မြတ်စွာဘုရားလက်ထက်က အဇာတသတ်မင်းသားသည် ဆရာဒေဝဒတ်နှင့် လူပေါင်းမှားကာ ဖြတ်လမ်းနည်းဖြင့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်ချင်သောကြောင့် ခမည်းတော်ကိုပြစ်မှား၊ ဘုရားရှင်ကို ပြစ်မှားဖူးခဲ့တယ်။ ဖခမည်းတော်ကိုသတ်ပြီး ဘုရင်ဖြစ်ရသော်လည်း စိတ်ထဲမှာကား လုံးဝမချမ်းသာ ၊ နောင်တ တဖန်ပူပန်စွာဖြင့် မပျော်ရွှင်ပဲရှိနေရာ..။ ဆရာဇီဝက၏ ညွှန်ကြားချက်ဖြင့် စိတ်ချမ်းသာဖို့ရာ သူပြစ်မှားထားသော ဘုရားရှင်ကို ဖူးတွေ့ရန် တစ်ခုသော ညချမ်းမှာ နောက်ပါ သံဃာ မြောက်များစွာဖြင့် သီတင်းသုံးနေသော ဘုရားရှင်ထံရောက်လားသွာခဲ့ပါတယ်။
အလွန်ငြိမ်းအေးလှသော သံဃာ့ပရိတ်သတ်ကို မြင်ရသောအခါ .. “ငါ့သားတော်လေး ဥဒယဘဒ္ဒလည်း ဤယဉ်ကျေးပုံမျိုး၊ ငြိမ်သက်ပုံမျိုးရှိသူ ဖြစ်ပါစေ”ဟု တောင်းတခဲ့ဖူးပါတယ်။ အဇာတသတ်ကား မြတ်စွားဘုရား၏ တပည့်သာတွေအပေါ် ငြိမ်သက်အောင် ဆုံးမတော်မူခြင်းကို အားကျတော်မူခြင်းဖြစ်ပါတယ်။
ကန္ဒရကနှင့် ပေဿ
တစ်ခါက စမ္ပာပြည် ဂဂ္ဂရာ ရေကန်နီးမှာ မြတ်စွားဘုရား တပည့်သံဃာများနှင့် သီတင်းသုံးခိုက် ကန္ဒရကပရဗိုဇ်နှင့်ပေဿမည်သော ဆင်ထိန်းသားတို့ ရောက်လာကြပါတယ်။ ကန္ဒရက ငြိမ်ငြိမ်သက်သက် တိတ်တိတ် ဆိတ်ဆိတ်ခြံရံလျှက်ရှိသော သံဃာ့ပရိတ်သတ်ကိုတွေ့သောအခါ အံဖွယ်ရာ အဖြစ် ချီးကျုးစကားလျှောက်ထားပါတယ်။
ထိုအခါ ဘုရားရှင်က ဤရဟန်းများမှာ ရဟန္တာနှင့်သေက္ခအရိယာများသာဖြစ်တယ်။ သူတို့ဟာ သတိပဋ္ဌာန်တရား လေးပါးနှင့် အမြဲနေလေ့ရှိတယ် ဒါကြောင့်မို့ တိတ်ဆိတ်ငြိမ်သတ်နေတာ ဟု ဖြေကြားပါတယ်။
မြတ်စွာဘုရားဟောကြားသော လူသားတို့အတွက် သတိပဋ္ဌာန်တရားကာ အံ့ဩဖွယ်ကောင်းတယ်ဘုရား၊ တပည့်တော်တို့လည်း တစ်ခါတစ်ရံ သတိပဋ္ဌာန်းတရားပွားများပါသည်ဘုရား။ အတွင်းရှုပ်အပြင်ရှုပ်သော လူလောကကြီးမှာ သတိပဋ္ဌာန်တရားကသာ တည်ငြိမ်အေးချမ်းခြင်းကို ပေးစွမ်းနိုင်ပါသည်ဘုရား။
လူတို့မှာ အလွန်သိရခက်အောင် ရှုပ်ပွေလှပါတယ်ဘုရား၊ တပည့်တော်တို့ ဆုံးမနေသောတိရစ္ဆာန်များမှာ ရိုးဖြောင့်စင်း၍ သိရလွယ်ကူပါတယ်ဘုရား။
တိရစ္ဆာန်များဟာ ကျင်ကြီး စွန့်လိုလျှင် စွန့်လိုက်ကြ၊ ကျင်ငယ်စွန့်လိုလျှင် စွန့်လိုက်ကြ၊ ရပ်လိုလျှင် ရပ်လိုက်ကြ၊ ဘေးဖယ်လိုလျှင် ဖယ်လိုက်ကြနှင့် လုပ်ချင်သမျှ မဖုံးမကွယ်လုပ်တတ်ကြပါတယ်ဘုရား။လူများကာ ရှေ့တွင်တမျိုး၊ ကွယ်ရာ တမျိုး စိတ်ထဲကတမျိုး အပြင်အမှုအရာကတစ်ဖုံနှင့် အလွန် ရှုပ်ရှုတ်ခတ်လှပါတယ်ဘုရား။
အရှုပ်အပွေးသမား ပုထုဇဉ်တို့ကား မြတ်စွာဘုရား၏ သတိပဋ္ဌာန်ဒေသနာတော်နှင့် တွေ့ထိရ၍ အရိယာသူတော်စဉ်များဖြင့်ကာ တကယ့်ဖြူစင် ရိုးဖြောင့်သူ သူတော်ကောင်းကြီး များဖြစ်သွားရခြင်းမှာ မြတ်စွာရား၏ သတ္တဝါတွေအပေါ် ဆုံးမခြင်းမှာ အတုမရှိမြတ်လှပါတယ်ဘုရားလို့ လျှောက်ထားလိုက်တယ်။
ကောသလမင်း
တစ်ခါတုန်းကလည်း မြတ်စွာဘုရားကို ကောသလမင်း လျှောက်ထားဖူးပါတယ်။ “ မြတ်စွာဘုရား..တပည့်တော်ဟာ လူတွေကို သတ်နိုင်၊ ဒဏ်တပ်နိုင်သော အာဏာရှင်ဖြစ်ပါတယ်။ သို့သော်လည်း လွှတ်တော်ရုံးမှာ တပည့်တော် စကားပြောစဉ် ဝင်ပြောကြသော ပုဂ္ဂို လ်တို့ကို “ ငါ စပြောစဉ် ဝင်မပြောနဲ့” ဟု တားမြစ်တာ လုံးဝမရပါဘုရား။
မြတ်စွာဘုရားမှာတော့ ရာပေါင်းများစွာသော ပရိတ်သတ်တွေကို တရားဟောကြားတဲ့အခါ
ချေဆတ်သံ၊ ချောင်းဟန်းသံမျှ မကြားရပါ။ တစ်ခါက အရှင်ဘုရား တရားဟောနေစဉ် ရဟန်းတစ်ပါး အမှတ်တမဲ့ ချောင်းဟန်းမိရာ အနားရှိ ရဟန်းတစ်ပါးက ဒူးနှင့်အသာတို့၍ “ အရှင်ဘုရား တိတ်တိတ်နေပါ.. မြတ်စွာဘုရားတရားဟောနေတယ်”လို့် သတိပေးတာ တွေ့ခဲ့ဖူးပါတယ်ဘုရား။ အရှင်ဘုရားဟာ တုတ်မပါ၊ လက်မပါ၊ အာဏာမပါ ပရိတ်သတ်များကို ငြိမ်သတ်အောင် ဆုံးမတော်မှုခြင်းမှာ သာသနာမှတပါး အခြားဘယ်မှာမှ မရှိပါဘုရား။ အရှင်ဘုရားဟာသတ္တဝါတွေကို ဆုံးခြင်း၌ အတုမရှိ မြတ်တော်မူပါတယ်ဘုရား” ဟုလျှောက်ထားတော်မူပါတယ်။
ပရိတ်သတ်ကို ကျေနပ်တော်မူပုံ..
ကုသိနာရုံမှာ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီး စည်းဝေးရောက်လာကျတဲ့ ရဟန်းတွေကို
မြတ်စွာဘုရားက ပွင့်ပွင့်လင်းလင်းပဲ မိန့်တော်မူပါတယ်။ “ရဟန်းတို့ ဘုရား၊တရား၊သံဃာ ရတနာသုံးပါမှာဖြစ်စေ၊ မဂ်၌ဖြစ်စေ၊ အကျင့်၌ဖြစ်စေ ယုံးမှားမှုများရှိကြရင် မေးကြ၊ ငါဘုရားမျက်ကွယ်ပြုသွားမှ မမေးရလေခြင်းရယ်လို့ နောင်တဖန် မပူပန်ကြလေနဲ့ဟု မိန့်တော်မလိုက်သော အခါ ။ ရဟန်းတစ်ပါးမှ အဘယ်တရားကိုဖြင့် သံသယရှိတယ်လို့ မမေးကြပါဘူး။ ထို့နောက် ဘုရားက ထပ်ဆင့်၍ ငါ့ကို ကြောက်ချစ်ရိုသေလို့ မမေးဝံ့ကြလျှင် အနီးနားရှိ မိတ်ဆွေတစ်ပါးပါးကို တဆင့်ပြောကြားကာ မေးမြန်ပါလို့ မိန့်ကြားတော်မူသော်လည်း ရဟန်းတစ်ပါးတစ်လေကမျှ မမေးလျှောက်ကြပါ။
ထိုအခါ .. အရှင်အာနန္ဒာက “ ဤမျှလောက် များပြားသော ပရိတ်သတ်ထဲမှာ တစ်ပါးတစ်လေကမျှ ရတနာသုံးပါးနှင့် မဂ်၊ ပရိယတ်တရားတို့မှာ ယုံမှားသံသယမရှိကြောင်း တပည့်တော်ယုံကြည်ပါသည်၊ အံ့ဖွယ်ကောင်းပါပေစွတကားလို့ လျှောက်ထားပါတယ်။
ထိုအခါ မြတ်စွာဘုရားက “ အာနန္ဒာ.. သင်ကား ယုံကြည်ချက်ကြောင့်
လျှောက်ထားခြင်းဖြစ်တယ်။ ငါဘုရားကား ဤရဟန်းတွေမှာ ယုံမှားမှုမရှိဟု အတိအကျသိတော်မူတယ်။ အဘယ့်ကြောင့်ဆိုသော် ဒီပရိတ်ထဲမှာ အညံ့ဆုံး ရဟန်းဟာ အရိယာသောတာပန်ဖြစ်လို့ပဲလို့ မိန့်တော်မူပါတယ်။
ဘုရားရှင်ကာ ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးထိ မိမိပရိတ်သတ်ကို ကျေးနပ်နှစ်သိပ်စေလို့ လွန်ခဲ့သောနှစ်ပေါင်းများစွာက ယနေ့ထက်တိုင် ထိုအဖြစ်အပျက်များကို ကြားရသူတိုင်းမှာ မြတ်စွာဘုရား၏ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်ကို ကြည်ညိုလို့မဆုံး ဖြစ်ရပါပေတယ်။
ကျမ်းညွှန်း။ ။သပြေကန်ပရိတ်ကြီးနိဿသစ်
No comments:
Post a Comment