Thursday, July 18, 2013

ဘဂဝါဘုန်းတော်

ယနေ့ခေတ် ရဟန်းငယ်များကို ဦးပဉ္စင်းဟုလည်းကောင်း၊ အသက်အနည်းငယ်ရသော သို့မဟုတ် ဘုန်းကြီးသော ရဟန်းများကို ဘုန်းကြီးဟုလည်းကောင်း ၊ အသက်ကြီးသော ရဟန်းများကို ဆရာတော်ဟုလည်းကောင်း ခေါ်ဝေါ်တတ်ကြပါတယ်။

ဘုန်းကြီးသော ရဟန်းများကို“ဘုန်းကြီး” ဟုခေါ်ဆိုရင်းမှ ခင်းမင်ရင်းနှီးခြင်းကို အခြေခံကာ “ ဘုန်းဘုန်း”ဟုလည်း ခေါ်ဝေါ်လာကြပါတယ်။

ဘုန်းကြီးဟူသော စကားမှာ  ဘဂ- ရှေးကလွန်ကဲစွာ ဆည်းပူးခဲ့သော ကုသိုလ်ကံကို အစွဲပြုကာ ဘုန်ဂီမှ ဘုန်းကြီးဟု မြန်မာဝေါဟာရ ပြောင်းသွားဟန်တူပါသည် ( စာရေးသူ)

မှတ်ရန်။ ။ ဘုန်ဂီ- တွင်ရှိသော _ီ သည်း ပိုင်းဆိုင်ခြင်း ၊ ရှိခြင်းကို အဓိပ္ပါယ်ပြ။

ဘုရားရှင်တို့သည် ရှေးရှေးသော ပါရမီဖြည့်စဉ်ကာလက သူတကာထက်သာလွန်သော ကုသိုလ်ပါရမီများကို လွန်ကဲထူးခြားစွာ ဖြည့်ကျင့်တော်မူခြင်းကြောင့် ဘုန်းတော်ခြောက်ပါး
 နှင့်ပြည့်စုံတော်မူခြင်းဖြစ်ပါတယ်။

ဤနေရာတွင် ဘုန်းတော်များအကြောင်း အသေးစိတ်မရှင်းပြခြင်း ၊ အရှင်ဇနကာဘိဝံ၏ ရတနာ့ဂုဏ်ရည်မှ ကြည်ညိုဖွယ်ရာ ဘုန်းတော်ခြောက်ပါး လင်္ကာဖြင့် မြတ်စွာဘုရားအား ပူဇော်ကြရအောင်ပါ။

•    အဏုမြူသဖွယ်၊ ပျောက်ကွယ်သိမ်မွေ့၊ မမြင်တွေ့အောင်၊ ရုပ်ဆောင်ဖန်ဆင်းနိုင်သော “ အဏိမာ” ဘုန်းတော်။
•    စိတ်၏အလား၊ ကောင်းကင်ဖျား၌၊ ပေါ့ပါးလျင်မြန်၊ ဈာန်ပျံ ကြွသွားနိုင်သော “လဃိမာ” ဘုန်းတော်။
•    ကိုယ်တော်သဏ္ဍန်၊ ပုံဟန်တိုင်ငြား၊မနှိုင်းအားဖို့၊ ကြားလေအောင်၊ ရုပ်ဆောင် ဖန်ဆင်းနိုင်သော ‘မဟိမာ’ဘုန်းတော်။
•    ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက်၊ တစ်ခဏလောက်ဖြင့် ကြွရောက်နိုင်သော ‘ပတ္တိ’ဘုန်းတော်။
•    အဆင်းအတန်တန်၊ပုံသဏ္ဍန်ကို၊ စီမံဖန်တီး၊ တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော ပါကမ္မဘုန်းတော်
•    ကိုယ်တော်မြတ်၏၊ စိတ်ဓာတ်တော်မှ ၊ စ၍မကြွင်း၊ လူနတ်မင်းကို ၊ ပိုင်နင်းအုပ်စိုး၊လွမ်းမိုးနိုင်သော ‘ဤသိတာ’ဘုန်းတော်
•    ကိစ္စတစ်ခု ပြုစုတုန်းပင် ၊ပြီးဆုံးချင်သော်၊ ဆောလျင်မသွေ၊ ပြီးဆုံးစေနိုင်သော ၊ ‘ယတ္တကာမာဝသာယိကာ’ ဘုန်းတော်။
•    ရှစ်ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ ‘ဣဿရိယ’ဘုန်းတော်။
------------------------------------------------------------------------------------
•    ကိလေသာရန် ၊ ပယ်လှန်ဖြတ်ဖို့ ၊ နိဗ္ဗာန်ဖိုလ်မဂ်၊ ကိုးချက်အပြား ၊လောကုတ္တရာ တရားဟူသော ‘ဓမ္မ'ဘုန်းတော်။

•    ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ်၊ ပဲတင်ထပ်မျှ နှံ့စပ်သတင်း၊ ကျော်စောခြင်း၊ ဟူသော ‘ယသ’ဘုန်းတော်။

•    ရွှေမျက်နှာတော် လက်ခြေတော်မှ၊ စ၍မကြွင်း ပင်းလုံးဝင်းသည် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ်။ သပ္ပာယ်တော်မူသော ‘သီရီ’ ဘုန်းတော်။

•    အလိုအတိုင်း တောင်းတတိုင်းပင် မဆိုင်မတွ ပြီးစီရသည့် ‘ကာမ’ဘုန်းတော်။
•    တစ်လောကလုံး ညွတ်ရုံးကိုးစား၊ အားထားဖို့ရာ ၊ လွန်စွာကြိုးကုတ်၊ အားထုတ်တော်    မူသော  ‘ပယတ္တ’ဘုန်းတော်။

ဤခြောက်ဖော်ဂုဏ် ဘုန်းတော်ဂုဏ်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း
ဘဂဝါ- ဘဂဝါ ဟူသော ဂုဏ်တော်ကြီးဖြင့် အံချီး၍ မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံလှိုင်ကျော်ကြား ထင်ရှားတော်မူသည့်တကား။

No comments:

Post a Comment