Monday, May 19, 2014

လဲနေသူ ထူပေးပါ

လဲနေသူ ထူပေးပါ
အားငယ်သူ အားပေးပါ
ရေထဲကလူ ဆယ်ယူပါ..၊

မေလ(၁) ရက်လောက်ကထင်သည်..ဗုဒ္ဓရံသီဆရာတော် ကျမထံ  ဖုန်းဆက်လာသည်။  မဆက်သဖူး အဆက်ထူး ဆရာတော်ကိုယ်တိုင် ဖုန်းခေါ်လာတာမို့ ၊ ကျမစိတ်ဝင်စားစွာ နားထောင်နေမိသည်။

“ဒကာမကြီး ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ဗုဒ္ဓတစ်ထောင်ပူဇော်ပွဲကျင်းပမယ်၊ ဒီပွဲမှာ မြတ်ဗုဒ္ဓသက်တော် (၈၀) တိုင်တိုင် တရားဓမ္မများဟောပြောပြသွားတာကို  ပူဇော်သောအားဖြင့် ဓမ္မယောဂီ (၈၀)တို့ အတူကွ ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ရွတ်ဆိုပူဇော်မယ် ၊ ဒကာမကြီး ဒီပွဲကို လာဖြစ်အောင်လာခဲ့နော်”

ကျမ.. ဖုန်းထဲမှာ ချီတုံချတုံနဲ့ .. မှန်ပါ့ဘုရားဟု  အာမဘန္တေဝန်ခံခဲ့ခြင်းမပြုလိုက်ပါ။

အဘယ်ကြောင့်ဆိုသော် ..ကျမ .. ပွဲကြီးလမ်းကြီးကို သွားလေ့သွားထမရှိပါ၊ ယုတ်စွ လူစည်းကားတဲ့ သင်္ကြန်းပွဲ မျိုးကိုတောင် ခဏတဖြုတ်လောက်သာ မျက်နှာသွားပြတတ်ပါသည်။

နောက်တစ်ချက် ..ကျမတို့ဆိုင်လုပ်ငန်းက ..စနေ၊တနင်္ဂနွေ သူများအလုပ်ပိတ်ရက်မှ ပိုရောင်းရတတ်သည်။ သို့အတွက်ကြောင့်လည်း ဆိုင်လုပ်ငန်းဖြစ်သော ကျမအဖို့ လူမှုရေး အားနည်းသည်ဟုလည်း ဆိုနိုင်ပါသည်။
လူမှုရေးပွဲတွေ၊ ဒီလိုဘာသာရေးပွဲတွေကို မသွားဖြစ်တော့ တချို့မိဆွေတွေက  ကျမကိုမေးတတ်ကြသည်၊ ဘယ်သူကို စိတ်ဆိုးနေတာလဲ စသည်ပေါ့ ၊ ကျမဘယ်သူကိုမှလည်း စိတ်မဆိုးတတ်သလို ဘယ်သူ့ကိုမှလည်း မမုန်းတတ်ပါ။

ချစ်ခြင်း၊မုန်းချင်းသည် .. အလွန်မှ ခံရခက်သော … ဝေဒနာဖြစ်၍ ကျမချစ်ခြင်း ၊မုန်းခြင်းကို ဖြစ်နိုင်လျှင် ဝေးဝေးကရှောင်ချင်သည် သို့သော်လည်း  ကိလေသာအပြည့်ပုထုဇဉ်တွေမို့ သတိတရားဖြင့်သာနေရသည်။


ဆရာတော် ဖုန်းချသွားသောအခါ.. ကျမစိတ်ထဲမှာ ကဆုန်လပြည့်ဗုဒ္ဓတစ်ထောင် ပူဇော်ပွဲ၊ ဗုဒ္ဓ၏ သက်တော် (၈၀)  ဆယ်၊ ဓမ္မမိတ်ဆွေ (၈၀) ဆိုသော စကားများကား ထပ်ခါ ထပ်ခါ ကြားနေမိသည်။

ကျမ ပြည့်ပရောက်တည်းက ခုလို ဗုဒ္ဓပူဇနိယပွဲတော်မျိုးကို တစ်ခါမှ မကြုံဖူးသေးပါ၊ ဆရာတော်ကလည်း   ယောဂီ (၈၀) ပြည့်အောင် လူလို၍ ဖုန်းဆက်တာဖြစ်မည်ဟုတွေးကာ ..၊ ကျမ  ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော် ကျင်းပမည့် မေလ(၁၁) ရက် တနင်္ဂနွေနေ့လုပ်စရာများကို ၊တခြားသူများနှင့် လွှဲထား၍ ရအောင် ကြိုတင် စီစဉ်လိုက်သည်။

ဒါတောင် မသေခြာသေး၍ ၊ ဒီပွဲကို တပည့်တော် လာမည်ဖြစ်ကြောင်း အကြောင်းမပြန်ဖြစ်သေး။
ဆရာတော်သည်..၊ဗန်ကူးဘားတွင် ကျောင်းထိုင်တာ ငါးနှစ်ခန့်ရှိပြီးဖြစ်သော်လည်း ကျမတို့မိသားစုကို ခုလို တကူးတက ဖိတ်တာ မရှိဘူးသေး၊ တခါတစ်ရံ ဆိုင်ကို ကြွလာ၍ လှူဖွယ်ဝတ္ထုများကို အနည်းငယ် လှူဒါန်း ဖူးပါသည်။

ခုတစ်ခါ ထူးထူးခြားခြား ဖုန်းဆက်ကာ ဖိတ်လာတာ ..လူ လိုအပ်လို့ဖြစ်မည်ကို လည်း တွေးတောမိပါသည်။

ဟုတ်ပါသည်…၊
၊ပြည်ပတွင် သာသနာပြုရသည်မှာ
 ပြည်ပရောက် မြန်မာမိသားစုများကို အဓိက အားကိုးနေရသည်၊
 ကျောင်းထိုင်သည်ဆိုသော်လည်း၊မြန်မာပြည်မှာကဲ့သို့ ၊တစ်ကျောင်းလုံးအပြီးအပြတ် ရေစက်ချလှူလိုက်သည်မဟုတ် ၊လစဉ် ပေးစရာ ကျောင်းမောဂိတ်၊ ရေ၊မီး ၊တယ်လီဖုန်းစသည်ဖြင့် ကုန်ကျစရာ များစွာရှိသည်။ ဒီကုန်ကျငွေများကို … ဆရာတော်မှ အဆင်ပြေအောင် ပွဲတော်များ ကျင်းပကာ အလှူငွေကို ရှာရသည်။

စားသောက်စရာဆို၍လည်း မြန်မာပြည်မှာကဲ့သို သပိတ်တစ်လုံးပိုက် ၊ ရွာရိုးလျှောက်ဆွးမ်းခံ၍ဖြစ် ၊  တတ်သိနားလည်းသော ၊ မြန်မာဒကာ/ဒကာမများ ပို့သော ဆွမ်းကိုသာ ဘုဉ်းပေးရသည်။

မေလ(၁၁) ရက် တနင်္ဂနွေနေ့..

ကျမ ကဆုန်လပြည့်ဗုဒ္ဓနေ့ကျင်းပသော မေလ(၁၁) ရက်နေ့တွင် ကျမသမီးများနှင့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းသို့ ရောက်သွားပါသည်။
ဒီပွဲကိုရောက်သွားမှ ကျမ စိတ်တွေတော်တော်ကြည်နှုးမိပါသည်။ ဆရာတော်သည်  ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်ဖို့
 တော်တော်လည်းအားစိုက်ထားဟန်တူသည်။

ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊ မျက်ခင်းပြင်၌ မဏ္ဍပ်ထိုးကာ   ပေနှစ်ဆယ်ခန်းကျယ်ဝန်းသော ယာယီဘုရားခန်းကို ခန့်ခန့်ငြားငြားတည်ဆောက်ထားသည်။  ဘုရားခန်း အပြင်အဆင်မှာလည်း မြန်မာပြည်မှ ဘုရားပွဲများကဲ့သို့ ကနုတ်ပန်းများဖြင့် ချယ်သထားသည်။

ဘုရားစင်ပေါ်တွင် ၊ ရွှေစေတီ၊ ငွေစေတီနှင့်အတူ ပန်းပေါင်းတစ်ထောင်ဖြင့် တည်ဆောက်ထားသော ပန်းစေတီတို့ကာ သပ္ပါယ်စွာတည်ရှိနေသည်။ ထို့အပြင် ဗုဒ္ဓနေ့ပွဲတော်သို့
 ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများ၏ ဗုဒ္ဓရုပ်းပွာတော်များကလည်း ၊ ထူးခြားစွာ  ပေ(၂၀)ခန်းကျယ်ဝန်းသော ဘုရားခန်းကို တင့်တယ်ခန့်ငြားစေသည်။

ဘုရားခန်း၏နောက်ခံတွင် မြတ်ဗုဒ္ဓ၏   ကဆုန်လပြည့်နေ့ဝယ် မဟာဗောဓိပင်အောက်၊ သဗ္ဗညုဗုဒ္ဓအဖြစ်သို့
 ရောက်ပုံကြီးနှင့်မြန်မာနိုင်ငံ၊မုံရွာ ဗောဓီတစ်တစ်ထောင်မှ
 လျောင်းတော်မူပုံနှစ့်၊ရပ်တော်မူပုံ သပ္ပါယ်စွာ ဖူးတွေ့ရသည်။ ဘုရားခန်းတစ်ခုလုံးနှင့် ဟောခန်းတစ်လုံးကို နိုင်ငံတကာရှိ ဗုဒ္ဓရုပ်ပွားများ၊စေတီတော်များ တစ်ထောင်ဖြင့် တင့်တယ်ခန့်ငြားစွာ ပြင်ဆင်ထားသည်၊

ထို့အပြင် အလှူရှင်များ လှူဒါန်းထားသော  သစ်သီးတစ်ထောင်၊ ရေချမ်းတစ်ထောင်နှင့် ဆီမီးတစ်ထောင်တို့ကလည်း ဗုဒ္ဓနေ့ကို လာရောက်သူ လူအပေါင်း၏ စိတ်ကို အထူးကြည်နှုးစေသည်။
ကျမနှင့်ကျမသမီး.မြတ်ဗုဒ္ဓအားနံ့သာတိုင်းများဖြင်ပူဇော်လိုက်သည်၊ ကွင်းပြင်ကျယ်မှာ ကျင်းပတာမို့ အမွေးနံ့သာများ လှောင်ပိတ်နေခြင်းမရှိပဲ ၊မြန်မာပြည်မှာရှိတဲ့ စေတီများကဲ့သို့ လွတ်လပ်စွာ ပူဇော်ခွင့်ရသည်။ ဒီလို လွတ်လွတ်လပ်လပ် ပူဇော်ခွင့်ရအောင် ဖန်းတီးပေးသော ဆရာတော်နှင့် အသင်းအကျိုးဆောင်များကိုလည်း အထူးကျေးဇူးတင်နေမိသည်။

ပြည့်ပတိုင်းပြည်မှာ …မြန်မာစားသောက်ဖွယ်များကလည်း ဒီလို့ပွဲတော်ရက်များတွင်သာ ပြည့်ပြည့်စုံစုံ စားရတာမို့ ကိုချစ်ဝိုင်းလှူဒါန်းသော ဒန်ပေါက်ကိုလည်း နှစ်နှစ်ခြိုက်ခြိုက်စားမိသည်။  ကိုချစ်ဝိုင်းဒန်းပေါက်လည်းကလည်း မြန်မာအစားအစာ မစာရတာ ကြာ၍မလားမသိ၊ ဆွေမျိုးမေ့အောင် ကောင်းလှသည်။

နေ့လည် တစ်နာရီသို့ရောက်သောအခါ…၊အခမ်းအနားမှုးဖြစ်သော ကိုတင်နွယ်မှ  ကဆုန်လပြည့်ဗုဒ္ဓနေ့ ဗုဒ္ဓပူဇနိယ အခမ်းအနားစတင်ကြောင်းကြေညာလိုက်သည်။ ထို့နောက် အကျိုးဆောင်များမှ စီစဉ်ထားသော ပန်းများကို တစ်ပွင်းစီ ဗုဒ္ဓနေ့အခမ်းအနားတက်ရောက်လာသူများအား လိုက်ပေးပါသည်။
ကျမ ဘုရားပန်းများ အိမ်က ဘုရားမှာ မကြာခဏ ကပ်ဖူးပါသည်။ ယခုလို ဓမ္မမိတ်ဆွေများနှင့် အတူ ၊ ကိုင်ကာ တစ်ခါမှ  မကပ်လှူဖူးပါ ။ ဒီလိုထူးထူးခြားခြား မိတ်ဆွေများဖြင့် ကပ်လှူခွင့်ရတာ စိတ်ထဲမှာ ကြည်နူးမှုတစ်မျိုးကို ခံစားရသည်။

မြတ်ဗုဒ္ဓအား စုပေါင်းပန်းလှူပြီးသော အခါ ဆရာတော်မှ ၊ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်းကိုဟောပါသည်။
ကျမအသိစိတ်ထဲ စွဲကျန်ရစ်ခဲ့တာကတော့ ဘုရားဖြစ်ခါနီး မာရ်နတ်က စစ်သည်တော်တွေနဲ့  ဗောဓိပင်နှင့်ရွှေပလ္လင်ကို လာလုကြောင်းကို ၊  ကျမတို့လူသားများ ဘဝအခက်အခဲများနှင့် နိုင်းယှဉ် ဟောပြောပြသသွားခြင်းဖြစ်ပါသည်။

ဟုတ်ပါသည်…၊
အရှုပ်၊ အထုပ်၊အတင်း၊အဖြင်းများဖြင့် တည်ဆောက်ထားသော ပုထုဇဉ်လောကမှာ ..၊  ကျမတို့ ပုထုဇဉ်လူသားမဆိုထားဘိ၊ ဗုဒ္ဓတောင် မလွန်ဆန်နိုင်ပါလားဟု သတိသံဝေရမိပါသည်။
ဒီအရှုပ်ထုပ်လောကမှလည်း လွှတ်မြောက်ပါစေသားဟု ဆုတောင်းမိပါသည်။

အားလုံး အခမ်းနားပြီးဆုံးလို့ ဆရာတော်ကို သွားရောက်ဖူးမျှော်သောအခါ …၊ ဆရာတော်က ရွှင်လန်းသော မျက်နှာဖြင့် ၊ဒီပွဲကို ရောက်လာတာ အထူးကျေးဇူးတင်ကြောင်းလှိုက်လှိုက်လှဲလှဲပြောပါသည်..၊
ဆရာတော်အား ဦးသုံးကြိမ်းချပြီးသောအခါ… ကလေးဘဝက သင်ရခဲ့ရသော

“လဲနေသူ ထူပေးပါ
အားငယ်သူ အားပေးပါ
ရေထဲကလူ ဆယ်ယူပါ..” ဆိုတဲ့
သူငယ်တန်း သင်ပုန်းကြီးဖတ်စာက ခေါင်းထဲဝင်လာရင်း….

ယနေ့ ကျမတက်ရောက်ခဲ့သော ကဆုန်လပြည့်ဗုဒ္ဓနေ့ပွဲတော်သည်..ဆရာတော်၏ ဆန္ဒကိုဖြည့်ဆီးခဲ့သော
သူတစ်ဦးဖြစ်ခဲ့ပါလျှင်...

No comments:

Post a Comment