ယနေ့ခေတ် သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိချက်အရ “ကမ္ဘာကြီးဟာ(Global warming) ပူနွေးလာပြီး ရေခဲတောင်များ ပြိုဆင်းကာ ပင်လယ်ရေများ မြင့်တက်လာ၍ ရေကြီးခြင်း စတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်နိုင်တယ်”ဟု ခန့်မှန်းနေကြပါတယ်။ ဘာကြောင့်လည်းလို့ အကြောင်းတရားရှာတော့ အကြင်နာကင်းမဲ့သော စိပွားရေးသမားများတို့၏ စက်ရုံကြီးများမှ ထွက်သော Carbon dioxide များလေထုထဲမှာ များနေလို့ပါတဲ့၊ ဒါကြောင့် လူသားများနေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ A greenhouse လိုဖြစ်နေပါပြီ။ လူသားတွေဟာ မှီရာ တည်ရာဖြစ်တဲ့ ကမ္ဘာမြေကြီးမှာ တည်နေရပြီး လူသားများသာယာလှပစေဖို့အတွက် သဘာဝစွမ်းအားတွေက မယှဉ်သော ( ဝိပ္ပယုတ္တ) သဘောဖြင့် ကျေးဇူးပြုနေကြပါတယ်။ လူလောက သာယာ လှပစေချင်ရင် ကမ္ဘာမြေကြီးကိုလည်း ကြင်နာတတ်ဖို့လိုပါတယ်။ ကမ္ဘာမြေကြီးနှင့်လူသားလောကဟာ သီးခြား သပ်သပ်စီ ဖြစ်နေပေမယ့် အပြန်အလှန်ကျေးဇူးပြုနေပါတယ်။
မှီရာဝတ္ထုရုပ်များကို တည်မှီကာ အာရုံများကို အာရုံပြု၍ နာမ်တရားတို့ဖြစ်ခြင်း၊ နာမ်တရားတို့ စွမ်းအားကြောင့် ရုပ်တရားများက တည်တံ့ခိုင်မာခြင်းများကို ဝိပ္ပယုတ္တပစ္စယောဟု ဟောတော်မူပါတယ်။
သက်ရှိလောက၌ မျက်စိ နှား နာ လျှာ ကိုယ် ဟဒယဝတ္ထု ဟူသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာ အစိတ်အပိုင်းများကို အမှီပြု၍ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ တွေးစရာဟူသော အာရုံ ရုပ်နာမ်တရားတို့ကို အာရုံပြုကာ စိတ် စေတသိတ်ဟူသော နာမ်ခန္ဓာ အသိတို့ဖြစ်ပေါ်လာရပါတယ်။ ထိုနာမ်ခန္ဓာတို့၏ စွမ်းအားကြောင့်ပင် ရုပ်တရားတို့ မပြိုမလဲ တောင့်တင်းခိုင်မာ အင်အားရှိ သန်မာကြပါတယ်။ ထိုကဲ့သို ရုပ်တရားနှင့် နာမ်တရား တပါးနှင့် တပါး အမှီသဟဲပြုကာ ဖြစ်တည်နေကြသော်လည်း ရုပ်သဘောနှင့် နာမ်းသဘောဟာ ရောစပ်ခြင်းမရှိပါ၊ ရုပ်က ရုပ်သပ်သပ် နာမ်က နာမ်သပ်သပ်ဖြစ်ပါတယ်။ သဘာဝမတူသော တရားနှစ်မျိုးတို့ အပြန်အလှန် ကျေးဇူးပြုကာ အကြောင်းအကျိုးဖြစ်နေကြခြင်းသာဖြစ်ပါတယ်။
လျပ်စစ်မီးကဲသို့ ဖိုဓာတ် ၊ မဓာတ်တို့ပေါင်းစပ်မှ အလင်းရောင်ထွက်လာခြင်းသည် သီးခြား သပ်သပ်စီဖြစ်နေသော ဓာတ်နှစ်ခု ပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုလိုက်ခြင်းဖြစ်ပါတယ်။
မျက်စိဖြင့် ကြည့်၍ မြင်သည် ဟူရာဝယ် မျက်စိသည် ရူပါရုံ အဆင်းဓာတ်ခိုက်မှု အာရုံထင်မှုကို လက်ခံသော အခံဓာတ်သာဖြစ်၍ မမြင်နိုင်ပါ။ ထိုမျက်စိကိုမှီ၍ ဖြစ်သော မြင်သိစိတ်ကသာ မြင်နိုင်ပါသည်။ မျက်စိရှိတိုင်း မမြင်နိုင်။ မျက်စိက သပ်သပ်၊ မြင်သည်က သပ်သပ်ဖြစ်သည်။ ကြည့်မြင်သည့်အလုပ်ကို နှစ်မျိုးတွဲ၍ လုပ်ကြသော်လည်း ထိုနှစ်မျိုးက ရောစပ်မသွားပါ။ သီးခြားစီသာဖြစ်ပါတယ်။
“ချဉ်စပ်ဟင်း” ကဲ့သို့ အချဉ်နှင့်အစပ် ပေါင်းစပ်ပြီး ဟင်းတစ်ခွက်ဖြစ်လာသော်လည်း အရသာမှာ ချဉ်တာက သပ်သပ်၊ စပ်တာက သပ်သပ်ဖြစ်၍ ရောတော့ ရောသည် အစပ်တည်းဖြစ်မသွားခြင်းကို ဝိပ္ပယုတ္တပစ္စယော ဟု ဟောတော်မူပါတယ်။
ဝိပ္ပယုတ္တပစ္စယော ကို သဘောပေါက်၍ ကိုယ်နှင့် စရိုက်ခြင်း မတူသော်လည်း လုပ်ငန်းတူ လုပ်တဲ့အခါမှာ မရောမယှက် သပ်သပ်စီ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြပါစေ..။
No comments:
Post a Comment