Thursday, January 9, 2014

EGO TRAPS

စဉ်းစားဖို့ပါ


ကျွန်တော့်မှာ အကျွမ်းတ၀င်ပေါင်းတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူက ပြောရမယ်ဆိုရင် မွေးရာပါ အရက်မသောက်တဲ့သူပေါ့။ မိဘတွေကလည်း ဘာသာရေးလိုက်စားပြီး သားသမီးတွေကို ဘာသာရေးအဆုံးအမနှင့် ထိန်းသိမ်းအုပ်ချုပ်ထားတာလည်း ပါတာပေါ့။ ဒါနဲ့ သူနှင့် တခါတော့ အရက်အကြောင်းတွေပြောဖြစ်ရင်း သူက အရက်သောက်ကြတဲ့လူတွေကို စိတ်ထဲကနေ မနှစ်သက်ကြောင်း၊ အထင်သေးမိကြောင်းပြောလာတယ်။ ဒါနဲ့ ကျွန်တော်က ဘာလို့ အထင်သေးရတာလဲလို့ မေးတော့ အတိအကျတော့ သူ့မှာအဖြေမရှိဘူး။ ဒါပေမယ့် ဒီလိုမကောင်းတာတွေကို လုပ်နေကြတဲ့သူတွေဟာ လူကောင်းတွေမဟုတ်ဘူး။ ဒါကြောင့် ဒီလူတွေကို စိတ်ထဲကနေ နိမ့်ကျတဲ့ သတ္တ၀ါတွေလို့ မြင်နေတယ်လို့ သူက ပြောတယ်။ ဒီတော့ ကျွန်တော်က သူတို့ အရက်သောက်နေလို့မို့ မကောင်းဘူးဆိုတာ မှန်ပေမယ့် သူတို့အရက်သောက်လို့ သူတို့ကို အထင်သေးတဲ့စိတ်ဖြစ်နေရတာ ကိုယ့်မှာ မပင်ပန်းဘူးလားလို့ မေးမိတယ်။ ဒီတော့ သူက ပင်ပန်းတာပေါ့လို့ ဖြေတယ်။ ဒါဆိုရင် နေရင်းထိုင်ရင်း ကိုယ့်စိတ်မှာ အကုသိုလ်ဖြစ်ရတာဆိုတော့ တစ်ခုခု ကိုယ့်ဘက်က မှားနေပြီလို့ မထင်ဘူးလားလို့ ကျွန်တော်က ထပ်မေးတော့ သူကလည်း ဟုတ်တယ်။ မှားနေတယ်။ အဲဒါ ဘယ်လိုဖြစ်လို့လဲ လို့ ပြန်မေးပါတယ်။ ကျွန်တော်သူ့ကို ထွေထွေထူးထူး ဘာမှ ဆက်မပြောဖြစ်တော့ဘဲ အဖြေကို ကိုယ့်ဖာသာရှာယူပေါ့လို့ သာ ပြန်ဖြေခဲ့ဖူးပါတယ်။

ကျွန်တော့်သူငယ်ချင်းဖြစ်ပုံနှင့် ဆင်တူတဲ့ကိစ္စတွေလည်း ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာ သတိမထားမိကြတာအများကြီးရှိပါတယ်။

မိမိတို့က ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်။ ဒီဘာသာမှာမှ သိက္ခာသုံးရပ် အကျင့်မြတ်ရှိတယ်၊ လမ်းဆုံးပန်းတိုင် နိဗ္ဗာန်ဆိုတာရှိတယ်။ ကျန်တဲ့ဘာသာ၊ အယူဝါဒတွေက ဒါမျိုးတွေမရှိဘူး။ ငါတို့ဘာသာလောက် အဆင့်မရှိဘူး။ ဒါကြောင့် အဲဒီအယူဝါဒနှင့်ဘာသာဝင်တွေကို အထင်သေးတယ်။ ပြစ်တင်ရှုံ့ ချတယ်။ ကြုံရင် ကြုံသလို နည်းအမျိုးမျိုးနှင့် နှိပ်ကွပ်ကြတဲ့သူတွေ….

ဗုဒ္ဓဘာသာဝင်အချင်းချင်းကြားထဲမှာကိုပဲ ငါတို့ကတော့ ထေရ၀ါဒမို့လို့ ဘုရားရှင်နှင့် အရိယာသူတော်ကောင်းကြီးတွေရဲ့  အလိုတော်ကျ အဆုံးအမတွေကို အတိအကျ၊ အပယ်အနုတ်မရှိ လိုက်နာကြတဲ့သူတွေဖြစ်တယ်။ ကျန်တဲ့ ဗုဒ္ဓဘာသာဂိုဏ်းခွဲတွေက ဟိုပြင်ဒီပြင်လုပ်ထားကြတာ။ အလကား၊ အဆင့်မရှိ။ အသိအမှတ်ပြု လေးစားနေဖို့မလို။ ငါတို့သာ တကယ့် အစစ်အမှန်ဖြစ်တယ်ဆိုပြီး မာန်တက်ကြသူတွေ…..

သံဃာတွေအချင်းချင်းကြားမှာလည်း ငါကတော့ ဘယ်ဂိုဏ်းက၊ သူကတော့ ဘယ်ဂိုဏ်းက။ ငါတို့ဂိုဏ်းက ၀ိနည်းကိုဘယ်လိုထိန်းတာ။ သူတို့လိုမဟုတ်ဘူး။ ဂိုဏ်းချင်းမတူလို့ကတော့ အတူတူလည်း သိမ်မ၀င်နိုင်ဘူး၊ ဆွမ်းလည်း တစ်ဝိုင်းထဲ အတူတူမဘုန်းပေးနိုင်ဘူး လို့ ဆိုတဲ့ ရဟန်းတော်တွေ……

တရားရိပ်သာမှာ သွားအားထုတ်ရင်း တရားအသိဉာဏ်အထိုက်အလျှောက်ရလာကြတဲ့အခါ ငါကတော့ ပရမတ္တတရားတွေကို သိမြင်နေပြီ။ ဒီလူတွေကတော့ ငါ့လို မသိနိုင်ရှာကြဘူး။ အားထုတ်ရကောင်းမှန်းလည်း မသိဘူး။ အလကား အချိန်ဖြုန်းနေကြတယ်ဆိုပြီး ပတ်ဝန်းကျင်ကလူတွေအပေါ် နေရင်းထိုင်ရင်း အပြစ်မြင်နေကြသူတွေ…..

ရိပ်သာတစ်ခုခုကနေ အရိယာ ဘယ်အဆင့်ဖြစ်ပြီလို့ သတ်မှတ်ပေးလိုက်လို့ ကိုယ့်ဖာသာခရီးပေါက်ပြီလို့ ယူဆမှတ်ယူပြီး မိမိရိပ်သာ၊ မိမိဆရာလောက် ကောင်းတာ၊ တော်တာ တခြားမှာရှာမနေနှင့်။ ရှိတော့မှာမဟုတ်ဘူး။ တခြားနည်းတွေဆိုတာ ငါတို့ရိပ်သာနည်း ဘယ်မှီမှာလဲ။ ငါတို့နည်းအတိုင်းအားထုတ်။ ဖြစ်ကိုဖြစ်မှာ ဆိုပြီး ကိုယ့်တရားကို ဘုရားဟောပိဋကတော်ပေတံနှင့် မတိုင်းဘဲ ကိုယ့်ပေတံနှင့် တွေ့သမျှအကုန်လိုင်းတိုင်းချင်နေသူတွေ…..

ဒါမျိုးတွေကို ကြုံလာ၊ မြင်လာရတော့…..

တရားအသိဉာဏ်ရသွားလို့ပဲဖြစ်ဖြစ်၊ ရသတဏှာရဲ့  သဘာဝကို နားလည်သွားလို့ပဲဖြစ်ဖြစ် အရက်ကို မသောက်တော့တဲ့သူ (သောက်ဖို့မလိုတော့တဲ့သူ) တစ်ယောက်အနေနှင့် တခြားတစ်ယောက်ယောက် အရက်သောက်နေတာမြင်ရင် သူ့စိတ်ထဲဘယ်လိုဖြစ်နေမယ်ဆိုတာ မှန်းဆကြည့်မိတယ်။

တစ်ချိန်က ယားနာတွေ ကိုယ်မှာပေါက်ခဲ့ဖူးတဲ့သူတစ်ယောက်ဟာ ဆေးကုလိုက်လို့ အနာတွေပျောက်သွားတဲ့ အချိန် သူလိုဘဲ တခြား ယားနာပေါက်တဲ့သူတွေ ယားတာကို မနေနိုင်လို့ ကုပ်နေကြတာကိုမြင်ရင် ဒီယားနာဝေဒနာရှင်တွေအပေါ် ဘယ်လိုသဘောထားမှာလဲ လို့လည်း မှန်းဆကြည့်မိတယ်။

ဘုရား၊ ရဟန္တာနှင့် အရိယာသူတော်ကောင်းကြီးများသာဆို ကာမဂုဏ်အာရုံတွေကို ခံစားသုံးဆောင်နိုင်ဖို့အတွက် နေ့စဉ် မနက်မိုးလင်းကနေ မိုးချုပ် မမောနိုင်၊ မပန်းနိုင် ရှာဖွေစုဆောင်းရုန်းကန်နေကြတဲ့ လောကီသားတွေကို မြင်နေရတဲ့အခါ ဘယ်လိုစိတ်ခံစားမှုဖြစ်ကြမလဲလို့လဲ မှန်းဆကြည့်မိတယ်။

ငါတို့က ကောင်းတာလုပ်နေတဲ့သူတွေ၊ သူတော်ကောင်းတွေ။ ငါတို့လိုမျိုး မဟုတ်လို့ကတော့ လူမိုက်တွေပဲ။ အလကားလူတွေပဲ။ အဆင့်မမှီတဲ့သူတွေပဲလို့ တွေးနေကြအုံးမယ်ဆိုရင်တော့

ပြောချင်တာတွေတော့ အများကြီးကျန်ပါသေးတယ်။ ဒီလောက်နဲ့ပဲ တော်လိုက်ပါအုံးမယ်။

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။
ဝိမုတ္တိသုခ ..မှ

No comments:

Followers

My Blog List