ကျောင်းရံပုံငွေအဖြစ် ၊ နိဗ္ဗာန်ဈေးကျင်းပမှာဖြစ်ပါတယ်။
မြန်မာ့ရိုးရာ မပျက် အစဉ်အလာထိမ်းသိမ်းနဲ့အနေဖြင့်လည်းကောင်း၊ပြည်ပရောက် မြန်မာများ တွေ့ဆုံပွဲအဖြစ်လည်းကောင်း ကျင်းပရခြင်းဖြစ်ပြီး၊ ဤပွဲကို ကမ္မကထ ပြုလုပ်ပေးကြသော ၊နိဗ္ဗာန်ဈေးရောင်းသူများအားလည်းကောင်း ၊ ကြွရောက်အားပေးကြသော မိတ်ဆွေများအားလည်းကောင်း အထူးပင် ကျေးဇူးတင်မိနေပါတော့တယ်။

No comments:
Post a Comment