အချစ်ရဲ့ ပဟေဠိတွေ ၊မောင် အားလုံးလိုလို ဖြေဆိုနိုင်ခဲ့သည်။
အချစ် ကြိုက်တတ်သော ရေမွှေး၊
အချစ်ကြိုက်တတ်သော အရောင်. ..
ယုတ်စွအဆုံး.. အချစ်စီးနေကျ ဖိနပ် နံပါတ်ကိုတောင်
မောင်အလွှတ် ရနေပြီးသား။
ဒီနေ့နံက်တော့ သက်သက်သာသာ အိပ်ရာမှ နောက်ကျမှ ထဖြစ်ခဲ့သည်။ စနေနေ့ နံက် အလုပ်နားသည် မဟုတ်ပါလား..။
သားသမီးများနဲ့ အတူနေတုန်းကတော့ ဖခင်တစ်ယောက် အနေနဲ့ စောစောထ၊ စားစရာ ပြင်ဆင်ရ၊ သားနှင့်သမီးအတွက် ရေကူးသင်တန်း၊ စကိတ်သင်တန်း ပို့ပေးရ စသည်ဖြင့် အလုပ်ရှုပ်ခဲ့ရသည်။ သားကြီးက Basketball ထူးချွန်လို့ စနေနေ့တိုင်း သင်တန်း ပို့ပေးရသည်။
ယခုတော့ မောင် တစ်ယောက်တည်း နံက် (၈)နာရီကျော်မှ အိပ်မှ ထဖြစ်ခဲ့သည်။ မောင်.. အိပ်ရာမှထ၍ ပြတင်းပေါက်မှ လိုက်ကာ ဖယ်ပြီး အဝေးကို လှမ်းကြည့်လိုက်တော့ .အိမ်ရှေ့ တချို့သစ်ပင်တွေပေါ်မှာ စနိုးတွေ ဖွေးဖွေးလှုပ်လို့ မြေပြင်မှာကော.. စနိုးတွေဖွေးဖွေးလှုပ်လို့.. စနေနေ့နံက်ခင်းကတော့ တိဆိတ် ငြိမ်သက်ခြင်းဖြင့် မောင့်ကို ကြိုဆိုလိုက်သည်။
မောင် ညက ဘယ်လောက်အိပ်မောကျသွားသည်မသိ၊ စနိုး ကျတာကိုပင် မသိလိုက်.. နံက် အိပ်ရာထမှ သထိထားမိသည်…။ ဖြူဖြူဖွေးဖွေး စနိုးတွေမြင်တော့ အတိတ်က အရိပ်များဖြစ်တဲ့ မောင်နဲ့ အချစ်တို့ ရည်စား ဘဝကို ပြန်လည် မြင်ယောက်လာမိသည်။ ဖြူဖြူဖွေးဖွေး စနိုးပွင့်လေးတွေက အချစ်ကြိုက်တတ်သော ဖြူဖြူဖွေးဖွေး စပါယ်လေးတွေနှင့် တူနေတာကို။
ရည်းစား ချစ်သူတွေ ဘဝတုန်းကတော့ အချစ်ရဲ့ ပဟေဠိတွေ ၊မောင် အားလုံးလိုလို ဖြေဆိုနိုင်ခဲ့သည်။ အချစ် ကြိုက်တတ်သော ရေမွှေး၊ အချစ်ကြိုက်တတ်သော အရောင်. ..ယုတ်စွအဆုံး.. အချစ်စီးနေကျ ဖိနပ် နံပါတ်ကိုတောင် မောင်အလွှတ် ရနေပြီးသား။
+++
အချစ် မှတ်မိမယ်ထင်ပါတယ်.. အချစ်က နယ်က ရန်ကုန်တက္ကသိုလ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ မောင်တို့နဲ့ စတွေ့ဖြစ်ခဲ့တယ်လေ။ မောင်တို့က ရန်ကုန် နယ်ခံဆိုတော့ အချစ်ကို အစစအရာရာ ကူညီရင်းနဲ့ ခင်မင်မှုမှစလို့ ရည်စား ဖြစ်ခဲ့ကြတယ်မဟုတ်လား။
အချစ်ရဲ့မွေးနေ့ ရွှေတိဂုံစေတိတော်ကြီးမှာ နှစ်ယောက်အတူသွားတော့ မောင်က အချစ်ကို စပါယ်ပန်း သုံးကုန်း ဘုရားလှူဖို့ပေးတော့.. အချစ်က .. “မောင်က ကျွန်မ အကြိုက်ကို သိနေတယ်နော် မောင်ဗိုက်ထဲမှာ ပုဏ္ဏားလေးများ ရှိနေရော့လားတဲ့” ။
+++
အဲဒီတုန်းက အချစ် ပြောခဲ့ဘူသည်..“ကျွန်မက ဖြူဖြူဖွေးဖွေး အနံ့မွေးတဲ့ စပါယ်ပန်းကို သိပ်ကြိုက်တာတဲ့” မောင် ယခု စနိုးတွေ တွေ့ရတော့ အချစ်ရဲ့ စကားသံတွေကို သတိရလိုက်တာ..။ ပြီးတော့ အချစ်က ပြောသေးတယ် .. “ဆူးပါတဲ့ နှင်းဆီကို မကြိုက်ပါဘူးတဲ့.. အနံ့လည်း မမွှေးဘူး၊ အရောင်ကလည်း ရင့်ရင့်နဲ့ မာနရဲ့ အငွေအသက်တွေ လွှမ်းနေသလိုပဲတဲ့။ စပါယ်ကတော့ မွှေးလည်း မွှေးတယ် အေးလည်းအေးတယ်၊ ဖြူစင်သန့်ရှင်း မာန်မာနကင်းခြင်းကို ကိုယ်စာပြုနေတယ်တဲ့” ..။ အချစ်ရဲ့ စကားတွေ မောင် ယခုထိ မှတ်မိနေဆဲပါ။
ီနောက်ပိုင်းမှာတော့ အချစ်ရဲ့ မွေးနေ့တိုင်း ဘုရားမှာ ဖြူဖြူဖွေးဖွေး စပါယ်ပန်းလေး တွေကို အတူတူ လှူဖြစ်ခဲ့ကြတယ်လေ။
ချစ်သူဘဝမှ တဆင့်… အတူနေဖို့ ဆုံးဖြတ်ခဲ့ကြတော့ မောင်တို့ အခက်အခဲတွေ အများကြီး ကျော်လွှားခဲ့ရသည်။
++++
မောင်တို့ အမျိုးစဉ်ဆက်က မိဘတွေ ပေးစာတာကို လက္ခံခဲ့ကြတာပါပဲ။ မောင့် အထက်က အစ်ကိုဆိုလည်း ကိုယ့်ဆွေ ကိုယ်မျိုးထဲက သမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့တယ်. ကိုယ့်အောက်က ညီမလေးဆိုလည်း ကိုယ့် အသိုင်းအဝိုင်းထဲက သားတစ်ယောက်နဲ့ အိမ်ထောင် ပြုခဲ့ကြတယ်လေ။ ယခုတော့ အစ်ကိုတို့မိသားစု၊ ညီမလေးတို့မိသားစုကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ သိပ်ကြည်နူးစရာပါပဲ။
မောင်ကတော့ ဒီလမ်းစဉ်ကို မလိုက်ပဲ အချစ်ကိုပဲ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ် ခဲ့တယ်လေ။ အချစ် မှတ်မိမယ်ထင်ပါတယ်.. “အချစ်.. တို့နှစ်ယောက် လက်ထပ်ကြရင်တော့ .. မိဘတွေက ဘဘောတူမယ် မထင်ဘူး.. ဒါပေမယ့် မောင်နားဝင်အောင် ပြောကြည့်မယ်လို့” ပြောတော့ အချစ်က.. “မောင်ရယ်တဲ့.. သဘောတူတာ မတူတာ အရေးမကြီးပါဘူး.. အချစ်က တကယ်ချစ်ဖို့ပဲ.. လိုပါတယ်” တဲ့.. မောင်က အချစ်ကို ပစ်သွားပြီး ဟို.. အဝေးတနေရာကို ရှောင်ပြေးသွားမှာကိုပဲ စိုးရိမ်မိပါတယ်” တဲ့။ အဲဒီတုန်းက အချစ်ပြောတဲ့ ဟို..အဝေးတနေရာကို ရှောင်ပြေးသွားမှာကို စိုးရိမ်မိပါတယ် ဆိုတာကတော့ မောင့်ရဲ့ ဆွေမျိုးမိတ်ဆွေတွေက နိုင်ငံခြားမှာကို မောင့်အထက်က အစ်ကိုတစ်ယောက်ဆိုလည်း နိုင်ငံခြား ရောက်နေပြီး မဟုတ်လား။
ဒီတော့ မောင်က .. “အချစ်ရယ်.. တစ်ယောက်ထည်းတော့ ဘယ်သွားမလဲ ဟောဒီ အချစ်လေးနဲ့ပေါ့ အချစ်ကို ဘယ်တော့မှ ခွဲမသွားပါးဘူး” ဆိုတော့ ..အချစ်က..စိတ်ကောက်ဟန်နဲ့.. “သွားမယုံဘူး”တဲ့ လက်သီးနဲတောင် ထုလိုက်သေး။
နောက်များမကြာမှိမှာပဲ.. ကျောင်းတွေပြီး ဘွဲ့တွေရတော့ မြန်မာပြည်မှာလည်း အလုပ် မယ်မယ်ရရ မရှိတော့ အချစ် ပြောတဲ့အတိုင်း မောင် နိုင်ငံခြားကို အလုပ် သွားလုပ်ခဲ့သည်။ အချစ်နဲ့ မိုင်းပေါင်း ကုဋေကုဋာ ဝေးကွာတဲ့ ရေခြား မြေခြားမှာ နေရပေမယ့် မောင့်ရဲ့ စိတ်တွေ ဆန္ဒတွေကတော့ အချစ်နားမှာပါပဲ။
+++++
များမကြာမီမှာပဲ အလုပ်အကိုင်ဆင်ပြေလို့ မိဘတွေရဲ့ ဆန္ဒကိုလွန်ဆန်ကာ အချစ်ကိုလက်ထပ်ပြီး နိုင်ငံခြားကို ခေါ်လာခဲ့သည်။ အဲဒီတုန်းက မိဘတွေက.. အချစ်နဲ့တော်တော်ကြာ ရင်းနှီးမှု မရခဲ့ပါဘူး။ နောက်ဆုံးတော့လည်း မြေးလေးတွေ မြင်ရတွေ့ရတော့ မိဘ ဆွေမျိုးအသိုင်းအဝိုင်း အချစ်ကို ကျေကျေနပ်နပ်ပဲ လက်ခံခဲကြတာပဲမဟုတ်လား။ ဒီအချက်ကပဲ အချစ်.. စိတ်အနှောက်အယှက် ဖြစ်ရော့သလား မစဉ်းစားတတ်ပါ။ အချစ်ကိုယ်တိုင်က ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း မဆွေးနွေးဖြစ်ခဲ့ဘူးလေ..။
အော်… လူတွေ.. လူတွေ..အခက်သား.. ပညာတတ်ကြပေမယ့် အသိမရှိကြဘူးလေ.. လူတန်းစားခွဲခြားမှု၊ အဆင့်အတန်း ခွဲခြားဆက်ခံမှု၊ စသည့်ကတော့ နေရာတိုင်းမှာ ရှိနေတာပါပဲ၊ ကိုယ့်မိဘတွေက ဗုဒ္ဓဘာသာဖြစ်ပေမယ့် ဗုဒ္ဓရဲ့ တရားသဘောကို တကယ် နားမလည်ပါ။ ဗုဒ္ဓဘာသာကိုတော့ ကိုးကွယ်ယုံကြည်ပါတယ်၊ သို့သော်ငြားလည်း ဗုဒ္ဓရဲ့ ကံ၊ ကံ၏အကျိုးတရားတွေ၊ လူသားချင်းစာနာ ထောက်ထားမှုတွေ၊ မေတ္တာတရားတွေ ကရုဏာတရားတွေ တကယ် မထားနိုင်ကြဘူးဆိုတာ မောင် သဘောပေါက်ပါတယ်။ ဒါကတော့ မောင့် ..ဆွေမျိုး အသိုင်းအဝိုင်းရဲ့ အားနည်းချက်ပါ။
++++
သို့သော်ငြားလည်း မောင်နဲ့အချစ်တို့ အန္တရာယ်အားလုံးကို ကျော်လွှားပြီး နိုင်ငံခြားမှာပဲ အချစ်အိမ်ကလေး တည်ဆောက်ခဲ့ပြီ မဟုတ်ပါလား။ အဲဒီတုန်းက မောင်ရော အချစ်ပါ.. ဘယ်သူ..မချစ်ချစ် တို့နှစ်ယောက် ချစ်ရင်ပြီးတာပဲ ဆိုပြီး တူနှစ်ကိုယ် အချစ်တိုင်းပြည်လေး တည်ဆောက်ခဲ့ကြတယ်လေ..။

No comments:
Post a Comment