Friday, September 28, 2012

ဘကြီးကျန်း


နေ  ထန်းတစ်ဖျားလာက်ရှိပြီဟုဆိုလျှင်ပင်  ဘကြီးကျန်းသည် အိမ်ရှေ့ ကွပ်ပျစ်ကလေးပေါ်တွင်  ဒူးတစ်ချောင်းထောင်ပြီးထိုင်ကာ ဆီများ ရွှဲနေအောင် ဆမ်းထာသော ပဲပြုတ်ကလေးကို တဖြည်းဖြည်းဝါးမြုံ့ရင်း လက်ဖက်ရည် ကြမ်း  သောက်လေ၏။ မျက်စိနှစ်လုံးကား မိမိ၏ တစ်သက်တွင် အခါပေါင်း အရာထောင်မက ဖတ်ရှုသုံးသပ်ခဲပြီးဖြစ်၍ ဟောင်းနွမ်းစိုတ်ပြန်လျက်ရှိပြီး ဖြစ်  သော ဓမ္မပဒဝတ္ထုတော်ကြီးကို ဆာလောင်မွတ်သိပ် စွာဖတ်ရှုနေလေ၏။

အိမ်ရှေ့ အိမ်ဝရံတာကလေးမှ ကောလိပ်ကျောင်းသား သိန်းအောင်သည် ဘကြီးကျန်းကို အမြင်ကတ်သော ကြည့်ခြင်းမျိုးဖြင့် လှမ်း၍ ကြည့်ကာ “ တယ် - ဒီအဘိုကြီးဟာ တစ်နေ့လာလဲ စာအုပ်အဟောင်းအနွမ်း အစုတ် အပဲ၊ တစ်နေ့လာလဲ စာအုပ်အဟောင်းအနွမ်း အစုတ်အပဲ့ နဲ့ကြည့်ရတာ အမြင်ကပ်လာပြီး။ ဒီအစုတ်အပဲ့တွေ ဖတ်ပြီး၊ ဒီမြို့မှာ လူတတ်ကြီး လုပ်နေတာပဲ။ လူတွေကလည်း ဒီအဘိုးကြီးကို ကမ္ဘာပေါ်မှာ အတော်ဆုံး ထင်ပြီး မေးလား စမ်းလား လုပ်နေတာဟာ ပြောင်းလဲဖြစ်ပျက်နေတဲ့ ခေတ်ကြီးမှာ သူ့စာအုပ်အစိုတ် အပြတ်တွေ ဖတ်ပြီး လူတတ်ကြီး လုပ်နေတာ လူမျိုးခြားတွေက ရယ်ချင်ကြမှာပဲ။ မြို့က ခွကိုကျပါသေးတယ်။  ဒီထဲ နင့်တို့လဲ ပါတာပဲ” ဟု ဘုရားစင်၌  ဆွမ်းတော်တင်မည်ပြုနေသော နှမလေး ညွန့်ဝေကို လှမ်း၍ ကြိမ်းမောင်း ပြောဆိုလေ၏။

ညွန့်ဝေလည်း လင်ပန်းကလေးကို အသာအယာချကာ မျက်နှာသုတ်ပဝါကို ပခုံးပေါ်သို့ ပင့်၍ တင်လိုက်ပြီးနောက် “ အစ်ကိုကြီးကလဲ သိပ်ခက်တာပဲ၊ အစ်ကိုကြီးဘာသာ အစ်ကိုကြီး မျက်မုန်းကျိုးရုံနဲ့ အားမရဘူး။ သူများတွေကိုပါ မှိုချိုးမျှစ်ချိုး လိုက်ပြောနေတာပဲ။ ဘကြီးကျန်း ဘယ်လောက် ကျမ်းတတ် တယ်ဆို တာ အစ်ကိုကြီး မသိရင် အစ်ကိုကြီးဟာ ဘကြီးကျန်း ပြောသလို လူ့အန္ဓပဲ။ ကိုင်း” ဟု ဒေါသ ကလေးများ ထွက်ကာ ပြန်လှန်ချေပပြီးလျှင် တွမ်းတော်တင်ရန် ဘုရားစင်ဘက်သို့ မျက်နှာကို လှည့်လိုက် လေ၏။

`ဟေ့ - ဘာပြောတက်ကွ၊ ဒီအလိုးကြီးက ငါ့ကို လူ့အန္ဓတဲ့လား။  ငါသွားဆော်မယ်။ ငါ အခု သွားဆော်မယ်။ ဒီအဘိုးကြီးကို အမြင်ကပ်တာကြာလှပြီး’ ဟု ဒေါသကြီးစွာ ပြောလျက် ဒုန်းဒုန်းနှင့် ဆင်းသွားမည်ပြုသည့် အခါ ညွန့်ဝေမှာ မျက်လုံးကလေးများ ပြူလျက် - “မဟုတ်ဘူး အစ်ကိုကြီးရဲ့ ၊ နေပါဦး လူအန္ဓလို့ ဘကြီးက အစ်ကိုကြီးကို တိုက်ရိုက်ပြောတာမဟုတ်ဘူး။ မသိတဲ့လူဟာ အန္ဓလို့သာ ပြောတာပါ။ အစ်ကိုကြီး  မသိလို့ ကျွန်မက အစ်ကိုကြီးကို စိတ်မရှည်တာနဲ့ လူ့အန္ဓလို့ ပြောတာ သိပလား”ဤတွင်မှ သိန်းအောင်လည်း ကိုယ်ရှိန်သက်ကာ
  “အောင်မာ နင်တို့က လူပါးဝလို့ ။ ဒါ ပညာရှိနဲ့ ပေါင်းလို့ အခုလို လိမ်လိမ်မာမာ ပြောတောပေါ့လေ၊ ထွီ ပညာရှိတဲ့၊ ဘာပညာရှိလဲ၊  ပြင်ပြင်ကြီး ညာနေတာတွေသာ ရှိတာပဲ။ တယ်လေ ငါထင်တိုင်း
 ပြောလိုက်ရ မကောင်းဘူး” ဟု ဒေါနှင့်မောနှင့် ပြောကာ အတွင်းဘက်သို့ ဝင်သွားသောကြောင့် ညွန့်ဝေလည်း မိမိ၏ အစ်ကိုကြီးအတွက် များစွာ စိတ်မကောင်းဖြစ်ကာ ဆွမ်းတော်ကပ်ခြင်းအမှုကို ပြုလေ၏။

ထို့နောက် သူကိစ္စ၊ ကိုယ်ကိစ္စဖြင့် တစ်ဦးနှင့်တစ်ဦး စကား မပြောနိုင်ဘဲ ရှိနေကြရာမှ ထမင်းစာချိန်သို့ရောက်၍ ထမင်းပွဲတွင် ဆုံမိကြသောအခါ သို့တောင်အောင် သိန်းအောင်မှာ အခဲကျေသေးပုံမရသည်နှင့် ညွန်ဝေလည်း မျက်နှာရိပ်မျက်နှာကဲခတ်ကာ စကား တစ်ခွန်းမှ မပြောဘဲ ထမင်းကိုသာ ငုံ့၍စားပြီးလျှင် လက်ဆေး၍ မီးဖိုချောင်ဆီးသို့ ထသွားလေ၏။

တစ်ခဏမျှကြာ၍ မီးဖိုချောင်မှ ပြန်ထွက်လာသောအခါ ညွန့်ဝေ၏ လက်တွင်ပန်းကန်လုံးကလေး တစ်လုံးကို တွေ့မြင်ရလေ၏။ ညွန့်ဝေလည်း သိန်းအောင်စားနေသော  ထမင်းစားပွဲအနီးမှ ဖြတ်၍ ကျော်ကာ အိမ်ရှေ့ လှေကားမှ ဆင်းမည်ပြုရာ သိန်းအောင်က ‘ဟဲ - ဘယ်လဲ’ ဟု မိုးကြိုးပစ်လိုက်သကဲ့သို့သော တစ်ခဲနက် အသံဖြင့် မေးသောကြောင့် ညွန့်ဝေလည်း တစ်ကိုယ်လုံးတုန်သွားကာ -‘ အိမ်- အိမ်- အိမ်ရှေ့
 အိမ် ကို’ ဟု တစ်ခွန်းခြင်း ခဲရင်းစွာပြန်၍ ဖြေကြားလိုက်ပြီးလျှင် မည်သို့ အဆို အပြောခံရမည်ကို အသင့်နာခံနေသည့်အလား ရပ်မိရပ်ရာ လှေခါးခုံမှာပင် ရပ်၍နေမိလေ၏။

“ တယ် - ငါပြောလို့မှ မဆုံးသေးဘူး။ သွားပြီး ပူဇော်မလို့လား။ ယူခဲ့ ၊ အခု ဒီပန်းကန် သူ့ဆီ သွားပို့မယ့်အစား ခွေးကျွေးပစ်မယ်၊  ယူခဲ့လေ -ငါပြောနေတာ မကြားဘူးလား။ နင်တို့ တတွေကြောင့် အရပ်ထဲမှာ လူကြယ် လုပ်နေနိုင်တာ သိလား”ဟု ငေါက်ငမ်းရုံမျှမက မိမိ မယူခဲ့လျှင် အတင်းပင်လာ၍ ယူငင်ပေါက်ခွဲပစ်တော့မည့် အလား ရှူးရှူးရှားရှား ဖြစ်နေသည်နှင့် ညွန့်ဝေလည်း ခွင့်တုန့်မပြန်သာဘဲ အလွန်စိတ် မကောင်းစွာဖြင့် ဟင်းပန်းကန်းကို ပြန်၍ယူလာရပြီလျှင် ကုလားထိုင်တစ်လုံးကို မှီကာ မျက်ရည်ကလေးများလည်လျက်  အစ်ကို ဖြစ်နေသူအား ကြည့်နေမိလေ၏။

သိန်အောင်ကာ ထိုမျှပြောဆိုရရုံဖြင့် မကျေနပ်နိုင်သေးသည့် အလား
 “ နင်တို့တွေဟာ သိပ်ခက်တယ်။ နင်တို့ မသိတိုင်း ညာရင် ညာတဲ့သူကို ဘုရားလောက်ထင်တာပဲ။ နင်တို့လို ဥာဏ်မရှိတဲ့ လူတွေကြောင့် ဗမာပြည်ကြီး အတိုးတက်နိုင်တာပဲ။ ဥာဏ်မရှိတဲ့လူတွေက နင်တို့မကြားဘူးတဲ့ စကားတွေကို ဟန်နဲ့ ပန်နဲ့ ပြောပြရင် နင်တို့က သူတို့ကို ဘုရားစင်တင်ပြီး ရှိခိုးမလောက်ပဲ။ နင်တို့မိန်းမတွေ အထူသဖြင့် အသိဥာဏ် အဆင်ခြင်နည်းလို့ အားလုံးအခုလို ဖြစ်နေတာ။  လူညာတွေလည်း လူပါးဝနိုင်တာ ။ တော် - နောက် နင် ဟိုအိမ်သွားရင် အသတ်ပဲ” ဟု ကြိမ်းမောင်းကာ နောက်ဆုံး ထမင်းလုပ် ခံတွင်းသို့ ဒေါနှင့်မောနှင့် သွင်းလိုက်ပြီးနောက် ဆောင့်ကြီး အောင့်ကြီးနှင့် လက်ဆေးကာ  
လက်သုတ်ပဝါကို ဆတ်ခနဲ ဆွဲယူလေ၏။

ညွန့်ဝေမှာ အစ်ကိုကြီးအဖြစ်ကို ရင်ထုမနာလွန်းလှ၍ ထမင်းပွဲကိုပင် မသိမ်းနိုင်ဘဲ အိမ်ခန်းတွင်းသို့ ဝင်ခဲ့လေ၏။ အစကမူ မိမိအစ်ကိုကြီး တက္ကသိုလ်ကျောင်းတော်ကြီးမှ ပြန်လာလျှငိ မုချပင် ပညာများ တိုးပွား တတ်မြောက်လာလိမ့်မည်။ မိမိမှာ မိန်းကလေးဖြစ်၍ ကျောင်းတွင် မနေနိုင်သောကြောင့် အစ်ကိုကြီးထံမှပင် ပညာကို တစ်ဆင့် ခံယူတော့မည်ဟု အားအကိုးကြီးနှင့် ကိုးခဲ့ရာမှ ယခုသော်ကား ဘုးရား တရားတော်အတိုင်း သိမ့်မွေ့စွာ နေထိုင်ကျင့်ကြံပါလျက် တရားအတိုင်း ပြောဆိုစီမံ ခန့်ခွဲပေး တတ်သောကြောင့် မြို့တစ်မြို့လုံးက ကြည်ညိုကိုးစားနေသောသူတော်ကောင်းကြီးကိုပင်ရစရာမရှိအောင် ပြောဆိုပုတ်ခတ်နေချေသော ကြောင့် မျှော်လင့်ထားခဲ့သမျှ တဖြည်းဖြည်းလွင့်ပါးလျက် အစ်ကိုကြီးဖြစ်သူကိုပင်  ကြောက်ရွံ၍ လာသည်အတွက် သိန်းအောင် အိမ်ပေါ်မှ ဆင်းသွားသော အသံကိုကြားရမှ အိမ်ခန်းထဲမှ ထွက်လာခဲ့လေ၏။

“ သြော် - ကိုကိုသိန်းရောက်နေတာ ကြာပလား။ မြတောင် အိမ်ဘက် လှမ်းကြည့်ခဲ့သေးတယ်။ ဘယ်သူမှ မမြင်ဘူး။ ကိုကိုသိန်း ကျောင်းပိတ်လို့ ပြန်လာပြီဆိုတာ မနေ့က  မညွန့်ဝေက ပြောလို့သိရတယ်။ ညကတောင် လာဦးမလားလို့ မျှော်မိသေးတယ်။

မနက်စောစောကလဲ မျှော်မိသေးတယ်။ မလာနိုင်တာနဲ့ အကဲလဲခတ်ရင်း ဆိုသလို ဘကြီးကျန်းဆီသွား ဟင်းကလေးပို့ပြီး မမြင်တာနဲ့ ပြန်လာခဲ့တာပဲ။ ကိုကိုသိန်း မာရဲ့နော်။ ဘယ်တော့ ကျောင်းဖွင့်မလဲ” ဟူ၍ မတွေ့ရသည်မှာ ကြာမြင့်ပြီဖြစ်သဖြင့် တစ်ခွန်းပြီး တစ်ခွန်း ဆင့်ကာ ဆင့်ကာ ပျူပျူငှာငှာ ပြောဆိုနေသော်လည်း သိန်လွင်အောင်တွင် အိမ်က နှမကို ဆိုဆုံးမလို့မ၍မှ ပါးစပ် မပိတ်ရသေးမီ မိမိအသက်ပေး၍ ချစ်သူသူ မြရီကပါ မိမိကြည့်မရသူ အဘိုးကြီးအား ပူဇော်ပသနေသည်ကို တွေ့ရသောကြောင့် များစွာ မျက်နှာမကောင်းဘဲ အလိုက်သင့် အဆင်ပြေရုံမျှ  ပြန်လည်ဖြေကြားခြင်း ပြုလေ၏။

မြရီးလည်း အကင်းပါးသူ မိန်းကလေးတစ်ယောက် ဖြစ်သည့်အလျောက် “ကိုကိုသိန်း မျက်နှာ မကောင်းပါလလား။ ဘာဖြစ်လို့လဲ”ဟု အလွန်စိုးရိမ်သော အမှုအရာဖြင့် မေးသော်လည်း သိန်းအောင်မှာ မိမိ၏ နှမဖြစ်သူအား ပိုင်ပိုင်နိုင်နိုင်ပြောဆိုနိုင်သကဲ့သို့ ပြောဆိုရန် မဖြစ်နိုင်သည်အတွက် -
“ ဘာမှ မဖြစ်ပါဘူး မြရယ် ဒီဘကြီးကျန်းကိ ကိုကိုသိန်း ကြည့်လို့မရတာ တစ်ခုပါပဲ” ဟု စကားပြတ်စေရန် တိုတိုတုတ်တုတ်ပင် ပြန်ဖြေလိုက်လေ၏။

သို့သော် မြရီကား ဤစကားကိုဤနေရာတွင် အပြတ်မခံနိုင်၍ “ ဘာဖြစ်လို့ ကြည့်မရတာလဲ ကိုကိုသိန်းရယ်၊ ဘကြီးကျန်းဟာ သူတစ်ဖက်သားကိုဘာမှ မလုပ်ပါပဲလား” ဟု သကြီးကျန်းဘက်မှ ခုခံချေပသော အသံဖြင့်ပြောလိုက်ရာ သိန်းအောင်မှာ စိတ်ကိုရှည်အောင် မအောင့်အည်း မထိန်း သိမ်းနိုင်တော့တဲ့ စောစောက ညွန့်ဝေအား ပြောကြားသကဲ့သို့ ဘကြီးကျန်း လိမ်ညာနေပုံတို့ကို ပြောပြလေ၏။

မြရီလည်း တစ်ခွန်းတစ်ပါးမျှ ဝင်နေမပြောပဲနေပြီးမှ သိန်းအောင် စကားစပြတ်၍ သွားသည့်အခါ “ ဩော် ကိုကိုသိန်း  ဒီလိုယူဆထားတာကိုး ကိုကိုသိန်း ဒီလိုယူဆတယ်လို့ မြအရင်က မသိခဲ့ဘူး။ တကယ့် ပညာရှိကြီး၊ သူတော်ကောင်းကြီးတစ်ဆူကို ကိုကိုသိန်း သက်သက်ပြစ်မှားနေတာ။ ပြီးမြို့က လူတွေက ဘကြီးကျန်းအပေါ်မှာ ကြည်ညိုနေတာဟာ အလို့နလို့ ဆိုတာလဲ မြို့ကို ကိုကိုသိန်း အထင်းသေးပြီး ရှုတ်ချရာ ကျတာပဲ။  ကိုကိုသိန်း ၁၃-တန်းအောင်လို့ ၁၄-တန်းရောက်ပြီးဆိုတာ မြလဲသိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကိုကိုသိန်း အတွေးအခေါ်မှားပြီး ထင်ပါတယ်။ ဘကြီးကျန်းဟာ ကိုကိုသန်းတို့လို တက္ကသိုလ်ကျောင်းကြီး ကိုတော့ မရောက်ဖူးရှာဘူး။ ဒါပေမယ့် ပညာတော့တတ်တာပဲ ကိုကိုသိန်းတို့ တတ်တာလဲ တတ်တာပဲ၊ သို့ပေမယ့် လူတွေရဲ့ သံသယကို ဖျောက်နိုင်လောက်အောင် တတ်မှာတော့ မဟုတ်းဘူး။  ဒါက ကိုကိုသိန်းရဲ့ ချွတ်ယွင်းချက်တော့ မဟုတ်ပါဘူး။ ကိုကိုသိန်တို့ရဲ့ ခေတ်ပညာမှာကို ချွတ်ယွင်းနေတာကိုး။ ကိုကိုသိန်းတို့ရဲ့ ပညာက  သံသယကို တိုးတိုးပြီး ဖြစ်စေနိုင်တယ်။

 ဘကြီးကျန်းတို့ မြတို့ လိုက်စားတဲ့ ပညာက  သံသယကို တိုးတိုးပြီး ဖြေဖျောက်နိုင်စေတယ်။ တစ်ခုက သံသရာ ရဟတ်ကြီး စက်ရပ်သွားအောင် အာပေးတယ်။ တစ်ခုက သံသရာ စက်ရဟတ်ကြီး အရှိန်ပိုပြီးလည်အောင် အားပေတယ်။ အဲဒါကွာခြားတာပဲ၊ မြပြောတာ ဟုတ်- မဟုတ် ကိုကိုသိန်းကိုယ်တိုင် စဉ်းစားကြည့်လေ”
သိန်းအောင်သည် မြရီး၏ လေးနက်သော မျက်နှာထားကို ကြည့်ကာ စဉ်းစာနေလေ၏။

“ စဉ်စားလေ ကိုကိုသိန်း ကောလိပ်မသွားခင်က ဒီလောက အကြောင်းနဲ့ ပတ်သတ်ပြီးရှိတဲ့ သံသယနဲ့ အခု ကောလိပ်ရောက်ပြီးမှ ရှိတဲ့ သံသယ ဘယ်သင်းကပိုပြီး များသလဲ၊ ကြီးမားလာသလဲ။ လူတွေ ပညာရှာတယ်ဆိုတာ ကိုယ့်လုံးလုံးမသိတာတို့ တစ်ဝက်တစ်ပျက်သိတာတို့ကို ရှင်းရှင်း လင်းလင်း ကွင်းကွင်း ကွက်ကွက် သိအောင် ရှာကြတာပဲ မဟုတ်လား။ ကိုကိုသိန်း အခု ကောလိပ်ရောက်ပြီးမှ  ရှေးကထက်တိုးပြီး လောကသဘာဝကြီးကို နးလည်လာသလား ၊ ဒါမှမဟုတ် ရှေးကထက် တိုးပြီး အစဉ်းစာရ ကျပ်လာသလား”

မြရီ၏ အသံသည် လေးနက်စွာ စဉ်းစားနေသော သိန်းအောင်၏ နားအတွင်းသို့ တစ်လုံးချင်း ပြတ်သားစွာ ဝင်လေ၏။ ဘကြီးကျန်းနှင့် ၎င်း၏ စုတ်ပဲ့ပြတ် သတ်နေသော စာဟောင်း ၊ စာမြင်းတို့ အပေါ်တွင် မိမိထားခဲ့သည် ခိုင်မာသော ထင်မြင်ချက်တို့သည် တဖြည်းဖြည်း ကြိုးလျော့သော စေားကဲ့သို့ ပျော့ပျောင်း၍ လာလေ၏။

“ ကိုကိုသိန်းတို့ ပညာလဲ သေးငယ်တယ်လို့ မဆိုပါဘူး။ ဒါပေမယ့် မြ အထင် မှာတော့ သံသရာ နယ်ကြီးကို ချဲ့ပေးနေတာပဲ။ သံသယကို  မဖြေဖျောက်နိုင်တဲ့ အပြင် တိုးတိုးပြီးဖြစ်အောင် ဟိုလူက တစ်မျိုးပြော၊ ဒီလူက တစ်မျိုးဆိုနဲ့ ဘယ်တော့ သူတို့ သဘောညီညွတ်ကြတာ ရှိသလဲ။ ဒီနှစ်ထွက်တဲ့ စာအုပ်နဲ့ ရှေ့နှစ်ထွက်တဲ့ စာအုပ်ဟာ မတူတော့ဘူးလို့ ကိုကိုသိန်း   ပြေားဖူတယ်မဟုတ်လား။ ဒါဘာကြောင့်လဲ သူတို့ဟာ ယထာဘူတဆိုတဲ့ ဟုတ်မှန်တဲ့ ဥာဏ်ကို မရကြလို့၊ စမ်းတဝါးဝါးနဲ့ ရှာဖွေ စူးစမ်းနေကြရလို့  မဟုတ်လား။ မြတော့ ဗမာတွေ အင်္ဂလိပ်ကျောင်းတွေမှာ စာသင်တာဟာ ကိုယ်တတ်ပြီးသား သိပြီးသာဟာတွေ ဒါမှမဟုတ်လဲ ဗုဒ္ဓစာပေ ကျမ်းဂန်တွေထဲမှာ ပါနေလို့ လွယ်လင့်တကူ သိနိုင်တဲ့ဟာတွေကို သက်သက်စွန့်ပြီး မသိတသိနဲ့  လူတတ်လုပ်နေကြတဲ့ အင်္ဂလိပ်တွေရဲ့  တစ်ဝက်တစ်ပျက် ပညာတွေကို လိုက်နေကြတယ်လို့ ဆိုချင်တာပဲ။ မြ ပြောတာ ကိုကိုသိန်းအောင် သဘောမကျရင် မြကို စိတ်မဆိုးနဲ့နော် မြ စိတ်ထင် တာ ပြောမိတာပဲ။”

သိန်အောင်သည် အင်းမလုပ်၊ အဲမလုပ် ငြိမ်သက်စွာ နားထောင်နေရာမှ “ မြ ပြောတာ ဟုတ်တော့ ဟုတ်တာပဲ၊ဒါပေမယ့် ဒီလောက်တော့လည်း မဆိုးသေးပါဘူး။ ကိုကိုသိန်းတို့ တတ်သလောက် တတ်လို့  အခုဒီအတန်းထိပဲ ရောက်လာခဲ့ပြီးမဟုတ်လား”

“ ဟုတ်ပါတယ် မြလည်း စောစောကတည်းက ပြောထားသားပဲ၊ ဒါပေမယ့် မြ ဆိုလိုတာက ဒီအင်္ဂလိပ် စာတွေကို သင်လို့  ကိုကိုတို့ရဲ့ ကိုယ်ပိုင်ဥာဏ်ဟာ  ငြိမ်းလာသလား အဲတာပြောတာပါ”

သိန်အောင်သည် အဖြေရ ကျပ်လေ၏။ မိမိချစ်သူ၏ ရှေ့တွင် မိမိ သိမ်ငယ်သွားမည်ကို များစွာ စိုးရိမ်လာ၏။

“ကောင်းသင့်သလောက်တော့ ကောင်းတာပေါ့ မြရဲ့  ဘယ်အလကား ဖြစ်ပါ့မလဲ။
 မြ မယုံရင် စမ်းကြည့်ပါလား” ဟု စကားကို ပေါ့သွားအောင် ပြုံလျက် ပြောလေ၏။

“ မြ တစ်ခုမေးမယ် ကိုကိုသိန်းကို မယုံလို့မဟုတ်ဘူး။ ဒါပေမယ့် သိရအောင် ပြောကြည့်တာ၊ ကဲ- လူတစ်ယောက်ဟာ မနက် ခပ်စောစောက ရှစ်းပါသီလ ယူထားတယ်တဲ့။ နောက် မနက် ဆယ်နာရီလောက်ကျတော့ ငါးပါးသီလ သူများနဲ့ရောပြီး ယူလိုက်ပြန်သတဲ့။ ဒီတော့ သူဟာ ရှစ်ပါးသီလ ပျက်ကရောလား။ အဲဒီနေ့အဖို့ ဘယ်သီလ ထိမ်းသိမ်းတယ်ဆိုရမလဲ”

“ ဟာ ဒါအလွယ်ကလေးပေါ့ မြရာ။ မေးနေရသေးသလား။ ငါးပါးသီလကို နောက်ထပ်ပြီး ယူတယ်ဆိုပေမယ့် စင်စစ်တော့ ငါးပါးသီလဟာ ရှစ်ပါးသီလထဲမှာလဲ အပါအဝင်ဖြစ်ပြီးသားမို့ ရှစ်ပါး ဘယ်ပျက်မလဲ။  အင်္ဂလိပ်လိုတော့ ရှစ်ပါးသီထဲမှာ ငါးပါးသီလထဲ ထုံမွှန်း ( အကျုံးဝင်)
 ဖြစ်နေတာကလား”

“ အဲ လွဲပြီ ကိုကိုသိန်း လွဲပြီး။ ဒီလိုကြည့်ပြီး  လွယ်လွယ်ကူကူတွက်လို့ ရတာမျိုး မဟုတ်ဘူး။ ရှစ်ပါးသီလကို ပထမခံယူစဉ်က ရှစ်ပါးသီလကို ပေးသနား
 တော်မူပါလို့ တောင်းတယ်။ ဒီတော့ ရှစ်ပါးသီးလရတယ်။ နောက် ငါးပါးသီလ
ယူတော့ အဟံဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ  လို့ ငါးပါးသီလတော်ယူတယ်။

ဒီလိုငါးပါးသီလ  တောင်းယူပြီးနောက် ဒီလူအဖို့ စောစောက တောင်းထားတဲ့ ရှစ်ပါးသီလဟာ မရှိတော့ဘူး။ ငါးပါးသာရှိတော့တယ် မဟုတ်လား။ စဉ်းစားလေ စဉ်းစားရင် အမှန်အတိုင်း ပေါ်လာမှာပဲ။ အဲဒါမျိုးကျတော့ ဘကြီးကျန်းတို့ဟာ စဉ်းစားတောင် မနေဘူး။ တစ်ခဏချင်း ဖြေနိုင်တာပဲ။ ဒါကြောင့် မြအထင်မှာ ဘကြီးကျန်းတို့လို ပုဂ္ဂိုလ်မျိုးတစ်ယောက် ဒီမြို့ရှိတာဟာ တကယ့်တက္ကသိုလ် တစ်ခုကြီးပဲ။ အဲဒါကြောင့် သွားသွားပြီး ဆည်းပူးရတာပဲ။  အဲဒါကြောင့် ပညာအတွက် ကန်တော့ရတာ ကိုကိုသိန်းရဲ့ - ရှင်းပလား၊ ကိုကိုသိန်း စိတ်မကျေနပ်ရင် ဒီည ခပ်ခက်ခက်ပြဿနာတစ်ခုကို စဉ်းစားထာလေ။ မနက်ကျတော့ အိမ်ရှေ့ကူးပြီး မေးကြည့်ပါလား။ ဒိုခနဲ့ ဒက်ခနဲ့ တစ်ချက်မလွှဲအောင် ဖြေလိုက်လိမ့်မယ်”


နေ ထန်းတစ်ဖျားလောက်ရှိပြီဆိုလျှင် ဘကြီးကျန်းအား အိမ်ရှေ့ ကွပ်ပျစ်ကလေးပေါ်တွင် ဒူးတစ်ချောင်း ထောင်ပြီးထိုင်ကာ ဆီများရွှဲနေအောင် ဆမ်းထားသော ပဲပြုတ်ကလေး တဖြည်းဖြည်း ဝါးမြုံ့ရင် လက်ဖက် ရည်ကြမ်းသောက်နေသည်ကို တွေ့မြင်ရလေ၏။ မျက်စိနှစ်လုံးမှာကာ ၎င်း၏တစ်သက်တွင် အခါပေါင်း အရာထောင်မက ဖတ်ရှုသုံးသပ်ပြီးဖြစ်၍ ဟောင်းနွမ်းစုတ်ပြတ် လျက်ရှိပြီးဖြစ်သော စာအုပ်တစ်အုပ်ကို ဆာလောင်မွတ်သိပ်စွာ ဖတ်ရှုနေသည်ကို တွေ့မြင်ရပေ၏။

အိမ်ရှေ့ အိမ်ဝရန်တာကလေးမှ သိန်းအောင်သည်ကြည့်ကာ    ညကမိမိစဉ်စားထားသော ပြဿနာကို  မေးခြင်းအားဖြင့် အဘိုးကြီးအာ
 ချောက်ချာစေဦးလိုက်ရဦးမည်ဟု တွေးတောနှစ်သိမ့် နေလေ၏။ ထို့နောက် ဘုရားတင်ရန် ပင်းများကို ရေဆေးနေသော ညွန့်ဝေဘက်သို့ လှည့်ပြီးလျှင်…
“ ညွန့်ဝေ၊ ငါ အိမ်ရှေ့ အိမ်ကို ခဏသွားလိုက်ဦးမယ်” ဟု
 ပြောပြောဆိုဆိုဆင်း၍ သွားသောကြောင့် ညွန့်ဝေတွင် ယမန်နေ့ကပြောစကားများကို ပြန်လည်တွေးတောကာ ဘကြီးကျန်းအား မတော်မသင့် ပြုလုပ်ရန်များလာဟု ရင်ကလေးများခုန်လာသည့်တိုင်အောင် ပူပင်ကြောင့်ကြမိလျက် မိမိ အစ်ကိုကြီးအား မျက်တောင်မခတ် ကြည့်နေမိလေ၏။

သိန်းအောင်သည် ကွပ်ပျစ်ကလေးပေါ်သို့ ရောက်လေပြီး။ ဘုရား… ဘုရား..၊ ဘကြီးများ ထိုးလိုက်ကြိတ်လိုက် မလားဟု တွေးတောကာ မျက်လုံးကလေးများပြူးလျက် အိမ်ပေါ်မှတစ်ဟုန်တည်း ပြေးဆင်းလာခဲ့လေ၏။
ထိုနောက် မေားကြီးပန်းကြီးဖြင့်…“ အစ်ကိုကြီး… အစ်ကိုကြီး ဘာလုပ်မလို့လဲ”ဟု အသက်သော်မျှ မှန်အောင်မရှုနိုင်ဘဲ
 မေးလေရာ သိန်အောင်လည်း…
“ဟ… ညက စဉ်စားမိတဲ့ မရှင်းတဲ မေးခွန်းကလေးတစ်ခု ကို မေးမလို့ပါဟ၊ နင်းနှယ် စိုးရမ်ရန်ကော ၊ သွား…. အိမ်မှာ လုပ်စရာရှတာ လုပ်ချေ။ပြီး မနက် စာတော်ပဲပြုတ်ကလေး ကျန်သေးတယ် မဟုတ်လား။ ခွေးမကို အပို့ခိုင်းလိုက်၊ သွား..သွား” ဟု အေးအေားသာသာပင် ပြောသောကြောင့် မိမိကိုယ်ကို မယုံနိုင်အောင် ရှိကာသွားဆို၍သာ ပြန်ခဲ့ရသော်လည်း မည်သည့်မေးခွန်းကို မေးပြီး ဘကြီးကျန်းအား မည်သို့ ခွထိုးဦးမည်နည်းဟု များစွာ သိချင်မိလေ၏။

“ အင်း… လုံမကလေးကဖြင့် တော်ရှာပါပေကွ၊ တော်ရှာပါပေတယ်။  ကဲ… ဘကြီးကို ဘများမေးမလိုလဲကွယ့်၊ မလာစဖူး လာတာ”
“ မလာစဖူးလာဆို ဘကြီးကို ကျွန်တော်မေးစရာ တစ်ခုရှိလို့ပဲ”
“ အောင်မယ်၊ မင်းတို့လို ရန်ကုန်ပြန် အင်္ဂလိပ်စာတတ်တွေက တို့ အဘိုးကြီးတွေဆီများ မေးလား စမ်းလား လုပ်မယ်ဆိုတာ ဘကြီးတော့ မယုံကြည်ချင်ဘူးကွယ့်”

“မယုံချင်ပေမယ့် ကျွန်တော် မေးရအောင် ဒီရောက်နေပြီ မဟုတ်လား ဘကြီးရဲ့”
“ကိုင်း… မေးစမ်းပါဦးကွယ် ၊ မေးစမ်းပါဦး၊ ဒါပေမယ့် မေးဆိုတာက ဒီလိုရှိသေးတယ်ကွယ့် ၊ မသိလို့ မေးတောလား၊ ဘကြီး ဖြေနိုင် ၊ မဖြေနိုင် သိချင်လို့ မေးတာလား”

“ မသိလို့ မေးတောပေါ့ ဘကြီးရယ်”

“ အင်း မေတာတော့ ဖြေရတာပေါ့ကွယ်။ ဒါပေမယ့် မင်းတို့ အင်္ဂလိပ်စာပေနဲ့ တို့မြန်မာစာပေနဲ့ အယူအဆချင်းတော့ တယ်ပြီးတူမျှကြမှာ မဟုတ်လို့ တို့ပေးတဲ့ အဖြေကို မင်းကြိုက်ချင်မှ ကြိုက်မယ်ကွယ့်။ ဥပမာ ကလေးနဲ့ လူကြီး အလားတူ ရာဇဝတ်မှုတစ်ခု ကျုးလွန်တဲ့အခါ မင်းတို့ လောကီကြောင်းအရဆိုရင် မလိမ္မာသေးတဲ့ ကလေးအပြစ်ပေါ့ပြီး၊ လိမ္မာတဲ့လူကြီးက အပြစ်လေးမယ် ဒီလိုမဟုတ်လားကွယ့်”

“ ဟုတ်ပါတယ် ဒီအတိုင်းပါပဲ။ ဘကြီးတို့က ဒါကို ဘယ်လိုများ ဆိုချင်သေးလို့ပါလဲ”

“ အဲ ဘကြီးတို့ မြန်မာစာပေ ကျမ်းဂန် ဘက်ကတော့ ဒီလိုမဟုတ်ဘူးကွယ့် အမှုကျုးလွန်တဲ့နောရာမှာ ကလေးက လူကြီးထက် အပြစ်ကြီးသကွယ့်”
“ ဒီအယူကို ကျွန်တော် သဘောမကျနိုင်ဘူး ဘကြီး ၊ ဘယ်နည်းနဲ့မှ သဘောမကျနိုင်ဘူး။ ကလေးဆိုတာ ဘာမှ သိတာမဟုတ်ပဲကလား။  ဒီတော့ ဘယ်မှာ အပြစ်ကြိးနိုင်ပါ့မလဲ”

“ အဲ ဒီအယူအဆတွေပေါ် မှာမှီပြီး မောင်တို့ တရားဥပဒေ စီရင်ထုံးတွေလဲ လုပ်ထားလေတော့ ဘယ်မှာ လမ်းမှန်ကျတော့မလဲကွယ့်။ တရားဥပဒေမှာ ကလေးရယ်၊  လူကြီးရယ် ခွဲခြားခြင်းမပြုဘဲ အပြစ်ရဲ့ အဆောက်
အအုံကြီးခြင်းကိုပဲ ကြည့်ပြီး၊ ဆုံးဖြတ်စီရင်မှ အပြစ်အထိုက် အလျောက်ဖြစ်တော့ မပေါ့ကွယ့် မင်းစဉ်းစားလေ။ တရားဥပဒေဆိုတာ ပုဂ္ဂိုလ်ခွဲခြားနေရင် ဘယ်မှာ ဖြောင့်မတ် ညီညွတ်ပါတော့မလဲ။ ပုဂ္ဂိုလ်ခွဲခြားတယ်ဆိုရာမှာလဲ လူကပဲ လူကိုခွဲခြားတယ် မဟုတ်လားကွယ့်။ ဒီနေရာမှာ မင်တို့အယူအဆနဲ့ ကောင်းကောင်းကြီး ဆန့်ကျင်မနေဘူး လားကွယ့်”

သိန်းအောင်သည် ဘာမှပြန်၍ မပြောဘဲ ငြိမ်သက်စွာ စဉ်းစား၍ နေလေ၏။ ထိုအခိုက် ခွေးမသည် ပဲပြုတ် ဆီဆမ်းကိုလာ၍ ထည့်ပြီး ပြန်သွားလေ၏။
“ကဲ - ကဲ မင်း မေးချင်တယ်ဆိုတဲ့ဟာကို မေးစမ်းပါဦးကွယ် ကြားရအောင် ဘကြီးတို့ တတ်သလောက် မှတ်သလောက်တော့ ပြောရတာပေါ့”

“ ကျနော် မေးချင်တာကတော့ ငါးပါးသီလထဲမှာပါတဲ့ ကာမေသုမိစ္ဆာစာရ နေရာမှာ လင်ရှိမိန်းမ တစ်ယောက်က သူမှ လင်မရှိပါဘူးလို့ ပြောတာကို ယောက်ျားတစ်ယောက်က ယုံကြည်ပြီး တကယ့် အလွတ်အလပ်ထင်ပြီး ပေါင်းသင်းဆက်ဆံမိပါရော။ အဲဒီလို ပေါင်းသင်း ဆက်ဆံမိရာမှ ပရဒါရကံ လွတ် မလွတ်ပါပဲ”

“ဩော် - ပရဒါရကကံဆိုတာ စကားက မပြည့်စုံတတ်သေးဘူးကွယ့် ပရဆိုတာ သူတစ်ပါး ဒါရဆိုတာက မယား။ ဒီတော့ ပရဒါရကကံဆိုတာ သူတစ်ပါးမယားကံဆိုတာလောက်ပဲ ရှိသေးသကွယ့်၊ အင်း - မင်း အမေးကတော့ တော်တော် ကောင်းတဲ့  အမေတစ်ခုပဲ။ ခုကာလ လူငယ်တွေတယ်ပြီး သိချင်ကြလိမ့်မကွယ့်။ သိလဲ သိထိုက်သကွယ့်။ အင်မတန် အရေကြီးတဲ့ ပြဿနာကြီးကလား။ ကဲ ကဲ ဖြေရတာပေါ့။ မင်းမေးတဲ့ အမေးကို ကျမ်းဂန်အရ ဖြေမယ်ဆိုရင် အဲဒီ ယောက်ျားဟာ ပရဒါရကကံ မုချအားဖြင့် ထိုက်သကွယ့်"

“ဟာ… ဘကြီးရာ၊ ဘယ်အတွက်ကြောင့် ထိုက်ရမှာလဲ သူမှ မသိဘဲဟာ မိန်းမကိုယ်တိုင်က သူ့မှာ လင်မရှိပါဘူးလို့ ပြောနေတာပဲ။ ဒီတော့ ယောက်ျားက လွန်ကျုးမိမှာပေါ့။ တကယ်လို့ မိန်းမမှာ ယောက်ျားရှိမှန်းသာ သိမယ်ဆိုရင် ဘယ်ကျုးလွန်ပါ့မလဲ။ ခုလို မိန်းမက သူလွတ်လပ်ပါတယ်ဆိုလို့ ယူပြီး
 ပေါင်းသင်းမိတာတာတော့ ယောက်ျားမှာ ဘာမှမသိတာမို
့ ပြစ်ချက်မလွတ်ထိုက်ပေးဘူးလား ဘကြီး”

“ မလွတ်ဘူးကွယ် မလွတ်နိုင်ဘူး၊ မင်းပြောတာက ပါဏာတိပါတ သဘော ခပ်ဆန်ဆန်ပြောနေတာ။ ပါဏာတိပါတနဲ့ ကာမေသုမိစ္ဆာစာရဟာ သဘောချင်း မတူကြဘူး။ အဋ္ဌသာလိနီအဋ္ဌကထာမှာ ပါဏာတိပါတာ အင်္ဂါ  ငါးပါးပြပြီး ၊ ကာမေသုမိစ္ဆာစာရ အင်္ဂါကျတော့ လေးပါပြထားသကွယ့်။  ကာမေသုမိစ္ဆာစာရ အင်္ဂါလေးပါး ဆိုတာကတော့
(၁) အဂမနိယဝတ္ထု = မသွားလာ မလွန်ကျုးအပ်တဲ့ မိန်းမဖြစ်ခြင်း။
(၂) တသ္မိသေဝန စိတ္တံ = ထိုမိန်းမ၌ မှိဝဲလိုတဲ့ စိတ်ရှိခြင်း။
(၃)  သေဝနပယောဂေါ = မှိဝဲရန် လုံလ အားထုတ်မှုနှင့် ယှဉ်ခြင်း။
(၄) မဂ္ဂေမဂ္ဂပဋိပတ္တိ အဓိဝါသနံ = မဂ်တစ်ခုဖြင့် မဂ်တစ်ခုကို ကျင့်ရာ၌ သာယာတဲ့ စိတ်ရှိခြင်း။  အဲဒီ အင်္ဂါ လေးပါးညီညွတ်ရင် ကမ္မပထမြောက်တာပဲ။

 ပါဏာတိပါတမှာ ပါဏသည်သာ သတ္တဝါအမှတ် ရှိသည်လည်းဖြစ်စေလို့ ဆိုထားပါတယ်။ အဲသလို ကာမေသုမိစ္ဆာစာရမှာ အာဂမနိယဝတ္ထုသည်သာ အာဂမနိယဝတ္ထု ( မသွားလာအပ်သော မိန်းမဖြစ်စေ) ဆိုတဲ့ အင်္ဂါမပါဘူး။ ဒီတော့ အမှတ်သညာ မပြဋ္ဌာန်းတော့ဘူး။  ဆိုလိုရင်းမှာတော့ ဂမနိယ ( သွားလာအပ်တဲ့ မိန်းမ ) မှတ်ပြီး မှိဝဲသော်လည်း ဝတ္ထုမှာတော့ ကိုယ်ထင်သလို ဂမနိယ မဟုတ်ပဲ အဂမနိယ ( မသွားမလာ မလွန်မကျုးအက်တဲ့ မိန်းမ) ဖြစ်နေလို့ စင်စစ် အပြစ်မလွတ်ဘူးလို့ မှတ်ပေတော့။ ဘယ့်နှယ့်လဲ သဘောကျရဲ့လား။ ကျမ်းဂန်ရဲ့ အဆုံးအဖြတ်ကို”

“ အစ်ကိုကြီး ထမင်းစာရအောင်။ အေးတောင် ကုန်ပြီ” ဟူသော အသံကြား၍ လှည့်ကြည်လိုက်မှပင် ထမင်းစာချိန်ရောက်၍ ညွန့်ဝေ ထမင်းစား လာခေါ်
 နေသည်ကို သတိရကာ ထမည်ပြင်လေ၏။

“ မင်းလဲ စဉ်းစားဦးလေ။  သဘောမကျရင် လာမေးသေးတာပေါ့ကွယ်” ဟု အဘိုးကြီး ပြောလေ၏။

အိမ်သို့ရောက်၍  ထမင်းပွဲ၌ ထိုင်မိသည့်တိုင်အောင်  စကားတစ်စုံတစ်ရာ မပြော စဉ်းစားတွေးတော၍သာ နေသောကြောင့် ညွန့်ဝေလည်း မျက်နှာရိပ်မျက်နှာကဲကို ခတ်ကာ -

“ အစ်ကိုကြီး - ဘယ့်နှယ့်လဲ။  ဘကြီးကို ဘယ်လိုသဘောရသလဲ။ အစ်ကိုကြီးတို့ ကောလိပ်က ဆရာတွေနဲ့ ဘယ်နှယ်နေသလဲ။  ကျွန်မလည်း မမြရီပြောမှ သိတော့တယ်။ မမြရီ ခုနမှပြန်သွားတယ်။ အစ်ကိုကြီးကို လာစောင့်နေတယ်။ နောက်တော့ မစောင့်နိုင်တာနဲ့ “ ကဲ - လာရင် အိမ်ဘက်လာပါဦးလို့ ပြောလိုက်ပါဆိုပြီး” ထွက်သွားတယ်။ ထမင်းမြန်မြန်စားပြီး လိုက်သွားလေ။ တော်တော်ကြာ မမမြရီက စိတ်ဆိုးနေဦးမယ်”

သိန်အောင်သည် ထမင်လုပ်ကို ပါစပ်ထဲသို့သွင်းမည်လုပ်ပြီးမှ မသွင်းသေးပဲ။ “ တယ်.. ဒီကောင်မလေးက နောက်တီးနောက် တောက်” ဟု ငေါက်သလိုပြောကာ ဟန်နှင့်၊ ပန်နှင့် စားနေလေ၏။ ညွန့်ဝေကား ဘကြီးကျန်းအိမ်သို့ တစ်နေ့ ဟင်းတစ်ခွက် မှန်မှန်ကြီး ပို့ရတော့မည်ဖြစ်၍ ယောက်မလောင်း မမြရီကိုပင် စိတ်ထဲမှာ ကျေးဇူးတင်၍ နေလေ၏။
                                                                                                                  ရွှေလင်းယုန်  ၁၉၃၉- ခု

No comments:

Post a Comment