Thursday, May 22, 2014

စတော်(ဆရာတော်) စာချ မဖြစ်ရလေအောင်

ရှေးလူကြီးများ မိန့်ဆိုထားသော “စာအုပ်စာပေ လူ့မိတ်ဆွေ”  ဆိုတာ အမှန်ပင်ဖြစ်သည်။
အကြောင်းရာတစ်ခုကို သိချင်သည့်အခါ စာပေတွင် ရှာဖွေတွေ့ရှိနိုင်သည်။
လောကအဖုံဖုံပြဿနာ မျိုးစုံဖြင့် ရင်ဆိုင်နေရသည်အခါ ဖြေဆေးများကို စာပေတွင်တွေ့ရှိနိုင်သည်။
နောက်ဆုံး ဘဝချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုပင် စာပေ၌ပင် တွေ့ရှိနိုင်သည်။

အထက်ပါ လောကနီတိအဆိုအမိန့်ကို ဖတ်လိုက်မိသောအခါ … သက်မဲ့ဖြစ်သော စန္ဒကူးရနံ့ဟာ ခြောက်သွေ့သွားသော်လည်း သူ့ရဲ့ အမွှေးရနံ့ကို မစွန့် သူ့ရဲ့ ဂုဏ်သတ္တိကို ပြနိုင်သေးတာ ၊ သက်ရှိဖြစ်သော မင်းက ရဟန်းရဲ့ ဂုဏ်သတ္တိကို မပြနိုင်တော့ဖူးလားဟု ၊ မိမိအတွက် အားဆေးတစ်ခွက်ဖြစ်လာသည်။

မှန်ပါသည်..
ရဟန်းဟူသည်.. လူထဲက လူဆိုပေမယ့် ..၊လွယ်လွယ်ဖြင့် ဒီဘဝကို ရောက်ရှိလာခြင်းမဟုတ်၊ လွယ်လွယ်ဖြင့် ရောက်ရှိလာသူရှိနိုင်သော်လည်း ၊သာသနာတွင် ကြာရှည်စွာ တည်ရှိနိုင်မည်မဟုတ်၊ သာသနာတွင် ကြာရှည်စွာ တည်ရှိနိုင်သူရှိသော်လည်း သူတော်ကောင်းတရားများကို ပွားများခြင်း၊တရားဓမ္မများကို ဟောပြောပြသင်ကြား ပေးခြင်းများကို ပြုနိုင်မည်မဟုတ်..၊

သာသနာပြုလုပ်ငန်းသည် သူတော်ကောင်းအလုပ်ဆိုပေမယ့် အတားအဆီး ၊အပိတ်အပင်များစွာရှိတတ်ပါ၏။ ဘယ်အရာမှ လွယ်လွယ်ကူကူဖြင့် မပြီးမြောက်နိုင်ခြင်းသည် လောကနိယာမကို သဘောတရားပင်ဖြစ်သည်။

သာသနာပြုလမ်းခရီးတွင်  ပါရမီဖြည့်ဖက်များ၊ ကန်လန့်လိုက်သူများ၊ ကောင်းစေလို၍ အကြံပေးသူများ ၊ စာဖတ်၍ စာတတ်သော်လည် ကိုယ်တိုင်က မကျင့်ဘဲ၊ ဖတ်ထားသမျှ စာပေလေးနဲ့ ဝေဖန်လိုသူများ များစွာ တွေ့နိုင်သည်။

ဒီလူမျိုးကို လောကနီတိက  ‘ယောက်မသည် ဟင်းအရသာကို မသိသကဲ့သို့..၊စာတတ်ပေတတ်လူပေါသည် ပညာ၏ အရသာကို မသိ’ ဟု မိန့်ဆိုထားပါသည်။

လောကနီတိစကားပုံနှင့်ထပ်တူ အင်္ဂလိပ်စာပေတွင်လည်းရှိပါသည်
A spoon does not know the taste of soup, nor a learned fool the taste of wisdom
( Welsh Proverb)
ဇွန်းသည် ဟင်းချို၏ အရသာကို မသိ၊ စာတတ်ပေတတ် လူပေါသည်လည်း  ပညာ၏ အရသာကို မသိ။

ဒီလိုစာတတ်ပေတတ် လူပေါများကြောင့်ပင် “စတော် (ဆရာတော်) စာကျ ၊မိကျောင်းမင်း ရေခင်းပြ” ဆိုသော ရှေးလူကြီးစကာများလည်း ရှိပြန်သည်။
ဒီလိုစာတတ်ပေတက် လူပေါများကိုအကြောင်းတွေးမိလေတိုင်း ပိဋကတ်တော်လာ ဖြစ်ရပ်လေးတစ်ခုကို မကြမခဏ သတိရမိသည်။

ဗုဒ္ဓလက်ထက်က စာပေတတတ်ကျွမ်းသော ရဟန်းကြီးတစ်ပါးရှိခဲ့သည်။စာပေတတ်ကျွမ်းသောကြောင့် စာပေမာန် တက်နေသည်၊ သို့သော် မဂ်တရားကိုတော့ မရသေး၍ ရဟန်းကိစ္စမပြီးသေးပါ။
တစ်နေ့ ထိုရဟန်းကြီးသည် ဗုဒ္ဓထံသွား၍ သူအားသင့်လျှော်သော ကမ္မဋ္ဌာန်းကို ပေးပါရန် သွားရောက် တောင်းပန်လျှောက်ထားသည်။

မြတ်စွာဗုဒ္ဓက ဤရဟန်းကြီးသည် စာပေမာန်တက်နေကြောင်းသိ၍ ၊ “ ငါရှင်..သင့်အတွက် ပေးရန် ကမ္မဋ္ဌာန်း ငါ့မှာမရှိ  ဟိုကျောင်းငယ်လေးမှာ သီတင်းသုံးနေသည့် ရဟန်းကြီးထံမှာ သွား၍ ကမ္မဋ္ဌာန်းတောင်းပါ။  ငါရှင့်နှင့် သင့်လျှော်သော ကမ္မဋ္ဌာန်းကို ရပါလိမ့်မည်ဟု မိန့်ကြားလိုက်သည်။

မြတ်ဗုဒ္ဓညွှန်ကြားချက်ကို ကြားလိုက်သောအခါ ..စာတတ်ပေတတ်ရဟန်းကြီး အတော်လေး စိတ်ပျက်သွားသည်။ ထိုရဟန်းကြီးမှာ စာလုံးဝမတတ် ၊သူ့ထံမှာ ဝပ်စင်းပြီး ကမ္မဋ္ဌာန်းတောင်းရမှာ သိက္ခာကျလွန်းသည်ဟု သူတွေးထင်ထားသည်။ သို့သော် မြတ်ဗုဒ္ဓစကားကို မလွန်ဆန်နိုင်၍ ထိုရဟန်းကြီးထံမှာ ကမ္မဋ္ဌာန်းတောင်းရန်သွားရသည်။ အမှန်စင်စစ် ထိုရဟန်းကြီးမှာ စာမတတ်သော်လည်း ရဟန္တာစင်စစ်ဖြစ်နေသောကြောင့် ကမ္မဋ္ဌာန်းသဘောကို ကောင်းကောင်းမိန့်ကြားနိုင်သည်။

ရဟန္တာကြီးမှာ စာပေကောင်းကောင်း မသင်ကြားခဲ့ရ၍  ကမ္မဋ္ဌာန်းတရား ပေးရာတွင် လေယူလေသိမ်း အသံထွက်က မမှန်ဖြစ်နေသည်။ ထိုအခါ စာတတ်ပေတတ်ရဟန်းက ရဟန်းကြီးအသံထွက်မှာ ချွတ်ချော်မှားယွင်းနေကြောင်း ထောက်ပြလိုက်သည်။ သုံးခါလောက်ပြင်ပေးသောအခါ .. ရဟန္တာကိုယ်တော်ကြီးက ..
“ သင်သည် အက္ခရာများပေါ်၌သာ ပျော်မွေ့နေသော ယောက်ျားပေတကား”
ဟု မိန့်ကြားလိုက်သည်။

ထိုအခါကျမှ အိပ်မောကျနေသူကို ရိုက်နှိုးလိုက်သကဲ့သို့ မိမိကိုယ်မိမိ နားလည်နောင်တရသွားပြီး “ တပည့်တော် မှားပါပြီဘုရား၊  တပည့်တော်ကို ကမ္မဋ္ဌာန်းပေးသနားတော်မူပါ” ဟု ဝန်ချ တောင်းပန်သည်။ ဤသို့အားဖြင့် ရဟန်းကိစ္စပြီးသွားခဲ့ဖူးသည်။

မိမိအပါအဝင် ၊စာဖတ်သူများလည်း  အက္ခရာတွင် ပျော်မွေ့ပြီး စာ တတ်သူ တစ်ယောက်မဖြစ်အောင် ၊ ဒီရဟန်းကြီးဇာတ်လမ်းက မီမှောင်နေထိုပြနေပါပြီမဟုတ်ပါလား..၊

No comments:

Post a Comment