Tuesday, March 27, 2012

မအိုသေးတဲ့သူ အပျိုလေးနဲ့တူ.....


 ဟိုင်း.. မမလေး.. “သိပ်လန်းနေပါလား?..မတွေ့ရတာကြာပြီနော်၊ မမလေးကတော့ အရင်းအတိုင်ပဲ လှမြဲလှနေတာပဲ၊  ကျမတော့ အလုပ်ကိစ္စ..သား၊သမီးကိစ္စတွေနဲ့ ရှုပ်လို့ ဘုန်းကြီးကျောင်းတောင် မရောက်တာကြာပြီ မမလေးရဲ့..  ။ ဒီကြားထဲ ကိုယ်တိုင်းလည်း ကျန်းမာရေးသိပ်မကောင်းဘူး။  တခါ တလေ အအေးမိသလိုလို ၊ တခါခါကြတော့လည်း ကိုယ်လက်တွေ ထုံကျဉ်သလိုလို ၊ မကြာကြာ နှာစီး၊   ချောင်းဆိုး   တွေ ဖြစ်တယ်မမရဲ့။ အချိုကတော့ ပြောကြတာပဲ Allergies” တဲ့။ ကနေဒါနေလို့ “ Allergies” မဖြစ်ဘူးဘူး ဆိုရင်  ကနေဒီယန်မစစ်ဖူးလို့တောင် ပြောနေကြတယ်မမလေးရဲ့။ မမလေး ဘာဆေးကောင်း ဝါးကောင်းတွေများ မှီဝဲနေလို့ ခုလို နုပျိုလန်းဆန်းနေတာလဲ မမလေး။

ညီမရယ်.. မြန်မာစကားရှိသားပဲ.. “မအိုသေးတဲ့သူ.. အပျိုးလေးနဲ့တူ”တဲ့။ နောက်ရှိပါသေးတယ် .. "စိတ်ထောင်း တော့ကိုယ်ကြေ၊ စိတ်ပျိုတော့ ကိုယ်နု" ဆိုတာလေ။  စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့   လောဘ၊ ဒေါသတွေ နည်းပြီး နေမယ်ဆိုရင်.. ဆေးကောင်း၊ ဝါကောင်းမလိုပါဘူး ညီမရဲ့ ၊ မကြာမကြာ နှာစီး ချောင်းဆိုးတာ၊ ခေါင်းတွေမူးတတ်တာ၊ အအေးမိသလိုခံစားရတာဟာ စိတ်တွေ ပင်းပန်းလွန်းလို့ပေါ့၊  ဒီနိုင်ငံ အပြောအရတော့ “Stress” ပေါ့ ညီမရဲ့။

မမကလည်း တယ်ဟုတ်ပါလား တရားတွေတောင် ရလို့ပါလား။ ညီမကိုလည်း နေနည်း ထိုင်နည်းလေး လမ်းညွှန်စမ်ပါဦး။  အင်း...ဘုန်းကြီးကျောင်းရောက်နေမှတော့ “စတော်စာချ ၊မိချောင်းမင်း ရေခင်းပြလို” ဖြစ်နေပါဦးမယ်။ ဘုန်းဘုန်းကိုသာ မေးလျှောက်ပါတော့ ညီမရယ်။

အထက်ပါစကားမှာ  ပြီးခဲ့တဲ့လက ဗုဒ္ဓရံသီနိဗ္ဗာန်ဈေးကိုလာကြတဲ့   မြန်မာဓမ္မမိတ်ဆွေးများ   ပြောကြ ၊ဟောကြတဲ့ စကားသံပါပဲ။

ဟုတ်ပါတယ်…။

စိတ်နဲ့ခန္ဓာကိုယ်ကို အနားပေးပါ

တိုးတက်တဲ့နိုင်ငံတွေမှာ.. အပြိုင်အဆိုင်..နင်လား ငါလား အလုပ်တွေလုပ်ကြရတော့ အချိန်မှန်မှန် မစားရ၊ အချိန်မှန်မှန်မအိပ်ရနဲ့။ တချို့ဆို ညပိုင်းမှာ အလုပ်လုပ်ကြရလို့ နေ့မှာ ကြောင်ကြောင်တောင်တောင်လေတွေ နဲ့ စက်ရုပ်နဲ့ ထူးမခြားနားပါပဲ။



တက်ကနော်လောဂျီတွေ( Technology) တိုးတက်လာတာနှင့်အမျှ မိသားစု လိုအပ်ချက်တွေကလည်း သိပ်များသား။ ဒါတွေ အမှီ လိုက်နိုင်ဖို့ နေ့ကော ညကော ငွေရအောင် ရှာရပါတော့တယ်။ ဒီတော့ ရုပ်နှင်နာမ်နဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ် ကြီး ကြာရှည်မခံနိုင် stress လို့ခေါ်တဲ့ စိတ်ဖိစီး မှုတွေဖြစ်လာ ရပါတယ်။

Stress တွေများလာတာနဲ့အမျှ  အအေးမမိဘဲနဲ့ အအေးမိသလို၊ ကိုယ်လက်တွေ ထုံကျင်လာတတ်တယ်၊   ခေါင်းတွေ မူးလာတတ်တယ်၊ ရင်ဘတ်တွေ အောင့်လာတတ်တယ်၊   နှာစေး၊ ချောင်းဆိုး အကုန်ဖြစ်လာ တတ်ပါတယ်။

မြတ်ဗုဒ္ဓကတော့ ဒါတွေအားလုံးဟာ ဓာတ်ကြီးလေးပါး ဖောက်ပြန်လို့တဲ့။ ဓာတ်လေးပါး ညီညွတ်ရင် ဘာဆေးမှ သောက်စရာမလိုပါဘူး။

အဲဒီစိတ်ဖိစီးမှုတွေကြောင့် မိသားစုမှာ အဆင်မပြေတာတွေ၊ အမြဲတန်း စိတ်ထဲမှာ မကြည်လင်တာ   တွေဖြစ်ပြီး .. ရုပ်တွေ အိုစာသွားတတ်ပါတယ်။ ယခုခေတ် ဆေးဆရာဝန်တွေက .. ပိုးကြောင့်ဖြစ်တဲ့   ရောဂါတွေ မဟုတ်ရင် စိတ်နဲ့ ကုလို့ ရတယ်လို့တောင် ပြောနေကြပါပြီ။ 

 ဒါကြောင့် ဆရာဝန်တွေ ဆေးထိုးခြင်း ၊ ဆေးစားခြင်းတို့ကို ဦးစားမပေး ကြတော့ပဲ။ “ကြိုတင်ကာကွယ်ခြင်း သည် ကုသခြင်းထက် ကောင်း၏” ဆိုကာ နေနည်း၊ ထိုင်းနည်း စာသောက်နည်း တွေကိုပဲ လမ်းညွှန်လာ ကြပါတယ်။

ဆရာဝန်တွေ ညွှန်ကြားတဲ့နည်းကတော့ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကတည့်က မြတ်စွားဘုရားက ညွှန်ကြားထားပြီးသားပါ..။ စိတ်တွေ အေးချမ်းဖို့ အသက်ရှုလေ့ကျင့်ခန်း အာနာပါနလုပ်ရပါမယ်တဲ့။

အသက်ရှုလေ့ကျင့်ခန်း လုပ်တဲ့အခါမှာလည်း လေကောင်း လေသန့်ရမယ့် တိတ်ဆိတ်တဲ့နေရာဖြစ်ရမယ်၊ ဣရိယာပုတ် မျှတအောင် လေ့ကျင်းခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်းတို့လုပ်ဖို့   မြတ်စွာဘုရား ညွှန်ကြားထားပြီးသားပါ။ 

ဒါကြောင့် မိမိခန္ဓာကိုယ် အမြဲလှပနေစေဖို့ စိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာ အေးအေးဆေးဆေးဖြစ်ဖို့ ဘုရားတရားတွေနဲ့ တည်တည်ကြည်ကြည်နေသွာကြမယ်ဆိုရင်…"မအိုသေးတဲ့သူ  အပျိုလေးနဲ့တူ " ကြမှာပေါ့ဗျာ….။

သူတော်ကောင်း တရားများဖြင့် ဘဝလှပနိုင်ကြပါစေ….

No comments:

Post a Comment